Articles
မြန်မာ့နွေဦးတော်လှန်ရေးမှ တိုက်ခိုက်ရေးသမားမဟုတ်သည့် အမျိုးသမီးများ
လွန်ခဲ့သော တစ်နှစ် က
စစ်အာဏာရှင်ဆန့်ကျင်သည့် ခုခံမှုများတွင် ၎င်းအမျိုးသမီးတို့၏ အခန်းကဏ္ဍသည် အရေးပါသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြပေ။
၎င်းအမျိုးသမီးတို့သည် မြန်မာတွင် အာဏာရှင်ကို တိုက်ခိုက်ရန် သေနတ်မကိုင်ထားကြပေ။ မောင်းပြန် သေနတ်ကိုင် အမျိုးသမီးတိုက်ခိုက်ရေးသမားများနှင့် မတူညီဘဲ ခုခံကာကွယ်ရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍကို သတိပြုမိသူနည်းပါးသည်။ သို့သော် ၎င်းတို့မှာ မြန်မာစစ်အာဏာရှင်တို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်ယန္တရားကို ထိန်းသိမ်းထားပေးသည့် ရှုပ်ထွေးသော စက်ကိရိယာထဲမှ အရေးအကြီးဆုံးသော ခွေးသွားစိပ် များတွင် ပါဝင်ကြသည်။
မြန်မာ့နွေဦးတော်လှန်ရေးမှ လက်နက်မကိုင်သည့် အမျိုးသမီးအမှုထမ်းများ၏ အရေအတွက်သည် စစ်အာဏာ ရှင်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့်ကဏ္ဍမှ အမျိုးသမီးများထက် ပိုမိုများပြားသည်။ ၎င်းတို့သည် ခုခံကာကွယ်ရေးစခန်းများ၏ အတွင်းဘက်တွင်လည်းကောင်း၊ ပြင်ပတွင်လည်းကောင်း၊ မြန်မာနိုင်ငံတွင်းတွင် လည်းကောင်း၊ ပြည်ပတွင်လည်းကောင်း ကဏ္ဍမျိုးစုံမှ အန္တရာယ်ရှိသည့် လှုပ်ရှားမှုများကို စစ်ဆေးသိရှိခြင်းမှ ရှောင်ရှားနိုင်အောင် တိတ်တဆိတ်လုပ်ဆောင်နေကြသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီထောက်ခံလှုပ်ရှားမှုတွင် ခန့်မှန်းခြေ အမျိုးသမီး ၆၀ ရာခိုင်နှုန်းပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက The Diplomat နှင့် အွန်လိုင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်
မြန်မာနိုင်ငံ ဒီမိုကရေစီထောက်ခံလှုပ်ရှားမှုတွင် ခန့်မှန်းခြေ အမျိုးသမီး ၆၀ ရာခိုင်နှုန်းပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက The Diplomat နှင့် အွန်လိုင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။
၎င်းပါဝင်မှုမှာ တိုက်ခိုက်ရေးနှင့် တိုက်ခိုက်ရေးမဟုတ်သည့် ခုခံကာကွယ်ရေးအားထုတ်မှု နှစ်ခုလုံးတွင် ဖြစ်သည်။
"နွေဦးတော်လှန်ရေးမှာ အမျိုးသမီးအများအပြားဟာ တိတ်တဆိတ်ပါဝင်နေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခန်းကဏ္ဍဟာ စခန်းတွေမှာ ချက်ပြုတ်ရေး၊ မှတ်တမ်းထိန်းသိမ်းရေး၊ ဆေးဝါးနဲ့ သင်ကြားရေးတို့လို အရေးကြီးတဲ့ အခန်းကဏ္ဍတွေဖြစ်ပြီးတော့ တိုက်ခိုက်ရေးအမျိုးသမီးတွေနဲ့ ကွာခြားပါတယ်။ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေမှာလည်း အမျိုးသမီးငယ်တွေ အများကြီး ပါဝင်နေကြပါတယ်။” ဟု NUG ဝန်ကြီးက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီနှင့် မတ်လအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း The Diplomat ဆောင်းပါးရှင် သွားလာခဲ့စဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO)၊ အသစ်ဖွဲ့စည်းဖြစ်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များ တွင် ပါဝင်နေကြသည့် တိုက်ခိုက်ရေးနှင့် တိုက်ခိုက်ရေးမဟုတ်သည့် အမျိုးသမီးများကို တွေ့ရှိခဲ့သည်။
မှတ်တမ်းထိန်းသိမ်းသူများ၊ ချုပ်လုပ်ရေး၊ ချက်ပြုတ်ရေးနှင့် အိမ်ထိန်းသိမ်းစောင့်ရှောက်ရေးပြုလုပ်သူများ
ချင်းအမျိုးသားတပ်ဦး၏ ရုံးချုပ် ဗစ်တိုးရီးယားစခန်းတွင် ချင်းအမျိုးသားတပ် (CNA) နှင့် စခန်းအတွင်း လေ့ကျင့်နေကြသော အခြားအဖွဲ့များမှ အဖွဲ့ဝင်များအတွက် အမျိုးသမီးအဖွဲ့တစ်ခုက ဝတ်စုံချုပ်လုပ်ပေးနေ သည်။ အမျိုးသမီး တစ်ဒါဇင်ခန့်သည် တစ်ပတ်လျှင် ခြောက်ရက် မနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိ သတ်မှတ်ဝတ်စုံအရေအတွက် ရရှိအောင် ချုပ်လုပ်ကြသည်။ ၎င်းတို့ကို ယခုကဲ့သို့ တာဝန်မပေးခင် ကျွမ်းကျင် စက်ချုပ်သူများက တစ်လခန့် သင်ကြားပေးခဲ့ကြခြင်းဖြစ်သည်။
ဗစ်တိုရီးယားစခန်းတွင် အခြားအမျိုးသမီးများမှာလည်း ချက်ပြုတ်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် အိမ်ထိန်းသိမ်းရေးအလုပ်များ လုပ်ကိုင်ကြသည်။ အခန်းနှစ်ခန်း ပါဝင်သည့် ရုံးတစ်ခုတွင် မှတ်တမ်း ထိန်းသိမ်း ရေး အဖွဲ့ဝင် သုံးဦးကို အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။ ၎င်းသည် ရုံးတွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ မှတ်တမ်းများကို မည်ကဲ့သို့ စနစ်တကျ သိမ်းဆည်းထားကြောင်း၊ သို့မှသာ လိုအပ်လျှင် ပြန်လည်ရယူနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းတို့သည် မတက်မနေရ စစ်သင်တန်းကိုလည်း တက်ရောက်ပြီးစီး ပြီဖြစ်ကြောင်း ပြောပြသည်။
“ကျွန်မတို့ ဒီအလုပ်အတွက် လတွေ အများကြီး သင်ယူခဲ့ရတယ်။ အစပိုင်းမှာတော့ ကျွန်မတို့အားလုံးအတွက် ခက်ခဲတယ်။ ဒါပေမယ့် အခုတော့ ဒီအလုပ်မှာ ပျော်နေကြပါပြီ။”ဟု ရုံးစီမံခန့်ခွဲရေးအဖွဲ့ ခေါင်းဆောင်က ပြောပြ သည်။ ၎င်းတို့သည် မတက်မနေရ စစ်သင်တန်းကိုလည်း တက်ရောက်ပြီးစီးပြီဖြစ်ကြောင်း ပြောပြသည်။
ဗစ်တိုးရီးယားစခန်းတွင် ကျင့်သုံးသည့် စနစ်သည် မြန်မာနိုင်ငံတလွှားမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုကဲ့သို့ပင်ဖြစ်ပြီး ပြောင်းလဲမှုအနည်းငယ်သာရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ကဲ့သို့ပင် အမျိုးသမီးအမြောက်အများ တိုက်ခိုက်ရေးမဟုတ်သည့် ကဏ္ဍများတွင် ပါဝင်နေကြသည်။
PDF များနှင့် CDF များသည် EAO များကဲ့သို့ ဖွဲ့စည်းမှုနှင့် အရင်းအမြစ်ကောင်းစွာ မရှိကြပေ။ PDF စခန်းများတွင် အမျိုးသမီး အနည်းငယ်သာ တွေ့ရှိခဲ့ရသည်။ ကလေးနှင့် တီးတိန်အကြား တောင်တန်းများ အတွင်း နက်ရှိုင်းစွာ တည်ရှိသည့် ကလေးPDF စခန်းတွင် အမျိုးသမီးနှစ်ဦး အိမ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရုံးမန်နေဂျာများအဖြစ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသည်။
ပညာရေးကွက်လပ် ဖြည့်ဆည်းခြင်း
စခန်းပြင်ပ ခုခံကာကွယ်ရေးလှုပ်ရှားမှုများတွင် တက်ကြစွာပါဝင်နေသည့် အမျိုးသမီးအဖွဲ့ငယ်များမှာ ဆရာမများ၊ ဆေးပညာရှင်များနှင့် အထောက်အကူပြုလုပ်ဆောင်သူများ ဖြစ်သည်။ အချို့မှာ ခုခံကာကွယ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ထားကြပြီး အချို့မှာမူ တစ်ဦးချင်း သီးသန့်လှုပ်ရှားကြသည်။
ကလေးမြောက်ပိုင်းတွင် ပကဖသည် NUG နှင့် ချိတ်ဆက်၍ ကျောင်းများ ဖွင့်လှစ်ထားသည်။ ဇန်နဝါရီ ၂၄ ရက် တွင် The Diplomat က လက်ပံချောင်းတွင် ဖွင့်လှစ်ထားသော ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့် ကျောင်းအပ်စာရင်းသွင်းထားသော ကျောင်းသုံးကျောင်းသို့ သွားရောက်ခဲ့သည်။
အမျိုးသမီး သုံးဦးက ခန်းမနှစ်ခုတွင် ကလေးများကို စာသင်ပေးနေကြသည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ အသက် ၃၀ ခန့်ဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်သည်။
၎င်း၏ ကျောင်းအတွေ့အကြုံကို မေးမြန်းသောအခါ "စာသင်ခန်းတွေ ရှေ့ဆက်ဖို့နဲ့ ကလေးတွေကို နေ့တိုင်း ကျောင်းလာချင်အောင် တိုက်တွန်းရတာက စိန်ခေါ်နေတဲ့ အလုပ်ပါပဲ။” ထို့အပြင် "ကျွန်မတို့က အခြေအနေ အားလုံးအတွက်လည်း ပြင်ဆင်ထားရတယ်။” ဟု ဖြေကြားခဲ့သည်။
ခုခံကာကွယ်ရေးအဖွဲ့များတည်ထောင်ထားသော ပဋိပက္ခနယ်မြေများရှိ ကျောင်းများတွင် စာသင်ပေးခြင်းအပြင် အိန္ဒိယ မီဇိုရမ်နှင့် မနီပူရ်ပြည်နယ် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ကလေးသူငယ်များကိုလည်း အမျိုးသမီးများက စာသင်ကြားပေးရသည်။ မီဇိုရမ်ပြည်နယ်တွင် ကလေးအများစုမှာ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းအပ်နှံကြပြီး Zokhawthar ဒုက္ခသည်စခန်းရှိ NUG နှင့် ချိတ်ဆက်ထားသည့် စာသင်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦး စာသင်ကြားနေကြသည်။
Vung Sian Huai ဟု ၎င်း၏ အမည်ကို ဖော်ပြခဲ့သည့် ဆရာမသည် အသက် ၂၀ ခန့်ရှိပြီဖြစ်သည်။ ချင်းပြည်နယ် တီးတိန်းမှ ထွက်ခွာလာသော သူမသည် အာဏာသိမ်းပြီး တစ်နှစ်အကြာ မီဇိုရမ်ပြည်နယ်သို့ ထွက်ခွာမလာမီက အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သမ္မာကျမ်းစာကို သင်ကြားပေးခဲ့သည်။
"Zokhawthar ကျောင်းမှာ ဆရာ၊ ဆရာမ ငါးဦးရှိပါတယ်။ အမျိုးသမီးလေးဦးပါဝင်ပါတယ်။” ဟု သူမက ပြောသည်။
မီဇိုရမ်မှ ကျောင်းများတွင် တက်ရောက်ခွင့်မရကြသည့် ဒုက္ခသည်စခန်းမှ ကလေးများအတွက် စိုးရိမ်ကြောင်း ပြောပြခဲ့ပြီး သူမကဲ့သို့ အမျိုးသမီးများက "ဒီကွက်လပ်ကို ဖြည့်ဖို့ ကိုယ်တိုင်လုပ်မှရမယ်လို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။” ဟု ပြောကြားခဲ့သည်။
ကျွန်မကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရမှ ပညာဆက်သင်ပါတော့မယ်
“ကျွန်မကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရမှ ပညာဆက်သင်ပါတော့မယ်။” ဟု Vung Sian Huai က ပြောကြားခဲ့သည်။
မနီပူရ်မှ နွေဦးစာသင်ကျောင်း ငါးခုရှိ ၉၀ ရာခိုင်နှုန်းသော ဆရာ၊ ဆရာမများမှာ အမျိုးသမီးများဖြစ်ကြပြီး ယခင်က မြန်မာနယ်စပ် တမူးခရိုင်မှ အာဏာဖီဆန်ခဲ့ကြသူများဖြစ်ကြသည်။ NUG နှင့် ချိတ်ဆက်ထားကြသော ၎င်းစာသင်ကျောင်းများသည် ရွာအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် Chandel နှင့် Tengnoupal ခရိုင်ရှိ နယ်စပ်ဒေသများတွင် Burma Refugee Committee (Kabaw Valley) မှ တည်ထောင်ထားခြင်းဖြစ်သည်။ မနိပူရ်ပြည်နယ်တွင် မေလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ အဓိကရုဏ်းများအပြီး ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားများကို အစိုးရက ဖြိုခွင်းခဲ့သည့်အတွက် ကျောင်းများ ပိတ်ထားခဲ့ရသည်။
အရေးပေါ်ဆေးဘက်အကူနှင့် သူနာပြုများ
ကျန်းမာရေးစောင့်ရှောက်ပေးရသည့် ဝန်ဆောင်မှုများတွင်လည်း အမျိုးသမီးများစွာ ပါဝင်နေကြသည်။ ၎င်းတို့ ၏ အလုပ်မှာ တခါတရံ ထိပ်တိုက်ရင်ဆိုင်နေရသည့် အခြေအနေများတွင် လုပ်ဆောင်ရသည့်အတွက် ဆရာမ များထက် စိန်ခေါ်မှု ပိုမိုများပြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်နှင့် ယင်းမာပင်တို့ရှိ ဆေးဘက် အကူများကို စစ်တပ်က နှိပ်စက် သတ်ဖြတ်ပုံ ပြန်ပြောင်းပြောပြချက်အချို့ကိုလည်း The Diplomat က ကြား သိခဲ့ရသည်။ ၂၀၂၁ ခုနှစ် ကလေးမြို့တွင် ခုခံကာကွယ်ရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက်ထားသည့် အမျိုးသမီး ဆေးဘက်အကူ ကိုးဦး ဖမ်းဆီးခံခဲ့ရပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် ကလေးမြို့တွင် ခုခံကာကွယ်ရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက် ထားသည့် အမျိုးသမီး ဆေးဘက်အကူ ကိုးဦး ဖမ်းဆီးခံခဲ့ရပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆေးဘက်အကူများနှင့် သူနာပြုများသည် ခုခံ ကာကွယ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ထားလေ့ရှိကြသည်။ ဥပမာအားဖြင့် ချင်းကျန်းမာရေးအဖွဲ့ (Chin Health Organization (CHO) သည် အမျိုးသမီးများစွာ ဆေးဘက်အကူနှင့် သူနာပြုများအဖြစ် ပါဝင်သည့် ဆေးရုံ ၁၇ ရုံ၊ ရွေ့လျားအဖွဲ့ ၅၃ ဖွဲ့ တည်ထောင်ထားသည်။
ထန်တလန်မြို့နယ်တွင် အာဏာဖီဆန်ရေးတွင် ပါဝင်ခဲ့သူ Dr. Amos ဟု တော်လှန်ရေးအမည်ရှိသူ ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ရှိသည်။ ၎င်း၏ အဖွဲ့တွင် သူနာပြုသုံးဦးနှင့် အကူ ငါးဦးပါဝင်သည်။ ဖုန်းဖြင့် စကားပြောခဲ့ရာတွင် Dr. Amos က သူနာပြုများ၏ "တန်ဖိုးမဖြတ်နိုင်သော အခန်းကဏ္ဍ” ကို အလေးပေး ဖော်ပြခဲ့သည်။ "ကျွန်တော်တို့ တည်ထောင်ထားတဲ့ ဆေးရုံမှာ သူနာပြုတွေ မရှိဘဲ မလည်ပတ်နိုင်ပါဘူး။ သူတို့ရဲ့ အခန်းကဏ္ဍက "အလွန် အရေးပါ” ပါတယ်။” ဟု ပြောကြားခဲ့သည်။
လက်ပံချောင်းအနီး ရွာတစ်ရွာတွင် တွေ့ခဲ့ရသည့် အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှ ဖြစ်သော်လည်း မတူညီသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ကလေး PDF အဖွဲ့ဝင်ဖြစ်သော သူမသည် နာမကျန်းသူများကို စောင့်ရှောက်စီမံပေးရသည့်အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရလာသူများကို စခန်းများသို့ သယ်ယူပို့ဆောင်မှုများလည်း လုပ်ကိုင်ပေးရသည်။ ၎င်းတို့၏ အရေအတွက်မှာ PDF တို့ လှုပ်ရှားမှု ပိုမိုများပြားသည့် ကလေးတောင်ပိုင်းတွင် မြောက်ပိုင်းထက် အရေအတွက် ပိုများသည်။
အိန္ဒိယဘက်ခြမ်းတွင်မူ ဒုက္ခသည်များကို ကူညီပေးနေသည့် ဆေးဘက်အကူနှင့် သူနာပြု အမျိုးသမီးအဖွဲ့ နှစ်ခုနှင့် တွေ့ဆုံခဲ့ရသည်။ ၎င်းတို့အနက် တစ်ဖွဲ့မှာ မီဇိုရမ်ပြည်နယ် Zokhawthar မှ သားဖွားဆရာမအဖွဲ့ဖြစ်သည်။ တမူးမြို့မှ အာဏာဖီဆန်မှုတွင် ပါဝင်ခဲ့သည့် ဆရာဝန်နှစ်ဦးနှင့် သူနာပြုငါးဦးသည် မနီပူရ်ပြည်နယ် မိုရေးမြို့တွင် "CDM ဆေးခန်း” တစ်ခု ဖွင့်လှစ်ထားသည်။
ဆရာဝန်တစ်ဦးနှင့် မတ်လ ၂၅ ရက်က အလွတ်သဘောပြောဆိုခဲ့ရာတွင် မနီပူရ်ပြည်နယ်မှ အခြားကျေးရွာများရှိ ဒုက္ခသည်များအတွက်လည်း ၎င်းတို့အဖွဲ့ကို ဆေးဝါးနှင့် ကုသမှုပေးရန် စေလွှတ်ရကြောင်း ပြောပြသည်။ ပြည်နယ်အတွင်း လူထုအကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြောင့် မေလ ၃ ရက်နေ့က စတင်၍ ဆေးခန်း ပိတ်ထားရသည်။
အထောက်အကူပြုနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်သူများ
ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က စတင်၍ ခုခံကာကွယ်ရေးအဖွဲ့များသာမက အထောက်အကူပြု အဖွဲ့များအတွက်ပါ ပဋိပက္ခဖြစ်ပွားထိခိုက်မှုရှိသည့် လူအများဆီသို့ လူသားချင်းစာနာမှုအထောက်အကူများ ပေးအပ်ရာတွင် စိန်ခေါ်မှု ကြီးမားစွာ ဖြစ်ပေါ်လာခဲ့သည်။ လူနှင့် ကုန်စည်များ ပို့ဆောင်ရေးကို စစ်တပ်က ထိန်းချုပ်ကန့်သတ်ထားသည့်အတွက် ၎င်းအထောက်အကူပြုလုပ်ငန်းများ အကန့်အသတ်ရှိလာခဲ့သည်။ ၎င်းအထောက်အကူပြုလုပ်ငန်း ရှေ့တန်းမှ လုပ်ဆောင်နေသူများကို ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုများပင် ရှိခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများသည် လုံခြုံရေးအရ မကြာခဏ ရွှေ့ပြောင်းနေရ၍ ၎င်းတို့ဆီသို့ လူသားချင်းစာနာမှု အထောက်အကူပြု လုပ်ဆောင်သူများ ရောက်ရှိရေးသာမက ထောက်ပံ့ရေးလမ်းကြောင်းများ ထိန်းသိမ်း ထားရေးသည်လည်း "ကြီးမားသော စိန်ခေါ်မှု" ဖြစ်သည်ဟု တမူးမြို့မှ လွှတ်တော် ကိုယ်စားလှယ် Thang Sei က ထောက်ပြသည်။
ရွှေ့ပြောင်းနေရတဲ့ အဖွဲ့တွေကို အထောက်အပံ့ပေးရတာ ပိုပြီး လွယ်ကူတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထက် လူသားချင်းစာနာမှု လုပ်ဆောင်သူတွေအတွက် ချင်းပြည်နယ်မှာ ပိုပြီး အန္တရာယ်များတယ်
“ရွှေ့ပြောင်းနေရတဲ့ အဖွဲ့တွေကို အထောက်အပံ့ပေးရတာ ပိုပြီး လွယ်ကူတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထက် လူသားချင်းစာနာမှုလုပ်ဆောင်သူတွေအတွက် ချင်းပြည်နယ်မှာ ပိုပြီး အန္တရာယ်များတယ်။” ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်တွင် လူသားချင်းစာနာမှုအထောက်အကူများ ပေးပို့ရာတွင် အထိုက်အလျောက် လုံခြုံသည့် ပတ်ဝန်းကျင်ဖြစ်ရေးအတွက် အမျိုးသမီးများ၏ ပါဝင်မှုက အထောက်အကူပြုပေးနေသည်။
ချင်းပြည်နယ် ဆလဲင်းရွာ ရွှေ့ပြောင်းနေထိုင်သူများစခန်းမှ မိသားစု ၂၀၀ ခန့်ကို အရေးကြီးကုန်စည်များ ပေးပို့နေရသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့် The Diplomat က တွေ့ဆုံခဲ့သည်။ သူမသည် ကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စခန်းသို့ ထောက်ပံ့ပို့ဆောင်ရေး ကြီးကြပ်ရသူဖြစ်သည်။ မီဇိုရမ်ပြည်နယ်မှ Zokhwthar နှင့် Farkawn တို့တွင် အမျိုးသမီးအနည်းငယ်သည် ဒေသခံ NGO များနှင့် ပူးပေါင်းညှိနှိုင်းကာ ဒုက္ခသည်စခန်းများအတွက် လုပ်ဆောင်ပေးနေကြသည်။
နွေဦးတော်လှန်ရေးတွင် ပုံစံမျိုးစုံဖြင့် အမြောက်အများပါဝင်နေကြသော အမျိုးသမီးများကို စစ်အာဏာရှင်တို့က ဒေါသတကြီး လက်တုန့်ပြန်ခဲ့ကြပြီး ကောက်နှုတ်ဖော်ပြရလျှင် ယခုနှစ် ဂျူလိုင်လမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် အနည်းဆုံး ၅၆ ဦး သတ်ဖြတ်ခံခဲ့ရသည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း အာဏာသိမ်းမှုကို ခုခံဆန့်ကျင်မှု စတင်ခဲ့သည့်အချိန်မှ စ၍ အမျိုးသမီးနှင့် မိန်းကလေးငယ် စုစုပေါင်း ၆၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
၎င်းအမျိုးသမီးများ၏ ရာခိုင်နှုန်းအများစုမှာ တိုက်ခိုက်ရေးမဟုတ်သည့် အမှုထမ်းများ ဖြစ်ဖွယ်ရှိပြီး တိကျသည့် ကိန်းဂဏန်းများကိုမူ မသိရှိရပေ။ ၎င်းတို့၏ အဓိကကျသော အခန်းကဏ္ဍကို The Diplomat ၏ ယခုနှစ် အစောပိုင်း မြန်မာခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရသည့် ခုခံကာကွယ်ရေးတပ်ဖွဲ့များရှိ တပ်မှူးများ၊ အကြီးတန်း အမှုထမ်းများက အသိအမှတ်ပြုထားကြသည်။
၎င်းတပ်ဖွဲ့များအတွက် အထူးသဖြင့် PDF များအတွက် အဓိက စိန်ခေါ်မှုမှာ ၎င်းအမျိုးသမီးများကို လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေစေရေးဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီးအချို့မှာ ၎င်းတို့၏ နစ်နာချက်များကို ဖြေရှင်းမပေးနိုင်သည့်အတွက် တက်ကြွသည့် ပါဝင်လှုပ်ရှားမှုများမှာ ထွက်ခွာသွားကြသောကြောင့်ဖြစ်သည်။
ကိုးကား - The Diplomat မှ အကြီးတန်း ဂျာနယ်လစ် Rajeev Bhattacharyya ၏ “Non-Combatant Women of Myanmar’s Spring Revolution” မှ ကောက်နှုတ်ဘာသာပြန်ဆိုသည်။
ပုံစာ - မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဗစ်တိုးရီးယားစခန်းရှိ ချင်းအမျိုးသားတပ်ဦး စစ်ရုံးချုပ်တွင် အစားအသောက် ချက်ပြုတ်နေသော အမျိုးသမီးတစ်ဦး။ (Photo: Rajeev Bhattacharyya)