bap-logo
Articles

ပဋိပက္ခဒေသများမှ မြေစာပင် ဣတ္ထိယများ

x9nqjmULNUZDrkD-c5y-k-image

လွန်ခဲ့သော ၅ လ က

လက်ကိုင်ဖုန်းစခရင်ကိုကြည့်ကာ သူမတွေ့ကြုံနေခဲ့ရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမူကို  လူအများ သိစေရန် facebook (လူမူကွန်ယက်)တွင် live (တိုက်ရိုက်ထုတ်လွင့်) ကာ ပြန်လည်ပြောပြနေခြင်းဖြစ်သည်။  

 

မျက်လုံးမျက်ဖန်ကောင်းကောင်း၊ စကားပြောသွက်လက်သည်။ ၀တ်စားဆင်ယင်ပုံနှင့် စကားပြောဟန်ကြောင့်  ‌ခေတ်မီသူတစ်ဦးဟု ဆိုနိုင်သည်။ ။ ခေတ်ပညာတတ် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။

 

တော်လှန်ရေး အင်အားစုများကြားတွင် မသော်ဟု လူသိများသူလည်းဖြစ်သည်။ သူမသည် နွေဦးတော်လှန်ရေး တွင် ထောက်ပို့အဖြစ်ရပ်တည်ကာ စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးအမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

 

သူနှင့်ခံယူချက်ခြင်းတူသည့် စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးရဲဘော်အမျိုးသားတစ်ဦး၏ လိင်အမြတ်ထုတ်မှုကို မသော် ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့ခဲ့ရသူဖြစ်ကြောင်း ဖွင့်ဟပြောကြားထား သူဖြစ်သည်။

 

တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးသည် လုံခြုံရေးအရ မဲဆောက်မြို့ရှိ မသော်၏နေအိမ်တွင် ရက်တိုနေထိုင်စဉ် အိမ်ရှင်ဖြစ်သူ သူမအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်သည့် စကားပြာခဲ့ခြင်းဖြစ်သည်။

 

“ကျွန်မအိမ်ရောက်ပြီး ၂၄ နာရီ မပြည့်သေးဘူး။ လိင်ကိစ္စနဲ့ပတ်သက်ပြီး စော်ကားနှောက်ယှက်တဲ့စကားကို စ ပြောလာတယ်။ ကျွန်မကိုလာဖက်ပြီး အမကိုကြည့်ရတာ ပွင့်ပွင့်လင်းလင်းနဲ့ ခေတ်မီတဲ့သူလို့ ယူဆတယ်။ အဲ့ဒီ တော့ အစ်မနဲ့ ကျွန်တော်နဲ့ ဒီည sex(လိင်စပ်ယှက်ခြင်း) လုပ်ကျမယ်။ ချစ်ကျမယ်လို့ပြောလာတယ်” ဟု သူမ ကြုံတွေ့ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံခဲ့ရပုံံကို မသော်က ပြန်လည်ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသများအတွင်း အမျိုးသမီးအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု တစတစများပြားလာသည်။

 

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စစ်တပ်မှ ကျူးလွန်မှုများ ရှိသကဲ့သို့ လက်နက်ကိုင် တော်လှန်‌ရေးတပ်ဖွဲ့များမှ ကျူးလွန်မှုများလည်း ရှိ

 

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စစ်တပ်မှ ကျူးလွန်မှုများ ရှိသကဲ့သို့ လက်နက်ကိုင် တော်လှန်‌ရေးတပ်ဖွဲ့များမှ ကျူးလွန်မှုများလည်း ရှိကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ကြီး နော်ဆူဇူနာလှလှစိုးက ပြောခဲ့သည်။

 

နို၀င်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသမီးနှင့် မိန်းကလေးများ ကို ကာကွယ်ဖို့ အတူတကွပါ၀င်စို့ အခမ်းအနားတွင် ၎င်းက ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီ အာဏာသိမ်းယူပြီး ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၅၉ မှုရှိခဲ့ပြီး ထိုအထဲမှ လေးမှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကျူးလွန်ခြင်းဖြစ်ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU)က ကောက်ယူထားသည့် စာရင်းများအရ သိရှိရသည်။

 

ဆောမြို့မှ အုပ်စုဖွဲ့ အဓမ္မမှု

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုထဲတွင် ဆောမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အမှုမှာ လူသိအများဆုံး တစ်ခုဖြစ်ခဲ့သည်။

 

မကွေးတိုင်း၊ ဆောမြို့နယ်တွင် အချုပ်ကျနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အချုပ်ခန်း စောင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲဘော် ၈ ဦးက  အကြိမ်ကြိမ် မုဒိန်းမှုကျင့်ခဲ့ခြင်း ဖြစ်သည်။

 

ကျူးလွန်ခံရသူ အမျိုးသမီးမှာ လွန်ခဲ့သည့် ၅ နှစ်ခန့်က ရန်ကုန်မှ ဆောမြို့နယ်သို့ ပြောင်းရွှေ့ လာသူ ဖြစ်ပြီး ခိုးမှုကျူးလွန်သဖြင့် ပြီးခဲ့သည့် ၂၀၂၂ နှစ်လယ်ပိုင်းမှစတင်၍ အချုပ်ကျနေသူ ဖြစ်သည်။

 

သူမအား အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၀င် ၈ ဦးသည်လည်း ခိုးမှု၊ ရိုက်မှု၊ ကျေး ရွာ အတွင်း မူးယစ်ရမ်းကား ဆူပူသောင်းကျန်းမှု စသည့် အမှုများနှင့် ဖမ်းဆီး ပြစ်ဒဏ် ချခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့လွတ်ရက်စေ့ချိန်တွင်  ပလဖအဖွဲ့၏ အစမ်းခန့်အဖွဲ့၀င်အဖြစ် ခန့်အပ် ထားစဥ် အဓမ္မမှုကျူးလွန်ခဲ့ခြင်းဖြစ် သည်။

 

ပလဖ ကို ပြည်သူများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကဲ့သို့ ဆောင်ရွက်ပေးရန်နှင့် နောက်ပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော်တွင် ပါ၀င်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ကာ NUG (အမျိုးသားညီညွတ်ရေး အစိုးရ) လက်အောက်ခံအဖွဲ့အစည်း ဖြစ်သည်။

 

တိုက်နယ်အဆင့် ပအဖ (ပြည်သူ့ အုပ်ချုပ်ရေးရုံး) တာဝန်ခံက အဓမ္မမှုကျူးလွန်သူ ၈ ဦးကို ဖမ်းဆီး အရေးယူခြင်းမရှိဘဲ ဒဏ်ကြေးငွေ ကျပ် ၆ သိန်းဖြင့် ကျေအေးစေကာ၊ ကျူးလွန်ခံရသူ အမျိုးသမီး ကို ပလဖ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းပင်။ ထိုသို့ဆုံးဖြတ်ခဲ့သည်ကို မကျေနပ်သည့် ပြည်သူတချို့က ပြီးခဲ့သည့် မေလအတွင်း သတင်းပေးပို့လာသဖြင့် မြို့နယ်ပအဖအဖွဲ့က သိရှိကာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

 

နှစ်လကြာ စစ်ဆေးပြီး သက်သေအထောက်အထားခိုင်လုံသဖြင့် ကျူးလွန်သူများကို ဇွန်လကုန်တွင် ဖမ်းဆီးခဲ့ သည်။

 

တရားခံပျောက်ဆုံးနေဆဲ မဲဆောက်မြို့မှ သက်ငယ်မုဒိန်းမှု

 

လိင်အကြမ်းဖက်မှုများတွင်  စစ်ကောင်စီ၊ တော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်သည့် အမှုများအပြင် နိုင်ငံရေး အသိုင်းအဝိုင်းမှ ကျူးလွန်သည်ဟု စွပ်စွဲမှုလည်းရှိခဲ့သည်။

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ ရွေ့ပြောင်းနေထိုင်သူများကြား သက်ငယ် မုဒိမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည်။

 

ကျူးလွန်သူဟု စွပ်စွဲခံရသူမှာ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးအောင် မင်း ဖြစ်သည်။

 

လိင်အမြတ်ထုတ်ခံရသည်ဟု တိုင်ကြားထားသူမှာ ရန်ကုန်တက္ကသိုလ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် တွဲဘက်ပါမောက္ခဆရာမဖြစ်သည်။ သူမ၏ အသက်ငါးနှစ်အရွယ် သမီးငယ်ကို အခန်းချင်းကပ် နေထိုင်သည့် ဦးအောင်မင်းက လိင်အမြတ်ထုတ်၊ မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု NUG အစိုးရထံသို့ စာဖြင့်တိုင် ကြားခဲ့သည်။

 

မေလ ၂ ရက် ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနထံ တိုင်ကြားထားသည့် တိုင်ကြားစာနှင့်အတူ ကျူးလွန်သူဟု စွပ်စွဲခံရသူ ဦးအောင်မင်းအား လက် ထိပ်ဖြင့် ကားတစ်စီးပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံ facebook (လူမှုကွန်ရက်စာမျက်နှာ)ပေါ်တွင် ပျံ့နှံခဲ့ကာ လူသိများခဲ့ခြင်း ဖြစ်သည်။

 

လိင်အကြမ်းဖက်မှုများတွင်  စစ်ကောင်စီ၊ တော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်သည့် အမှုများအပြင် နိုင်ငံရေး အသိုင်းအဝိုင်းမှ ကျူးလွန်သည့် အမှုများရှိသော်လည်း အများစုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် အမှုများဖြစ်သည်

 

လိင်အကြမ်းဖက်မှုများတွင်  စစ်ကောင်စီ၊ တော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်သည့် အမှုများအပြင် နိုင်ငံရေး အသိုင်းအဝိုင်းမှ ကျူးလွန်သည့် အမှုများရှိသော်လည်း အများစုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် အမှုများဖြစ်သည်။

 

စစ်ကောင်စီ လိင်အကြမ်းဖက်မှုပေါင်း ၁၀၈ မှု

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးအတိုင်အတာအနေဖြင့် လိင်အကြမ်း ဖက်မှု ၁၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် အမှုပေါင်း ၁၀၈ မှုရှိကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ၏ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးများထဲတွင် အသက် ၁၄ နှစ်မှ ၆၂ နှစ်အရွယ် အရွယ်ထိရှိ ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်- မြန်မာနိုင်ငံ (WLB) ထံမှ သိရှိရသည်။

 

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်အချိန်မှစတင်ကာ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ပိုမိုအရှိန်မြှင့်လျက်ရှိသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုဒိမ်းကျင့် သတ်ဖြတ်ခြင်းများအပြင် သေဆုံးသွားသည့် အမျိုးသမီး၏ မိန်းကိုယ် ထဲသို့ အချိုရေဘူး၊ ကြက်သွန်ဥ စသည်တို့ကို ထိုးသွင်းခဲ့သည့် အမှုများလည်းရှိသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာ တွင်ဖြစ်ပွားခဲ့သည့် လူသတ်၊ မုဒိမ်းမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာကို စစ်ကောင်စီတပ် သားများ ဝင်ရောက်ခဲ့ပြီး ရွာသားငါးဦးကို လည်လှီးသတ်ဖြတ်ခဲ့သည်။

 

အသက်ခံရသည့်အထဲတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးပါဝင်ကာ မုဒိမ်းကျင့်ခံရပြီးနောက် သတ်ဖြတ် ခံရခြင်းဖြစ်ပြီး သေဆုံးနေသည့်အမျိုးသမီး၏ မိန်းမကိုယ်ထဲတွင် Royal D(အချိုရည်ဘူး)ထည့်ထားသည်ကို တွေ့ရှိရကြောင်း Wetlet Information Network အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

စစ်ကောင်စီမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ခဲ့ပြီး မိန်းမကိုယ်အဂ်ါထဲသို့ ကြက်သွန်နီများ ထိုးသွင်းထားကာ အမျိုးသား ၁၄ ဦးကိုလည်း သတ်ဖြတ်ခဲ့ သည်။ ထိုဖြစ်စဉ််မှာ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

 

ကလေးမွေးဖွားပြီး တစ်လကျော်သာရှိသေးသည့် မီးနေသည်တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက အ ကြိမ်ကြိမ် မုဒိမ်းကျင့်သည့်ဖြစ်စဉ်တစ်ခု ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် စစ်ကောင်စီ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည်။

 

စစ်ကောင်စီတပ်သား သုံးဦးသည် မူးယစ်နေပြီး ကျူးလွန်ခံရသူ၏ အမျိုးသားအားရိုက်နှက် သေနတ်ဖြင့်ချိန်ကာ အမျိုးသားနှင့် လသားအရွယ် ကလေးငယ်အနီးတွင်ပင် မုဒိမ်းကျင့်ခဲ့ကြောင်း ကာယကံရှင်အမျိုးသမီး၏ တူမ တော်စပ်သူမှ သတင်းမီဒီယာများကို ပြောကြားထားသည်။

 

စစ်ကောင်စီတပ်သားများ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် တိုင်းရင်းသားဒေသများ မြို့ပြကြီးများ သာ မက စစ်ကြောရေးစခန်းများတွင်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးများစွာရှိသည်။

 

ရန်ကင်းဗုံးခွဲမှုဖြင့် စွပ်စွဲခံရသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဉီးက လိင်ပိုင်းဆိုင်ရာ နှုတ်ဖြင့်စော်ကားပြောဆိုခြင်း မိန်းမကိုယ်နေရာကို ကိုယ်ထိလက်ရောက်ကျူး လွန်ခြင်းများရှိ ခဲ့သည်။

 

ရွှေပြည်သာစစ်ကြောရေးတွင်လည်း အမျိုးသမီးတစ်ဦးကို ပေါင်ကားခိုင်းကာ မိန်းမကိုယ်နေရာကို စစ်ဖိနပ်ဖြင့် သွေးကျသည့်အထိကန်ခြင်း၊ ရင်သားများကို ရောင်ရမ်းသည့်အထိ ရိုက်နှက်ခြင်းများရှိကြောင်း WLB ထံမှ သိရှိရသည်။

 

ထိုသို့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သည့် စစ်ကောင်စီတပ်သားများကို အပြစ်ပေး အရေးယူတာမျိုးတွေက မရှိသလောက် နည်းပါးခဲ့ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် စစ်ကောင်စီတပ်သားများ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန် ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြကာ လူသိရှင်ကြားဝန်ခံသည့်ဖြစ်စဉ် တစ်ခုသာရှိခဲ့ပြီး အရပ်သား အစိုးရအုပ်ချုပ်သည့် ၂၀၂၀ ခုနှစ်တွင် ဖြစ်သည်။

 

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကျူးလွန်မှုများကို တပ်မတော်က လက်မခံဘဲ ကျူးလွန်သည့်တပ်ဖွဲ့ဝင်များကို စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးများနှင့် အရေးယူသွားမယ်ဟု သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားထားသော်လည်း ယနေ့အချိန်အထိ အရေးယူမှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိချေ။

 

ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို အရေးယူဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုင်ကြားမှုများကို NUG အစိုးရက ဆောင်ရွက်လျှက်ရှိသည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုင်ကြားသည့် အမှုပေါင်း ၁၅၅ မှု

 

စစ်ကောာင်စီကျူးလွန်သည့် လိင်အကြမ်းဖက်မှုအပါအဝင် သတ်ဖြတ်မှု လူ့အခွင့်အရေးချိုးဖောက်သည့် အမှု ပေါင်း ၁၅၅ မှုရှိပြီး အဆိုပါအမှုများကို အရေးယူနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုင်ကြားထားကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

 

နို၀င်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသမီးနှင့် မိန်းကလေးများ ကို ကာကွယ်ဖို့ အတူတကွပါ၀င်စို့ အခမ်းအနားတွင်၎င်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ ပြည်သူများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုများကို စစ်ကောင်စီအကြမ်းဖက်အုပ်စုက ကျူးလွန်မှုပေါင်း ၁၅၅ ရှိတယ်

 

“အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ ပြည်သူများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုများကို စစ်ကောင်စီအကြမ်းဖက်အုပ်စုက ကျူးလွန်မှုပေါင်း ၁၅၅ ရှိတယ်။ ဝန်ကြီးဌာနမှာ မှတ်တမ်း တင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် အရေးယူဆောင်ရွက်မယ့် အဖွဲ့အစည်းများကို ပေးပို့ပြီးဖြစ်တယ်” ဟု ၎င်းပြောကြားသည်။

 

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီး နော်ဆူဇူနာလှလှစိုးက နွေဦးတော်လှန် ရေးကာလအတွင်း မုဒိမ်းကျင့်၊ သတ်ဖြတ်ခံရမှုများကို အချိန်နှင့် တစ်ပြေးညီ တရားမျှတမှုရရှိအောင် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန် တိုက်ခိုက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကျင်းပသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တံခါးပိတ်အစည်းဝေးတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် စစ်ကောင်စီ၏အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိပြည်တွင်း၌ စစ်ရေး ပဋိက္ခများ ပြင်းထန်နေစဲဖြစ်သည်။ ပဋိက္ခများကြား ကျွဲကူးရေပါ ဆိုသကဲ့သို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းများလည်း ရှိနေဉီးမည်ဖြစ်သည်။ သတင်းစာမျက်နှာများတွင် ဖော်ပြမခံ ရသည့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံသည့် အမျိုးသမီးများစွာရှိနေဉီးမည် ဖြစ်သည်။

 

တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ် ၃ ဦးလျှင် ၁ တစ်ဦးသည် ယင်းတို့၏ အိမ်ထောင်ဖက်၊ မိသားစုဝင်၊ မိတ်ဆွေ၊ လူစိမ်းစသည်တို့မှ အမျိုးမျိုးသော ပုံစံတို့ဖြင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ခံစားနေရသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ယခုနှစ် နိုဝင်ဘာလ အတွင်းကဆိုသည်။

 

ယဥ်ကျေးမှုအရ စံသတ်မှတ်ချက်များ၊ ပညာရေးနှင့် စီးပွားရေးအခြေအနေများ၊ ခေတ်နောက် ပြန်ဆွဲနေသော ကျားမ စံသတ်မှတ်ဘောင်ခတ်မှုများကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်အများစုမှာ ကျားမအခြေပြု အကြမ်းဖက်မှုကို ခိုကိုးရာမဲ့ ခံစားကြုံတွေ့နေရသည်ဟု UNICEF ကဆိုသည်။

 

အကြမ်းဖက်ခံရသူ အမျိုးသမီးနှင့် မိန်းကလေးငယ်များကို ပညာရေးမြှင့်တင်ပေးခြင်း၊ လူမှုရေး စံသတ်မှတ်ချက်များကို ဖယ်ရှားတိုက်ဖျက်ခြင်း၊ စီးပွားရေးအရ မြှင့်တင်ပေးခြင်းမှတဆင့် ကျားမ အခြေပြုအကြမ်းဖက်မှုများကို ပပျောက်လာအောင် လက်တွဲပူးပေါင်းပြီး တားဆီးလုပ်ဆောင်နိုင် မည်ဟု လည်း ဆိုသည်။

 

 

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရကြောင်း လူအများသိစေရန် facebook (လူမူကွန်ယက်)တွင် live (တိုက်ရိုက် ထုတ်လွင့်) ကာ ပြန်လည်ပြောပြခဲ့သူ မသော်ကတော့ “ကျွန်မလို ဖွင့်မပြောနိုင်တဲ့ ဖွင့်မပြောရဲတဲ့ အခြားအမျိုး သမီးတွေ အများကြီးရှိလိမ့်မယ် ” ဟု ဆိုသည်။

 

Burma Associated Press

အာဏာသိမ်းမှု
အမျိုးသမီးများ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
မြန်မာ
စစ်မှုထမ်း

Share With
bap-logo