bap-logo
Intrenational Crime

ရုရှား စင်မြင့်ဖျော်ဖြေပွဲ တိုက်ခိုက်ခံရမှု ကလေး သုံးဦးအပါအဝင် သေဆုံးသူ ၁၃၇ ဦး ရှိလာ

6mpPF2rP61mxL_KMZBDv4-image

လွန်ခဲ့သော ၇ လ က

BAP၊ ဘာသာပြန်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက Crocus မြို့တိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃၇ ဦး ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

အွန်လိုင်းတွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် “ရုပ်အလောင်း ၁၃၇ ခု တွေ့ရှိထားပြီး ကလေးငယ် သုံးဦးပါဝင်ကြောင်း” ထုတ်ပြန်ထားသည်။

 

ရုပ်အလောင်း ၆၂ ခုကို အမည်ဖော်ထုတ်ထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

ကျန်ရှိသည့် သေဆုံးသူများကို အမည်ခွဲခြားဖော်ထုတ်ရန် မျိုးရိုးဗီဇစစ်ဆေးခြင်း ပြုလုပ်နေကြောင်း၊ မှုခင်းဖြစ်ရာနေရာကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မော်စကိုမြို့အနီး Crocus မြို့တော်ခန်းမတွင် သောကြာနေ့ညက လူသိများသည့် စင်မြင့်ဖျော်ဖြေပွဲကို ISIS အဖွဲ့က သေနတ်များ၊ မီးလောင်စေသည့် ကိရိယာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ISIS က ၎င်းတို့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုသော်လည်း သက်သေအထောက်အထားများ ဖော်ပြခြင်း မပြုပေ။

 

Bryansk ဒေသတွင် တိုက်ခိုက်မှုတွင် ပါဝင်သူဟု သံသယရှိသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းကာ မော်စကိုသို့ ခေါ်ဆောင်လာခဲ့ပြီး ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ယခုအခါ ထိန်းသိမ်းထားသည်ဟု ရုရှားနိုင်ငံပိုင်မီဒီယာ TASS က စနေနေ့တွင် ဖော်ပြသည်။

 

ပြည်ထဲရေးဝန်ကြီးဌာနက "Bryansk တွင် ဖမ်းမိသည့် အကြမ်းဖက်သမားများအားလုံးသည် နိုင်ငံခြားသားများဖြစ်ကြောင်း” ပြောသည်ဟု ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ RIA Novosti က တယ်လီဂရမ်တွင် ဖမ်းမိသူတစ်ဦး၏ ဝန်ခံချက်ကို ဖော်ပြခဲ့သည်။ ၎င်းဝန်ခံချက်သည် နှိပ်စက်မှုကြောင့် ဝန်ခံခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၍ CNN က သီးခြား အတည်မပြုနိုင်ပါဟု CNN တွင် ဖော်ပြသည်။

 

စနေနေ့ မနက်အစောပိုင်းက ပူတင်က ကျူးလွန်သူများသည် "ကနဦး အချက်အလက်များအရ ၎င်းတို့ နယ်စပ်ဖြတ်ကျော်ရန် တံခါးဖွင့်ပြင်ဆင်ထားသည့် ယူကရိန်းသို့ ပုန်းအောင်းရန်နှင့် ဦးတည်သွားရောက်ရန် ကြိုးစားခဲ့ကြောင်း"ရုရှားလူထုကို ပြောခဲ့ပြီးနောက် ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရ Andrii Yusov က ၎င်းတို့၏ နိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သည်။

 

ပြင်သစ်၊ အစ္စရေး၊ တူရကီ အပါအဝင် ကမ္ဘာနိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြေကွဲကြောင်းနှင့် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့ကြသည်။ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့အဆိုအရ အမေရိကန်နိုင်ငံက ပစ်ခတ်မှုကို "ပြင်းထန်စွာ ရှုတ်ချကြောင်း” ဖော်ပြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ISIS တို့ကို သိသာထင်ရှားသည့် ကမ္ဘာ့အန္တရာယ်အဖြစ် စနေနေ့ သတင်းစာရှင်းလင်းပွဲတွင် အလေးပေးဖော်ပြခဲ့သည်။

 

ဗလာဒီမာ ပူတင် ငါးကြိမ်မြောက် သမ္မတဖြစ်လာပြီး တစ်ပတ်မျှ မကြာမီ ရုရှားနိုင်ငံတွင် လူအများအပြား သေဆုံးမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

မော်စကို Crocus မြို့တိုက်ခိုက်မှုတွင် ယူကရိန်းပါဝင်ပတ်သတ်ကြောင်း ရုရှားအစိုးရ၏ စွပ်စွဲချက်နှင့် ပတ်သတ်၍ ယူကေအစိုးရက "ရုရှားအစိုးရ ပြောသမျှ ယုံကြည်ရမှု အလွန် နည်းပါးကြောင်း"ယူကေ တော်ဝင်ဘဏ္ဍာရေးဝန်ကြီး Jeremy Hunt က ဗြိတိသျှ ရုပ်သံလုပ်ငန်း Sky News ကို ပြောသည်။

 

မတ်လအစောပိုင်းကပင် “မော်စကိုမြို့တွင် ကြီးမားသည့် လူစုလူဝေးများကို အစွန်းရောက်များက တိုက်ခိုက်ရန် ကြံစည်မှု” သတင်းများ ရရှိထားသည့်အတွက် "လူစုလူဝေးများကို ရှောင်ကြဉ်ရန်” အမေရိကန် သံတမန်ကိုယ်စားလှယ်က အမေရိကန်နိုင်ငံသားများကို သတိပေးထားခဲ့သည်။

 

အမေရိကန်နိုင်ငံသည် နိုင်ငံသားများကို သတိပေးသကဲ့သို့ပင် ရုရှားအစိုးရကိုလည်း တိုက်ရိုက် ဆက်သွယ်ခဲ့သည်။

 

"အမေရိကန်အစိုးရသည် ကာလကြာမြင့်စွာ ကျင့်သုံးခဲ့သည့် "သတိပေးရန် တာဝန်" မူဝါဒအရ ၎င်းသတင်းအချက်အလက်များကို ရုရှားအာဏာပိုင်များသို့ မျှဝေခဲ့သည်။" ဟု အမေရိကန် အရာရှိတစ်ဦးက ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

ယခုသတင်းပတ်အစောပိုင်းတွင် ပူတင်ကမူ ၎င်း သတိပေးချက်များသည် "ရန်စခြင်း” နှင့် "ခြိမ်းခြောက်အကျပ်ကိုင်မှု သက်သက်” ဖြစ်သည်ဟု FSB ကို ပြောခဲ့သည်။

 

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Anatoly Antonov ကလည်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သတ်၍ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဌာနတို့ဖြင့် ၎င်းအရေးကိစ္စ အဆက်အသွယ် မရှိခဲ့ဟု တနင်္ဂနွေနေ့က ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti ကို ပြောသည်။

 

ကိုးကား - CNNBBC

 

ပုံစာ - မတ်လ ၂၂ ရက် ၂၀၂၄ ခုနှစ် ရုရှားနိုင်ငံ Crocus မြို့တော်ခန်းမ စင်မြင့်ဖျော်ဖြေပွဲခန်းမတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ခန်းမပြင်ပတွင် အရေးပေါ် ဝန်ဆောင်မှု ယာဉ်များကို တွေ့မြင်ရစဉ်။ (STRINGER/AFP VIA GETTY IMAGES)

Burma Associated Press

 

မော်စကို
သတ်ဖြတ်ခဲ့
ရုရှား
တိုက်ခိုက်ခံရ

Share With
bap-logo