bap-logo
International

လစ်ဗျားနိုင်ငံမှ ယူရေနီယံ ၂ တန်ကျော် ပျောက်ဆုံးနေဟု ကုလအေဂျင်စီပြော

4RjDKW9x9Z6ArCFgOdH0T-image

လွန်ခဲ့သော ၂ နှစ် က

ဗီယင်နာ - မတ် ၁၆


 
လစ်ဗျားနိုင်ငံရှိ အစိုးရထိန်းချုပ်မှုအောက်တွင်မရှိသည့် သိုလှောင်ရုံတစ်ခုမှ သဘာဝယူရေနီယံ ၂ ဒဿမ ၅ တန် ခန့် ပျောက်ဆုံးသွားကြောင်း ကုလသမဂ္ဂ၏ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) စောင့်ကြည့် စစ်ဆေးသူများက ပြောကြားလိုက်သည်။


 
IAEA အကြီးအကဲ ရာဖေးဂရော့ဆီက ယူရေနီယံသတ္တရိုင်းသန့် ၁၀ စည်မှာ လစ်ဗျားရှိ ယခင် ကြေညာထားသည့် နေရာတွင် ရှိမနေတော့ဟု စစ်ဆေးသူများက ယခုသတင်းပတ်အတွင်း အစီရင်ခံ ခဲ့ကြောင်း အဖွဲ့ဝင်နိုင်ငံများကို အသိပေးခဲ့သည်။


 
ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က အဆိုပါယူရေနီယံများကို ပြီးခဲ့သည့်နှစ်ကတည်းက စစ်ဆေးရန် စီစဉ်ခဲ့သော်လည်း ဒေသတွင်းလုံခြုံရေးအခြေအနေကြောင့်‌ ရွှေ့ဆိုင်းခဲ့ရပြီး ယခု သတင်းပတ်အင်္ဂါနေ့တွင်သာ သွားရောက်နိုင်ခဲ့‌ကြောင်း IAEA အကြီးအကဲက ပြောကြားခဲ့သည်။


 
၂၀၀၃ ခုနှစ် ခေါင်းဆောင် မွမ်မာကဒါဖီလက်ထက်တွင် လစ်ဗျားသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်တို့နှင့် လျို့ဝှက်ဆွေးနွေးမှုလုပ်ဆောင်ပြီးနောက် ၎င်းတို့၏ နျူကလီးယား၊ ဓာတု နှင့် ဇီဝလက်နက် စမ်းသပ် ထုတ်လုပ်ရေးအစီအစဉ်ကို စွန့်လွှတ်ခဲ့သည်။


 
အာဏာရှင်ကဒါဖီလက်ထက်တွင် နျူကလီးယားလက်နက်ထုတ်လုပ်သည့်အဆင့်ထိ မရောက်ရှိခဲ့ သော်လည်း ယူရေနီယံသန့်စင်ရေးအတွက် စက်ဒလက်များ တပ်ဆင်နိုင်ခဲ့သည်။


 
နေတိုးကျောထောက်နောက်ခံပြု လူထုအုံကြွမှုနှင့် ၂၀၁၁ ခုနှစ် ကဒါဖီကျဆုံးပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းများဖြင့် ပတ်ချာလည်ဝိုင်းကာ ပြည်ပနိုင်ငံများ ကျော ထောက်နောက်ခံပြု အတိုက်အခံ ပြည်သူ့စစ်အဖွဲ့များနှင့် အားပြိုင်နေခဲ့သည်။  လစ်ဗျား၏ လက်ရှိ နိုင်ငံ‌ရေးထိန်းချုပ်မှုမှာလည်း အနောက်ပိုင်း မြို့တော်ထရီပိုလီရှိ အမည်ခံ ယာယီအစိုးရနှင့် အာဏာရှင်ဆန်ဆန် စစ်ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ ကျောထောက်နောက်ခံပြု အစိုးရကြား နှစ်ခြမ်းကွဲလျှက်ရှိသည်။


 
နှစ်ဖက်ကြား နောက်ဆုံး လက်နက်ကိုင်တိုက်ပွဲကြီးမှာ ၂၀၂၀ တွင် အဆုံးသတ်ခဲ့သည့်တိုင် ကြိုကြား ကြိုကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။


 
 
Source/ပုံ – Al Jazeera/Reuters

Burma Associated Press

လစ်ဗျား
ယူရေနီယံ
နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ
နျူကလီးယားလက်နက်

Share With
bap-logo