bap-logo
International

ထိုင်ဝမ်ကိုကျောခိုင်း၍ တရုတ်နှင့်ဆက်ဆံ တော့မည့် ဟွန်ဒူးရပ်စ်

MkpEaA_gOVqvKGcOKmwUM-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၅
 
ဗဟိုအမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ်နှင့်အဆက်အသွယ်ဖြတ်ကာ တရုတ်နှင့် သံတမန်ဆက်ဆံရေးထူထောင်မည်ဟု သမ္မတ ဆီယိုမာရာ ကက်စထရို (Xiomara Castro) က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။


 
တရုတ်သည် ကမ္ဘာတဝှမ်းနိုင်ငံများ " တရုတ်တစ်ပြည်ပေါ်လစီ"ကို အသိအမှတ်ပြုရန် ဒေါ်လာ ဘီလျံများစွာ အသုံးပြုထားပြီး ဟွန်ဒူးရပ်စ်ဘက်ပြောင်းထောက်ခံလာမှုကြောင့် ထိုင်ဝမ်ကို အသိအမှတ်ပြုသည့်နိုင်ငံ ၁၃ နိုင်ငံသာ ကျန်တော့မည်ဖြစ်သည်။


 
သမ္မတ ကက်စထရိုက သူမအနေဖြင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေး၀န်ကြီး အက်ဒွာဒိုရေနာအား တရုတ် နှင့် ညှိနှိုင်းမှုစတင်ရန် ညွှန်ကြားထားကြောင်းနှင့် သူမ၏ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ လွတ်လပ်စွာနယ်မြေသစ် ခြေဆန့်လိုခြင်းဖြစ်ကြောင်း တွစ်တာတွင်ရေးသားခဲ့သည်။


 
ကက်စထရိုက ၂၀၂၁ ခုနှစ် သမ္မတမဲဆွယ်ပွဲအတွင်း ရွေးကောက်တင်မြှောက်ခံရပါက တရုတ်နှင့် ဆက်ဆံရေးထူထောင်မည်ဟု ပြောဆိုခဲ့သော်လည်း အမှန်တကယ်အာဏာရလာချိန်တွင် သူမ၏ မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၂၀၂၂ ဇန်နဝါရီတွင်မူ ဟွန်ဒူးရပ်စ်အနေဖြင့် ထိုင်ဝမ်နှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်နှင့် သံတမန်ဆက်ဆံရေးထူထောင်ရေးမှာ သမ္မတ Castro အတွက် ဦးစားပေးမဟုတ်ကြောင်း အေပီသတင်းဌာနကို ပြောကြားခဲ့သည်။


 
ရေနာက ဟွန်ဒူးရပ်စ်အစိုးရအနေဖြင့် ထိုင်ဝမ်နှင့်ဆက်ဆံရေးမှ ရရှိခဲ့သည့် အကျိုးအမြတ်ကို ချိန်ဆ ခဲ့ပြီး လောလောဆယ်တွင် ပြောင်းလဲရန်အကြောင်းမရှိသေးကြောင်း ယခင်က ပြောဆိုထားခဲ့သည်။


 
အဆိုပါသတင်းနှင့်ပတ်သက်၍ ဟွန်ဒူးရပ်စ်၏ ဘက်ပြောင်းမှုမှာ အလွန်စိုးရိမ်ဖွယ်ကောင်းပြီး နှစ် နိုင်ငံကြား ကာလရှည်ဆက်ဆံရေးကို အထိခိုက်ခံ၍ "တရုတ်ထောင်ချောက်" ထဲသို့ မဆင်းသက်မိ စေရန် ချင့်ချိန်သင့်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။


 
ပေကျင်းအစိုးရဘက်ကမူ တစုံတရာမှတ်ချက်ပေးထားခြင်း မရှိသေးပါ။


 
တရုတ်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီနိုင်ငံ ထိုင်ဝမ်ကို ၎င်းတို့အပိုင်အဖြစ် အခိုင်အမာ ပြောဆိုထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ထိန်းချုပ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက် ထားသည်။ ထို့အပြင် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးထားရှိသည့် နိုင်ငံအများစုကို ခပ်ခွာခွာ ဆက်ဆံသကဲ့သို့ အဆိုပါနိုင်ငံများက ထိုင်ဝမ်နှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်လာလျှင်ပင် လက်တုန့်ပြန် မည်ဟု ခြိမ်းခြောက်ပြောဆိုလေ့ရှိသည်။


 
၂၀၂၁ ခုနှစ် အောက်တိုဘာလက တရုတ်အစိုးရသည် လစ်သူယေးနီးယားနိုင်ငံက ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးမြှင့်ပြီးနောက် ၎င်းတို့၏ သံအမတ်ကို တရုတ်နိုင်ငံအတွင်းမှ နှင်ထုတ်၊ သံတမန် ဆက်ဆံရေးအဆင့်ချကာ ကုန်သွယ်ရေးပိတ်ဆို့ခဲ့သည်။ လစ်သူယေးနီးယားကလည်း ထိုအချိန်မှစ၍ ပေကျင်းသံရုံးကို ပိတ်ကာ ထိုင်ဝမ်တွင် ကုန်သွယ်ရေးရုံး ဖွင့်လှစ်ခဲ့သည်


 
အခုဖြစ်ရပ်တွင်မူ ဟွန်ဒူးရပ်စ်အစိုးရဘက်က မည်သည့်အတွက်ကြောင့် တရုတ်ဘက်သို့ တိမ်းညွတ် သွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ဟွန်ဒူးရပ်စ်တွင် လက်ရှိ ဧရာမ ရေကာတာကြီးတစ်ခု ဆောက်လုပ်လျှက်ရှိသည့် တရုတ်သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘက်ပြောင်းထောက်ခံရေး မက်လုံးအဖြစ် အသုံးချလျှက်ရှိပြီး မကြာသေးမီ ကလည်း ဆော်လမွန်ကျွန်းစုနိုင်ငံအပါအဝင် တောင်ပစိဖိတ်နိုင်ငံများ၊ ကော်စတာရီကာ၊ ပနားမား၊ အယ်လ်ဆာဗေးဒေါ၊ နီကာရာဂွာတို့ကို ယင်းသို့ မက်လုံးပေးဆွဲဆောင်ခဲ့သည်ကို တွေ့ရသည်။
 

Source – NPR/The Guardian
 
ပုံ - ဟွန်ဒူးရပ်စ်သမ္မတ ဆီယိုမာရာ ကက်စထရို

Burma Associated Press

ထိုင်ဝမ်
ဟွန်ဒူးရပ်စ်
တရုတ်

Share With
bap-logo