bap-logo
International

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်က လာဘ်ထိုး၊ ခြိမ်းခြောက်ခဲ့ကြောင်း မိုက်ခရိုနီးရှားသမ္မတ စွပ်စွဲ

4ILy5Vyg18edkybEd8cpQ-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၀

 

တရုတ်အစိုးရသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သိမ်းယူရေးကြိုးပမ်းချက် တစိတ်တပိုင်းအနေဖြင့် ၎င်းတို့၏ အစိုးရတာဝန်ရှိသူများကို လာဘ်ပေးပြီး သူ၏လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်ခဲ့ကြောင်း ကမ္ဘာ့ အသေးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မိုက်ခရိုနီးရှားနိုင်ငံ၏ မကြာခင်ရာထူးက ထွက်ခွာတော့မည့် သမ္မတ ဒေးဗစ် ပန်နူရယ်လို (David Panuelo) က စွပ်စွဲလိုက်သည်။

 

ကွန်ဂရက်လွှတ်တော်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများထံပေးပို့သော ၁၃ မျက်နှာပါ ပေးစာတွင် ပေကျင်း အစိုးရသည် လာဘ်ပေးခြင်း၊ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခြင်းနှင့် ငွေပေးနှုတ်ပိတ်ခြင်း အပါအဝင် ဗြောင်ကျကျလုပ်ဆောင်၍တမျိုး ခိုးကြောင်ခိုးဝှက်တဖုံ နိုင်ငံရေးစစ်ပွဲ ဆင်နွှဲနေကြောင်း မိုက်ရိုနီးရှားသမ္မတက စွပ်စွဲထားခြင်းဖြစ်သည်။

 

လာမည့်မေလတွင် ရာထူးမှထွက်တော့မည့် သမ္မတ ပန်နူရယ်လိုက တရုတ်က ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပါက မိုက်ခရိုနီးရှားအနေဖြင့် တရုတ်ဘက်ပါရန် သို့မဟုတ် ကြားနေဖြစ်လာစေရန် ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

 

လူဦးရေ ၁၁၅,၀၀၀ အောက်သာရှိသော မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုသည် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုထံမှ ဘဏ္ဍာရေးအကူအညီနှင့် ကာကွယ်ရေး အာမခံချက်များ ရရှိထားသည်။

 

"သို့သော်လည်း အချုပ်အခြာအာဏာအပေါ်  သက်ရောက်မှုကလွဲပြီး လက်တွေ့အားဖြင့် ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ၊ သမုဒ္ဒရာပိုင်နက်နဲ့ လုံခြုံရေးအပေါ် တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုကြောင့် အကယ်၍ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ ဆုံးဖြတ်တဲ့နေ့ကျရင် တရုတ်နဲ့ သြစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ နယူးဇီလန်တို့နဲ့ ပဋိပက္ခဖြစ်နိုင်ခြေ ပိုများပါတယ်" ဟု ပေါက်ကြားခဲ့သည့် မတ်လ ရက်နေ့ ရက်စွဲပါစာတွင် ပန်နူရယ်လိုက ပြောကြားခဲ့သည်။

 

ရှင်းရှင်းလင်းလင်းပြောရရင် ထိုင်ဝမ်ကိုသိမ်းယူရေးဟာ တရုတ်ရဲ့ ရေရှည်ရည်မှန်းချက်ပါ။ ဖြစ်နိုင်ရင် အနုနည်းနဲ့ သိမ်းမယ်၊ လိုအပ်ရင် အကြမ်းနည်းသုံးမယ်။"

 

ပြီးခဲ့သည့်နှစ် ဖီဂျီရှိ ပစိဖိတ်ကျွန်းများဖိုရမ်သို့ တက်ရောက်စဉ် ထောက်လှမ်းရေးအရာရှိ တစ်ဦး အပါအဝင် တရုတ်အမျိုးသားနှစ်ဦးက သူ့ကို နောက်ယောင်ခံခဲ့ကြောင်းလည်း ပန်နူရယ်လိုက ဆိုသည်။

 

"တကယ်တမ်းပြောရရင် ကျွန်တော်ဟာ တရားဝင်စေလွှတ်ထားတဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ခဲ့ရတာပါ"

 

ထို့အပြင် တရုတ်တာဝန်ရှိသူများက ပြည်တွင်းတာဝန်ရှိသူများအား နှုတ်ဆိတ်၍ ၎င်းတို့၏ လှုပ်ရှားမှုများတွင် ကြံရာပါြဖစ်အောင် လာဘ်ပေးခဲ့ကြောင်းလည်း ပြောဆိုထားသည်။

 

"ဒီလိုစကားမျိုးပြောရတာ အလွန်တာဝန်ကြီးပေမဲ့ ဒီအတိုင်းပဲ ပြောရမှာပါပဲ။ တရုတ်သံရုံးမှာ ထမင်း သုံးဆောင် ပြီးနောက် ဒါမှမဟုတ် တရားဝင်ခန့်အပ်ခံရပြီးနောက် စာအိတ်အပြည့် ငွေသားတွေ ထိုးပေးတာကို ကျွန်တော်တို့ ဘယ်လိုခေါ်ကြမလဲ။ ပေကျင်းကို သွားရောက်လည်ပတ်တဲ့ ထိပ်တန်းအရာရှိ တစ်ယောက်ကို အမြော်အမြင်ရှိရှိ စမတ်ဖုန်းပေးတာကို ကျွန်တော်တို့ ဘယ်လိုခေါ်ကြမလဲ" ဟု ၎င်းက ပြောသည်။

 

ပန်နူရယ်လိုက သူ့အနေဖြင့် မဟာမိတ်လက်တစ်ဆုပ်စာသာသာရှိသည့် တိုင်ပေကို အသိအမှတ်ပြုရေးကိုလည်း အားပေးကြောင်း၊ ပြီးခဲ့သည့်လက ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့်တွေ့ဆုံကာ မိုက်ခရိုနီးရှားက ထိုင်ဝမ်နှင့်ထိတွေ့ဆက်ဆံပါက အပြန်အလှန်အားဖြင့် ရရှိနိုင်မည့်အကူညီများ အကြောင်း မေးမြန်းခဲ့ကြောင်း လည်း စာတွင် ရေးသားထားသည်။

 

"နိုင်ငံခြားရေးဝန်ကြီးဝူကို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျွန်တော်နိုင်ငံရဲ့ အနာဂတ် လိုအပ်ချက် ဖြည့်ဆည်းဖို့ ဒေါ်လာ သန်း ၅၀ လိုတယ်။ တကယ်လို့ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး တည်ဆောက်မယ်ဆိုရင် ဒီအကူအညီကို သုံးနှစ်အတွင်း ကျွန်တော်တို့ ရနိုင်တယ်။"

 

ထို့အပြင် ထိုင်ဝမ်က မိုက်ခရိုနီးရှားအတွက် ငွေကြေးထောက်ပံ့မည်ဖြစ်သလို ပေကျင်းအစပြုခဲ့သည့် မပြီးသေး သည့် စီမံကိန်းများကို လွှဲပြောင်းတာဝန်ယူရန်လည်း သဘောတူခဲ့ကြောင်း ပန်နူရယ်လိုက ပြောကြားထားသည်။

 

မိုက်ခရိုနီးရှားခေါင်းဆောင်၏ ပြောဆိုချက်များမှာ သားပုပ်လေလွင့်စွပ်စွဲချက်သာဖြစ်ပြီး အမှန်တရားနဲ့ ကင်းကွာကြောင်း တရုတ်အစိုးရ အလျင်အမြန် ရှုတ်ချခဲ့သည်။

 

Source – Al Jazeera

ပုံ - မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုသမ္မတ သမ္မတ ဒေးဗစ် ပန်နူရယ်လို။

 

Burma Associated Press

တရုတ်
ထိုင်ဝမ်
ပဋိပက္ခ
မိုက်ခရိုနီးရှား

Share With
bap-logo