bap-logo
Article

ဒုက္ခသံသရာ အဆက်ဆက်နှင့် ကရင်နီဒေသက အမျိုးသမီးများ

3stxsXM4iidoSaTQaamry-image

လွန်ခဲ့သော တစ်လ က

ဇွန် ၂၇။

 

ကလေး ထပ်မယူနဲ့ဦး၊ ငါတို့အသက်ကြီးတဲ့သူတွေတောင်ကြောက်တာ သူတို့ဆိုပိုဆိုးမှာပေါ့ဟု ကရင်နီဒေသ ဒီမော့ဆိုးမြို့နယ်အတွင်း နေထိုင်သည့် ကလေးသုံးဦးမိခင် ဒေါ်အန်နာ(အမည်လွှဲ) ၎င်း၏ အမျိုးသမီးမိတ်ဆွေများသာရှိသည့်စကားဝိုင်းတွင် ပြောဖြစ်ခဲ့သည်။

 

ဒေါ်အန်နာ၏ကလေးများသည် အလယ်တန်းနှင့် မူလတန်းကျောင်းသားများဖြစ်သဖြင့် ချီပိုးရသည့် အရွယ်မဟုတ်သောကြောင့် လေယာဥ်လာလျှင် ဗုံးခိုကျင်းသို့သွားချီပိုး၍ ခေါ်သွားရန်မလိုပေ။

 

၎င်းတို့စကားဝိုင်းတွင် အသက်နှစ်ဆယ်မှလေးဆယ်အတွင်း အမျိုးသမီး ဦးခန့်ရှိပြီး တဦးမှလွဲ၍ ကျန်အားလုံးမှာ ကလေးမိခင်များဖြစ်ကြသည်။ စကားဝိုင်းရှိ အသက် ၂၅ ဝန်းကျင်ခန့် အမျိုးသမီး၏ ပထမဆုံးကလေးမှာ လမ်းလျှောက်တက်ကာစ ချီပိုးရသည့် အရွယ်ဖြစ်ကာ စကားပြောနေသည့် မိခင်ရင်ခွင်တွင် အိပ်ပျော်နေလျက်ရှိသည်။ ဆံပင်အရှည် ရှိပြီး ခန္ဓာကိုယ်ပိန်ပါးသည့် ထိုအမျိုးသမီးသည် ဒေါ်အန်နာ၏စကားကို နားထောင်ရင်းမျက်လုံးများက အောက်ကိုငေးနေသည်။

 

ဒေါ်အန်နာမှာ ရိုမန်ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်သည်။ အခြားနှစ်ဦးမှာ ဗုဒ္ဓဘာသာဝင် ရှမ်းလူမျိုး ဖြစ်၍ ကျန်တစ်ဦးမှာ တံခွန်ဘာသာဝင်ဖြစ်သည်။ ကရင်နီဒေသတွင်း လူမှုယဥ်ကျေးမှုအရပင် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခြင်းနှင့် သန္ဓေတားခြင်းကို အားပေးခြင်းမရှိပေ။ ဒေါ်အန်နာ ကိုးကွယ်သည့် ရိုမန်ကတ်သလစ် ဘာသာတွင် သန္ဓေတားခြင်းကို အပြစ်ဟုယူဆသည်။

 

ကရင်နီမှာ သားဆက်ခြားပညာပေးမသွားခင် gender(လူမှုလိင်ခံယူမှု) ကိစ္စသွားရင်တောင် မသင့်တော်ဘူးဆိုပြီး ပြောလာတာတွေရှိတယ်

 

 

ဖိုဝါဒကြီးစိုးသည့် ဒေသဖြစ်သည့်အလျောက် အမျိုးသမီးများသည် ကလေးရသလောက် ယူရမည် ဟူသော အတွေးအခေါ် လူကြီးပိုင်းများတွင် ကြီးစိုးသည်။

 

ကရင်နီမှာ သားဆက်ခြားပညာပေးမသွားခင် gender(လူမှုလိင်ခံယူမှု) ကိစ္စသွားရင်တောင် မသင့်တော်ဘူးဆိုပြီး ပြောလာတာတွေရှိတယ်။ ဘာသာရေးမှာ အယူရှိတယ်၊ သားဆက်ခြားတာ ကလေး အသက်ဆုံးရှုံးအောင်လုပ်တာ အဆင်မပြေဘူး။ မိန်းမဖြစ်ရင် ကြိုက်သလောက် ကလေးမွေးရမယ်၊ သွေးဆုံးတဲ့အထိမွေးရမယ်၊ ဒါမျိုးတွေရှိတယ်ဟုကရင်နီအမျိုးသမီးအစည်းအရုံး (Karenni National Women Organization) မှ အတွင်းရေးမှုုး မော်ဖရေးမြာက ပြောသည်။

 

ကရင်နီအမျိုးသမီးအစည်းအရုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလဖြစ်သည့် ၁၉၉၃ ခုနှစ် ကတည်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကရင်နီ စစ်ဘေးရှောင်အမျိုးသမီးနှင့် ကလေးသူငယ် များ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်လာခဲ့သည်။ သားဆက်ခြားခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ဒေသတွင်း လုပ်ငန်းအတွေ့အကြုံများအရ ကလေးအရွယ်နှင့်လူငယ်ပိုင်းက လက်ခံမှုရှိကြပြီး မိဘများနှင့် သက်ကြီးပိုင်းများက လက်မခံကြကြောင်း ဆိုသည်။

 

ကရင်နီရဲ့ ပစ္စုပ္ပန်

 

ကရင်နီဒေသသည် ၂၀၂၁ စစ်အာဏာသိမ်းမှုအား အရှိန်အဟုန်နှင့် လက်နက်ကိုင်ပြန်လည် တွန်းလှန်ခဲ့သည်။ ကရင်နီဒေသတွင် လူဦးရေ သုံးသိန်းခန့်ရှိသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် စစ်ရှောင်ဦးရေသည် ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ ကွန်ယက် (Karenni Civil Society Network ) ယခုနှစ်မေလ ဒုတိယအပတ်အတွင်း ထုတ်ပြန်ချက်အရ နှစ်သိန်းရှစ်သောင်းကျော်ခန့်ရှိသည်။ ယင်း အချက်အလက်အရ ကရင်နီဒေသတွင် လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်ခန့်သည် စစ်ရှောင်များဖြစ်လာကြပြီးဖြစ်သည်။

 

ဒေသအတွင်း ဒေသခံကာကွယ်ရေးလက်နက်ကိုင်များအားကောင်းမှုကြောင့် အရပ်သား ပြည်သူများသည် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းထိုးသည့် အန္တရာယ်ထက် လေယာဥ်အန္တရာယ်၊ အဝေးမှ လှမ်းပစ်သည့် လက်နက်ကြီးအန္တရာယ်တို့ကို ပိုမိုရင်ဆိုင်ကြရသည်။

 

စစ်ဘေးသင့်ဧရိယာဖြစ်သောကြောင့် သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲ ကြပ်တည်းသည်။ ဒေသတွင်း ပြည်သူများသည် စစ်ဖြစ်နေသည့်နှစ်ဖက်အကြား သယ်ယူပို့ဆောင်သွားလာမှု အခက်အခဲကြောင့် အစား အသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ရှားပါးကြပ်တည်းခြင်းကို ကြုံရသည်သာမက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပိုမိုဆင်းရဲကြပ်တည်းမှုခံကြရသည်။

 

ဒေသတွင်း ဆေးရုံ ဆေးခန်းများသည် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေယာဥ်အန္တရာယ်ကို အချိန်မရွေးရင်ဆိုင်ရနိုင်သည်။ ယခုနှစ်မတ် ၂၂ မနက်ပိုင်းတွင် ကရင်နီဒေသ ဖယ်ခုံမြို့နယ်ရှိ လအိဆေးရုံသည် စစ်ကောင်စီ၏လေယာဥ်ဗုံးကြဲမှုကြောင့် အဆောက်အဦတခုလုံးနီးပါး ပျက်စီးခဲ့သည်။ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်တစ်ဦးနှင့်ရွာခံတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ လူမှုကွန်ယက်မှတဆင့် ကြေညာထားသည်။

 

စစ်ပွဲထဲက ကိုယ်ဝန်ဆောင်

 

အသက် ၂၂ နှစ်အရွယ် ကုန်းသာရွာသူ မရီရီ (အမည်လွှဲ) သည် ၂၀၂၁ နှစ်ကုန်ပိုင်း ဒေသခံကာကွယ်ရေး လက်နက်ကိုင်များနှင့် စစ်ကောင်စီကြားတိုက်ပွဲများ ဖြစ်ပွားစဥ်ကတည်းက စစ်ဘေးရှောင်ရသူ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် လက်ထပ်ပြီးနောက် ၂၀၂၃ တွင် ကိုယ်ဝန်ရလာသည်။

 

ကိုယ်ဝန်ဆောင်ကာလအစောပိုင်း၌ ဆုံစို့၊ ကြက်ညှာနှင့် မေးခိုင်ရောဂါသုံးခုလုံးအတွက် ပါဝင်သည့် ကာကွယ်ဆေးတစ်မျိုးကို ကြိမ်ထိုးရသည်။ ထိုဆေးသည် ရေခဲနှင့်သယ်ယူသိမ်းဆည်း ရသောကြောင့် ဒေသအတွင်းပိုင်းရှိရွာများတွင်မရနိုင်ပေ။

 

သူ ကိုယ်ဝန်ပြလေ့ရှိသည့် စစ်ရှောင်ဆေးခန်းမှ သူနာပြုဆရာမက ရီရီ့အားလွိုင်ကော်သွားရဲသလားဟု မေးသည့်အခါ သားဦးကိုယ်ဝန်ဆောင်ခြင်းအတွက် စွန့်စားခန်း ဖွင့်ရတော့သည်။

 

သားဦးကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးရန်အတွက် ရီရီတယောက် ၂၀၂၃ နှစ်ကုန်ပိုင်း အချိန်တွင် လွိုင်ကော်မြို့နယ်ဆေးရုံသို့သွားခဲ့ရသည်။ ၎င်းနေထိုင်ရာအရပ်မှ လွိုင်ကော်မြို့သို့လမ်း တစ်လျှောက်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များရှိပြီး စစ်ဆေးရေးတင်းကြပ်သည်။ ထိုအချိန်ထိ လွိုင်ကော်မြို့သည် စစ်ကောင်စီတပ်အခြေချကာ ထိန်းချုပ်ထားသည့်အရပ်ဖြစ်သည်။

 

အာဏာသိမ်း စစ်ကောင်စီတပ်သားများ၏ စစ်ဆေးရေးဂိတ်များသည် သာမန်အရပ်သားပြည်သူများကိုပင် မထင်သလို ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း စသည့်အပြုအမူများဖြင့် ဒေသခံများ အကြားကျော်ကြားသည်။

 

ထို့ကြောင့် ဆေးထိုးရန်သွားရသည့်လမ်းကို ရီရီ့အမျိုးသားပင် ၎င်းနှင့်အတူတူ မသွားနိုင်ပေ။

 

ရီရီက ပထမအကြိမ်တွင် စွန့်စား၍ ကာကွယ်ဆေးသွားထိုးခဲ့သည်။ ပထမအကြိမ် ဆေးသွားထိုးပြီးနောက် မကြာမီ ၂၀၂၃ နိုဝင်ဘာတွင် ကရင်နီဒေသတွင်း လက်နက်ကိုင်တပ်များ၏ ၁၁၁၁ စစ်ဆင်ရေးဖြင့် လွိုင်ကော်မြို့တွင်းတိုက်ပွဲဖော်ဆောင်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီ၏မြို့တွင်း အစိုးရယန္တရား လည်ပတ်မှုရပ်တန့်သွားခဲ့ပြီး ကာကွယ်ဆေးလည်းမရနိုင်တော့ပေ။ ဒုတိယအကြိမ် ကာကွယ်ဆေးကိုမူ ရီရီမထိုးနိုင်တော့ပေ။

 

သားဦးမဟုတ်ရင်လာမှာမဟုတ်ဘူး။ သားဦးမဟုတ်ရင် နိုင်ငံရေးလည်းမဆိုးရင် မလာတာပဲ ကောင်းတယ်။ ပိုက်ဆံတွေ ကုန်တာပေါ့။

 

 

ထိုကိုယ်ဝန်လေးလ ဝန်းကျင်အထိ ဒီမော့ဆိုမြို့နယ်အတွင်းတွင်ပင် နေထိုင်ကာမွေးဖွားရန် ပြင်ဆင်ခဲ့ သော်လည်း စစ်ရေးအခြေအနေမတည်ငြိမ်မှုနှင့် ပထမဆုံးကလေးမွေးဖွားရမည်ကို စိုးရိမ်မှုများကြောင့် မလုံခြုံသည့် ကရင်နီဒေသမှစွန့်ခွာလာခဲ့သည်။

 

ပိုမိုလုံခြုံမှုရှိရုံသာမက ဆေးဝါးနှင့် ဆေးဝါးထောက်ကူ ပစ္စည်းစုံလင်ကာ ဆရာဝန် မရှားပါးသည့် ထိုင်းနိုင်ငံအတွင်းသို့ဖြစ်သည်။

 

ထိုင်းနိုင်ငံသို့

 

၎င်းထက် နှစ်ပေါင်းများစွာ အရင်ရောက်ရှိနေသော ထိုင်းနိုင်ငံအတွင်းတရားဝင်နေထိုင်ခွင့်နှင့် နိုင်ငံသားကဲ့သို့ကျန်းမာရေး စောင့်ရှောက်မှု ရရှိထားသည့် ဆွေမျိုးတစု၏အကူအညီကြောင့် ၎င်း၏ကလေးမီးဖွားရန်ခရီးစဥ်သည် အစီအစဥ်ကျပါသည်။

 

သားဦးမဟုတ်ရင်လာမှာမဟုတ်ဘူး။ သားဦးမဟုတ်ရင် နိုင်ငံရေးလည်းမဆိုးရင် မလာတာပဲ ကောင်းတယ်။ ပိုက်ဆံတွေ ကုန်တာပေါ့။ ကိုယ်နေတဲ့နေရာမှာ ဆေးရုံဆေးခန်းတွေမှာ အဆင်ပြေရင် အဲ့မှာပဲမွေးစေချင်တာ။ မှောင်ခိုမဟုတ်ရင်တော့ အဆင်ပြေတယ်ဟု ရီရီက ၎င်း၏အတွေ့အကြုံ မှတဆင့်အကြံပေးသည်။လက်နက်ကြီးတွေကျရင် ဆေးရုံမှာ (ပြည်တွင်း) မလုံခြုံရင် ဒီမှာ (ထိုင်း) မွေးတာက ပိုကောင်းတယ်ဟု ဆိုလေသည်။

 

ထိုင်းနိုင်ငံတွင် အစိုးရဆေးရုံတွင် ဆေးကုသစရိတ်မှာ သူ့နိုင်ငံသားများအတွက် သက်သာသည်ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းများအတွက် မသက်သာပါ။တခေါက် သွား၊ တခေါက်ကုန်ပဲ။ ကရင်နီမှာနေတာတောင် အဲ့လောက်မကုန်ဘူး။ ဒီတခေါက်သွားတာ ၃၀၀ ဘတ်ကုန်တယ်။ အရင်ဆို ရှစ်ရာကျော်၊ တစ်ထောင်ကျော် လောက်ကုန်တယ်ဟု ရီရီ ကဆိုသည်။ လက်ရှိတွင် မြန်မာငွေတစ်ကျပ်သည် ဘတ်ငွေ ၁၂၀ ကျော်ခန့်ပေါက်သည်။ ကရီနီဒေသ၌ စစ်ဘေးရှောင်စခန်းတွင် ဆေးခန်းပြသည့်အခါ စေတနာရှိသလောက်သာ ပုံးထဲထည့်ရုံပင်၊ ယင်းအခြေအနေထက် ကုန်ကျစရိတ်များစွာရှိကြောင်း ရီရီက ပြောသည်။

 

ကရင်နီ မှ ထိုင်းသို့ စာရွက်စာတမ်းမပါဘဲ ကူးသန်းရန် မှောင်ခိုနည်းကို အသုံးပြုရသည်။ ထိုမှောင်ခိုနည်းအတွက် တစ်ဦးလျှင် လမ်းစရိတ်ချည်းပင် အနည်းဆုံး သိန်း ၂၀ ခန့်ကုန်ကျစရိတ်ရှိသည်။ ယင်းသည် ၂၀၂၃ ခုနှစ်အစောပိုင်းကာက ဈေးဖြစ်ပြီး ရီရီ သွားသည့်အချိန်တွင် ထိုဈေးထက် ပိုမိုမြင့်တက်ဖွယ်ရာရှိသည်။

 

ကရင်နီ၌ ဒေသခံဖြစ်သည့်ရီရီ့တို့မိသားစု၌ လယ်လုပ်နိုင်သည့်မြေရှိသေးပြီး ဝင်ငွေအနည်းငယ် သို့မဟုတ် စားသောက်ရန်အတွက် စစ်ကောင်စီ၏အရိပ်အခြေကြည့်ကာ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်နိုင်သည်။ ထို့အပြင် ကရင်နီဒေသတွင် မည်သည့်အရပ်၌ မည်သည်ရှိပြီး ဘယ်ရွေ့ဘယ်မျှ ဝယ်ခြမ်းရမည်ကို လွယ်ကူစွာ ဆုံးဖြတ်နိုင်သည်။

 

ထိုင်းနိုင်ငံတွင်မူ ရီရီ တစ်ယောက် ဖုန်းဘေပင် ကိုယ်တိုင်မဖြည့်နိုင်ပါ။ အနီးအပါး သို့သွားလာရန်မှာ ထိုနယ်မြေကို မသိရုံသာမက ထိုင်းစကားမတတ်သည့်အပြင် တရားဝင်စာရွက်စာတမ်း အပြည့်အစုံ မရှိသောကြောင့် ကရင်နီဒေသတွင်ကဲ့သို့ တစ်ဦးတည်း စိတ်ရှိသလိုမသွားလာနိုင်ပေ။

 

ရီရီသည် နယ်စပ်မှ တရားမဝင်ဖြတ်ကျော်လာပြီး စာရွက်စာတမ်းအထောက်အထားများ မရှိသော်လည်း ဆွေမျိုးအကူအညီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးထံမှထောက်ခံစာနှင့် ချင်းမိုင်မြို့ရှိ အစိုးရ ဆေးရုံကြီးတွင် ၎င်း၏ကလေးမွေးဖွားမှုအတွက် စိတ်ချရမှုတစုံတရာကို ရှာဖွေခွင့်ရခဲ့သည်။ ၎င်း၏ကလေးအဖေ နေရာတွင်မူ ထိုင်းနိုင်ငံသားဖြစ်နေပြီးသည့် ဆွေမျိုးတဦးအမည်ထည့်ရကာ ၎င်း၏ခင်ပွန်းအမည်ကိုတော့ စာရင်းတွင်မထည့်နိုင်ပေ။

 

သွေးအားနည်းတာဆို သံဓါတ်အားဖြည့်ဆေးပေးတယ်။ အာထရာဆောင်း ရိုက်လို့ရတယ်၊ ဟိုဘက် (ကရင်နီ) မှာ ဆေးရုံဆေးခန်းတွေက လေယာဥ်လာရင် ဝဲနေရင်ကြောက်တာ။

 

 

ထိုင်း-ကရင်နီ နယ်စပ်အနီးတွင်ရှိသည့်မြို့မှ ၎င်းတည်းခိုရာရပ်ကွက်တွင်လည်း ကျန်းမာရေး ဆေးပေးခန်းများရှိပြီး ကိုယ်ဝန်ဆောင်များအတွက် အားဆေးအပါအဝင် အခြားဆေးဝါးများကို အလွယ်တကူရနိုင်သည်။ ဆေးပေးခန်းနှင့် ဆေးရုံကြီး နှစ်ခုလုံးတွင် ကိုယ်ဝန်အပ်နိုင်ပြီး ကလေးမွေးလျှင်လည်း ဗိုက်ခွဲမွေးရန်စိတ်ချရသဖြင့် ရီရီ၏ပထမဆုံးကလေးမွေးဖွားမှု အပေါ်စိုးရိမ်မှုကို လျော့ကျစေသည်မှာအမှန်ပင်။

 

သွေးအားနည်းတာဆို သံဓါတ်အားဖြည့်ဆေးပေးတယ်။ အာထရာဆောင်း ရိုက်လို့ရတယ်၊ ဟိုဘက် (ကရင်နီ) မှာ ဆေးရုံဆေးခန်းတွေက လေယာဥ်လာရင် ဝဲနေရင်ကြောက်တာ။ ဆေးရုံဆေးခန်းတွေမှာ ပစ္စည်းအစုံအလင်မရှိဘူး။ မွေးဖို့ဖွားဖို့ စိုးရိမ်လာတာတစ်ခုဟု ရီရီက ပြောသည်။

 

ကရင်နီဒေသတွင် ၎င်းအတွက် ဖောလစ်အက်ဆစ်ကဲ့သို့ ကိုယ်ဝန်ဆောင်အားဆေးများကို စစ်ဘေးရှောင် စခန်းရှိဆေးပေးခန်းတွင်ရရှိနိုင်သော်လည်း ကိုယ်ဝန်ဆောင်ကာကွယ်ဆေး မထိုးပေး နိုင်ပေ။ ဒေသအတွင်းသို့ ဆေးတင်သွင်းရန် လမ်းကြောင်းအခက်အခဲအပြင် ဆေးအာနိသင် မပြယ်စေရန် ထိန်းသိမ်း စောင့်ရှောက်နိုင်မှု အားနည်းချက်တို့ကြောင့်ဖြစ်သည်။

 

ဒီမော့ဆိုတွင်ရှိစဉ်က ကလေးကာကွယ်ဆေးထိုးရန် လျွိုင်ကော်သို့ အတူသွားခဲ့ကြသည့် အခြားသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကမူ ကရင်နီဒေသတွင် ကျန်ခဲ့သည်။ ထိုင်းတွင် ပိုကောင်း သည့် ဝန်ဆောင်မှုကို ထိတွေ့ခွင့်ရသည့် ရီရီသည် ကာကွယ်ဆေးထိုးရန် လမ်းခရီးကိုအတူ ဖြတ်သန်းခဲ့သည့် ထိုသူငယ်ချင်းအား သတိရမိကြောင်းဆိုသည်။

 

သူရော မွေးရတာအဆင်ပြေရဲ့လားလို့ပေါ့ရီရီက ပြောသည်။

 

ကာကွယ်ဆေး

 

ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သည့်ကာကွယ်ဆေးကို ယခင်က စစ်ကောင်စီ တပ်ထိန်းချုပ် ထားသည့်လွိုင်ကော်မြို့နှင့် အရပ်ဖက်အဖွဲ့အစည်းများလှုပ်ရှားနိုင်သည့် ထိုင်း-ကရင်နီ နယ်စပ်တလျှောက်တွင် ရနိုင်သည်။ မြန်မာနိုင်ငံတွင်း အခြားမြို့များမှ လွိုင်ကော်မြို့သို့ လမ်းကြောင်းကို စစ်ကောင်စီကထိန်းချုပ်ထားသဖြင့် ဆေးပို့ရန်မှာ ခက်ခဲပြီး ရန်ရှာခံရသည့်အန္တရာယ်ရှိသည်။ ထိုင်းဘက်မှ ကရင်နီနယ်စပ်သို့ ပို့နိုင်သော်လည်း ကရင်နီအတွင်းပိုင်းသို့ရောက်ရန်မဖြစ်နိုင်သေးပေ။ ကာကွယ်ဆေးသည် ရေခဲနှင့် အပူချိန်ထိန်းထား၍သယ်ဆောင်ရန်နှင့် သိမ်းဆည်းရန် လိုအပ်သောကြောင့် ဖြစ်သည်။

 

ကာကွယ်ဆေးပို့ရတာကတော့ ရေခဲနဲ့ပို့ရတာဆိုတော့ နယ်စပ်တော့ရရင်ရမယ်၊ ပြည်တွင်း အထိက မထိုးနိုင်ဘူး၊ ၂၀၂၁ ကတည်းကပေါ့

 

 

ကာကွယ်ဆေးပို့ရတာကတော့ ရေခဲနဲ့ပို့ရတာဆိုတော့ နယ်စပ်တော့ရရင်ရမယ်၊ ပြည်တွင်း အထိက မထိုးနိုင်ဘူး၊ ၂၀၂၁ ကတည်းကပေါ့ဟုမော်ဖရေးမြာကဆိုသည်။ပြည်တွင်း(ကရင်နီ ဒေသတွင်း) မှာမလောက်ဘူး၊ ထိုင်းမှာ ညအိပ် ရက်သယ်ရတာဆိုတော့ သယ်နိုင်ရင်တောင် နည်းတယ်။ ရန်ကုန်ကဆို မလုံခြုံဘူး၊ မလောက်ဘူးဟု မော်ဖရေးမြာက ကာကွယ်ဆေးနှင့်ပတ်သက်၍ ၎င်းတို့ အတွေ့အကြုံများကိုဆိုသည်။

 

သားဆက်ခြားခြင်း

 

၂၀၂၁ စစ်အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးအရှိန်တက်ပြီးနောက်ကတည်းက အမျိုးသမီးများ အနေဖြင့် သားဆက်ခြားနည်းများတွင်လည်း ရွေးချယ်ခွင့်နည်းလာသည်။

 

သားအိမ်ထဲသို့သားဆက်ခြားကိရိယာထည့်သည့်နည်း။

 

လက်မောင်းထဲသို့သားဆက်ခြားကိရိယာထည့်သည့်နည်း တို့ကို အသုံးမပြုနိုင်သည်မှာ ၂၀၂၁ နောက်ပိုင်းကတည်းကပင်။ ယင်းနည်းများကို မီးယပ်ဆရာဝန်သို့မဟုတ် ထိုပစ္စည်းများထည့်သည့် သင်တန်းဆင်းလက်မှတ်ရှိသည့်အထွေထွေဆရာဝန်များကိုယ်တိုင်သာ လုပ်ပေးလေ့ရှိသည်။ ယင်းအတွက် ဆရာဝန်အင်အားမှာ အကန့်အသတ်ရှိပြန်သည်။ ကွန်ဒုံးနှင့် သောက်ဆေးများကိုတော့ လိုသလောက် ရရှိနိုင်သည်ဟု ရီရီကဆိုသည်။ ကရင်နီဒေသတွင် သားဆက်ခြားခြင်းကို အမျိုးသမီးများသာ အများအားဖြင့် တာဝန်ခံဆောင်ရွက်ကြရသည်။

 

တချို့ဆိုသားဆက်ခြား ဆေးတွေက ဒိတ်အောက်ကုန်လို့မလိုချင်တဲ့ ကိုယ်ဝန်ရသွားတာမျိုး။ ကိုယ်တိုင် စားစရာရှားနေတော့ ကလေးကိုဖျက်ချချင်တာမျိုး၊ ကလေးမလိုချင်လို့ လိင်မဆက်ဆံချင်တဲ့အခါ အမျိုးသားကအိမ်တွင်း အကြမ်းဖက်တာမျိုးက အများဆုံးတွေ့ရတယ်ဟု မော်ဖရေးမြာက ပြောသည်။

 

ဖိုဝါဒကြီးစိုးခြင်း

 

ကရင်နီဒေသတွင်း ဖိုဝါဒအားကောင်းလွန်းမှုသည် သားဆက်ခြားခြင်းနှင့် အခြားသော အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှု ပြဿနာရပ်များကို တိုက်ရိုက်သက်ရောက်မှုရှိစေသည်။

 

ဖိုဝါဒ ကြီးစိုးမှုရှိတုန်းပဲ၊ အမျိုးသားတွေ ကြီးစိုးမှုရှိတုန်းပဲ။ အော်တဲ့အမျိုးသမီးတွေက ပြည်နယ်ထဲက state holder တွေအမြင်ပွင့်အောင် နိုင်ငံတကာသိအောင်အော်တာပဲရှိသေးတယ်ဟု‌ မော်ဖရေးမြာက ဆိုသည်။ ၎င်းတို့အော်နေသည့် အမျိုးသမီးအခွင့်အရေးနှင့် ဖိနှိပ်မှုများကို နိုင်ငံရေးနှင့် မဆိုင်ဟုအပြောခံခဲ့ရသည်ရှိသည်ဟု မော်ဖရေးမြာက ၎င်းအတွေ့အကြုံကိုပြောပြသည်။

 

အမျိုးသားနဲ့လည်း သားဆက်ခြားကသက်ဆိုင်တယ်။ ကလေးမွေးရင် အမျိုးသား အမျိုးသမီးတန်းတူ ဖြေရှင်းတာဝန်ယူရမှာတွေရှိတယ်။ ကလေးမွေးပြီး ကျွေးမွေးကျောင်း ထားပေးနိုင် တာလည်း မဟုတ်ပြန်ဘူး။ အမျိုးသားတွေက လက်ခံနိုင်မှုစွမ်းအားနည်းသေးတယ်။ ဖိအားပေးလို့သာ လက်ခံရတာ စိတ်ရှိတိုင်းလက်ခံပေးတာမဟုတ်ဘူး၊ ထိပ်ပိုင်းခေါင်းဆောင်တွေကအစဟုကရင်နီဒေသ တွင်း သားဆက်ခြားကိစ္စရပ်များအပါအဝင် အမျိုးသမီးရေးရာကိစ္စများဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲအတွေ့အကြုံများကိုဆိုသည်။

 

ဖိုဝါဒ ကြီးစိုးမှုရှိတုန်းပဲ၊ အမျိုးသားတွေ ကြီးစိုးမှုရှိတုန်းပဲ။ အော်တဲ့အမျိုးသမီးတွေက ပြည်နယ်ထဲက state holder တွေအမြင်ပွင့်အောင် နိုင်ငံတကာသိအောင်အော်တာပဲရှိသေးတယ်

 

 

၂၀၂၁ နောက်ပိုင်းတွင်း စစ်ဘေးရှောင်ဦးရေ အလွန်မြင့်တက်သွားပြီး ဒေသတွင်း ကုန်သွယ်ရေး လမ်းကြောင်းကြပ်ခြင်းနှင့် ဝင်ငွေအလုပ်အကိုင်အခွင့်အလမ်းနည်းပါးသွားခြင်းတို့ကြောင့် ကရင်နီပြည်သူ လူထုသည် စားဝတ်နေရေးအခြေခံလိုအပ်ချက် ဆင်းရဲမှုမြင့်မားလာခြင်းကို ခံစားကြရသည်မှာ နှစ် ကျော် ပြီဖြစ်သည်။ ယင်းအတွက် ဒေသတွင်းတာဝန်ရှိသူများထံမှ ဖြေရှင်းချက်အလင်းရောင်လည်း မပေါ်လာသေးပေ။ ထိုဆင်းရဲမှုသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် အခြားသော လူမှုရေးပြဿနာများကို ပိုမိုဖိတ်ခေါ်လာစေသည်။

 

အခုတော်လှန်ရေးကာလမှာ အရေးတကြီးလုပ်ပေးသင့်တာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစတာတွေကို အရေးယူမှုလုပ်သင့်တယ်။ အားလုံးအကျုံးဝင်တဲ့ပုံစံမျိုး ဖြစ်ဖို့လည်း လိုသေးတယ်၊ အမျိုးသမီးတွေကို ပိုဖိနှိပ်တာမဖြစ်ဖို့လိုတယ်။ တကယ့်မြေပြင်က လူထုအသံ လူထုစကားကိုနားထောင်ပြီးဆုံးဖြတ်စေချင်တယ်၊ စာထုတ်တာပဲမလုပ်စေချင်ဘူးဟု မော်ဖရေးမြာက ဒေသတွင်းအမျိုးသမီးရေးရာကိစ္စများတွင် ဒေသတွင်းသက်ဆိုင်ရာတာဝန်ရှိသူများ ကဏ္ဍနှင့် ပတ်သက်၍ ပြောသည်။

 

အုပ်ချုပ်ရေး

 

လက်ရှိတွင် ကရင်နီဒေသ၌ ကရင်နီပြည်နယ်ကြားကာလအစိုးရ Karenni State Interim Executive Council ဖွဲ့စည်းထားပြီး အစိုးရယန္တရားဖော်ဆောင်နေလျက်ရှိသည်။ KSIEC ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ Karenni State Consultative Council (KSCC) မှ ၂၀၂၃ ဇွန်တွင် ဖွဲ့စည်းခဲ့သည်။ KSCC သည် ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council ) အဖွဲ့ဝင်တစ်ခုဖြစ်သည်။

 

၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက ကရင်နီဒေသအရေးအတွက် လှုပ်ရှားခဲ့ကြသည့် ဒေသတွင်း နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းကြီးများ လေးခုထက်မနည်းရှိပြီး အချို့ရွာများတွင် ထိုသက်ဆိုင်ရာအဖွဲ့၏ လက်နက်ကိုင် စစ်ဆေးရေးဂိတ်များ၊ နယ်မြေပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်များရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကာလနောက်ပိုင်းတွင်မှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်/နိုင်ငံရေး အဖွဲ့အစည်းများလည်းရှိပြီး ၎င်းတို့ထိန်းချုပ်သည့် နယ်မြေဟူ၍လည်းရှိသည်။ ယင်း အဖွဲ့တို့အကြား ကရင်နီဒေသအတွင်း နယ်မြေစိုးမိုးမှုသည် တိကျသည့်ရှင်းလင်းမှုမရှိသေးပေ။

 

ကျတော်တို့ဌာနအနေနဲ့ လူထုနဲ့တွေ့ဆုံမှုတွေ လုပ်ပါတယ်။ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အသိပညာရေး သင်တန်းတွေလည်း လုပ်ဆောင်ပေးတာတွေ ရှိပါတယ်

 

 

အမျိုးသမီးကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့အားတိုင်ကြားမှုများရှိပြီး လက်ရှိအထိ တိုင်ကြားမှုများအား ဖြေရှင်းပေးခြင်းသာရှိပြီး တရားရင်ဆိုင် အရေးယူလောက်သည်အထိ ကိစ္စရပ်များ တိုင်ကြားလာခြင်းမရှိသေး ကြောင်း ကရင်နီပြည်နယ်ကြားကာလအစိုးရ၏ အမျိုးသမီးနှင့် လူငယ်ရေးရာဌာနမှ ဒုဌာနမှုုး ဒေါ်ရီရီမြင့်က ဆိုသည်။

 

တိုင်ကြားမှုမရှိဘဲ ဘယ်လိုမျိုးအရေးယူဆောင်ရွက်ရမလဲပေါ့၊ ဆော်ဩမှုတွေရှိပါတယ် (တိုင်ကြားမှုပြုရန်) ကျတော်တို့ဌာနအနေနဲ့ လူထုနဲ့တွေ့ဆုံမှုတွေလုပ်ပါတယ်။ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အသိပညာရေး သင်တန်းတွေလည်းလုပ်ဆောင်ပေးတာတွေရှိပါတယ်ဟု၎င်းက ပြောသည်။

 

ကရင်နီပြည်နယ်ကြားကာလအစိုးရ အမျိုးသမီးနှင့်လူငယ်ရေးရာ ဌာနအနေဖြင့် အမျိုးသမီး အကြမ်းဖက်ခံရမှု များနှင့်ပတ်သက်၍ တိုင်ကြားခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို တရားစီရင်ရေးဌာန အောက်ရှိ တရားရုံးများ၊ သက်ဆိုင်ရာ ကရင်နီပြည်နယ်တပ်ဖွဲ့ အပါအဝင် အမျိုးသမီးအစုအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေသည်ဟု ဒေါ်ရီရီမြင့်ကပြောသည်။

 

လက်ရှိကာလတွင် အချို့သောနေရာဒေသများတွင် လုံခြုံရေးအတွက် စိတ်မချရသေးသည့် အခြေအနေကြောင့် ကရင်နီဒေသတစ်ခုလုံးအား မလွှမ်းခြုံနိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။

 

မုဒိန်းမှု၊ ကွားရှင်းလိုမှု စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အာဏာသိမ်းမှုမတိုင်မီက ရွေးကောက်ခံအရပ်သားအစိုးရ၏အစိုးရယန္တရားအတိုင်း ရဲစစ်စာ၊ တရားရေး ရင်ဆိုင်မှု စသည့် တိုင်ကြားအရေးယူမှုလမ်းကြောင်းအတိုင်းသွားသည် ဟု မော်ဖရေးမြာကဆိုသည်။အုပ်စုအနေနဲ့ဆို အုပ်ချုပ်ရေးမှုုး ရှေ့နေတွေနဲ့သွားတယ်၊ အများအားဖြင့်တော့အစိုးရနဲ့ချိတ်သွားတယ်ဟု ၎င်းကပြောသည်။ တော်လှန်ရေးကာလတွင်မူ ကရင်နီပြည်နယ်ကြားကာလအစိုးရ၏တရားရေး သို့မဟုတ် KNPP သို့မဟုတ် ကလလတ တို့၏တရားရေးတို့၏ တိုင်ကြားအရေးယူမှုလမ်းကြောင်း အတိုင်းလုပ်ကြောင်းဆိုသည်။

 

တချို့ကျတော့ စစ်ရှောင်စခန်းရှိသည့် ရွာမှအုပ်ချုပ်ရေးမှုးစည်းကမ်းအတိုင်းသွားတယ်ဟုမော်ဖရေးမြာက အမျိုးသမီးရေးအဖိနှိပ်အချိုးဖောက်ခံရမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ဒေသတွင်းတာဝန်ရှိသူများကြားမည်သို့အားထုတ်ရသည်နှင့်စပ်လျဥ်း၍ ပြောသည်။

 

တော်လှန်ရေးကာလဖြစ်သဖြင့် ဥပဒေဖော်ဆောင်နိုင်မှု ဥပဒေထုတ်နိုင်မှုအားနည်းသော ကြောင့် အရေးယူနိုင်မှုမှာနောက်ဆက်တွဲအနေဖြင့်အားနည်းသွားသည်။

 

အုပ်ချုပ်ရေးပုံစံရှိပေမယ့် တော်လှန်ရေးကာလဖြစ်တော့ သေချာမလုပ်နိုင်ဘူးဟုမော်ဖရေးမြာကဆိုသည်။

 

ကရင်နီဒေသအတွင်းမှအမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု၊ လိင်အကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်ခံရမှုများကြုံကြရပြီး တိုင်ကြားရန်မလွယ်ကူကြောင်း ၎င်းကပြောသည်။အရေးမယူနိုင်တော့ တခြားလူတွေကပါလိုက်လုပ်တော့ များများလာတယ်က မော်ဖရေးမြာက ပြောသည်။

 

လက်ရှိ လက်နက်ကိုင်တော်လှန်ရေးအားကောင်းရုံသာမက စစ်ကောင်စီ၏ထိန်းချုပ်မှုမှ နယ်မြေအများစု လွတ်မြောက်ပြီးဖြစ်သည့် ကရင်နီဒေသတွင် စစ်၏နောက်ဆက်တွဲအဖြစ် အမျိုးသမီးများနှင့် ကလေးငယ်များသည် ပိုမိုအကာအကွယ်မဲ့လာသည်။ ပညာသင်ခွင့်နှင့် အသိပညာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများကို အမျိုးသားအမျိုးသမီး အားလုံးရင်ဆိုင်ကြရသည်။ ယင်းမှ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နိုင်ရန်လွယ်ကူလာမှု၊ ချိုးဖောက်ခံရနိုင်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် စားဝတ်နေရေးသာမက လိင်ပိုင်းဆိုင်ရာ လူမှုမလုံခြုံမှုများကိုပါ ထပ်ဆောင်းရင်ဆိုင်ကြရသည်။ ယင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အကာအကွယ်ပေးနိုင်မှုနှင့် ပံ့ပိုးပေးမှုအားနည်းမှုမှာ အားနည်းဆဲဖြစ်သည်။

 

ပုံစာ- ကရင်နီစစ်ရှောင်စခန်းတစ်ခုမှ ကလေးမိခင်တစ်ဦးကို ၂၀၂၃ ခုနှစ် မေလအတွင်း တွေ့ရစဉ်။

 

Burma Associated Press

ကယား(ကရင်နီ)
အမျိုးသမီးအခွင့်အရေးများ
အမျိုးသမီးများ
အိမ်တွင်းအကြမ်းဖက်မှု

Share With
bap-logo