Intrenational Crime
ရွှေတြိဂံဒေသ ဘိန်းမြို့တော်မှ မက်သ် ထုတ်လုပ်ရာဒေသဖြစ်လာ
လွန်ခဲ့သော ၄ နာရီ က
ရွှေတြိဂံဒေသသည် ကမ္ဘာ့ လှုပ်ရှားသက်ဝင်မှု အများဆုံး ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်ရေးဇုန် ဖြစ်လာပြီး အာဏာပိုင်များကလည်း မှောင်ခိုကုန်ကူးသူများကို ကြားဖြတ်ဖမ်းဆီးရာတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
တောင်ထူထပ်သည့် ရွှေတြိဂံဒေသ၏ ဗဟိုချက်ရှိ ထင်းရှူးတောများအတွင်းတွင် ထိုင်းစစ်သားများက အသင့်နေရာယူထားလေ့ရှိသည်။ မြန်မာ နယ်စပ်မှ တရားမဝင် ဓာတုမူးယစ်ဆေးများ ဝင်ရောက်မှု မြင့်တက်လာသည်ကို ပိတ်ဆို့ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေခြင်းဖြစ်သည်။
"သတင်းရပြီဆိုတာနဲ့ ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်ရမယ့်နေရာကို ကင်းထောက်ရတယ်။ တခါတလေ မှောင်ခိုသမားတွေ လာတာကို စောင့်ရတာ နာရီပေါင်း များစွာ ကြာတယ်။ သူတို့လာပြီဆိုတဲ့အခါမှာတော့ အဖြစ်အပျက်တွေက အရမ်းမြန်တယ်။” Lt Ketsopon Nopsiri က ပြောသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံက စံချိန်တင် မက်သမ်ဖက်တမင်း တန် ၁၃၀ သိမ်းဆည်းရမိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သည့်အပတ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ အာရှ အရှေ့နှင့် အရှေ့တောင်အာရှတစ်ခုလုံးမှ သိမ်းဆည်းရမိသည့် ၂၃၆ တန်၏ တစ်ဝက်ခန့် ရှိသည့် စံချိန်တင် ပမာဏဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်း မြင့်မားသည်။
“တရားဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ အောင်မြင်တဲ့ အားထုတ်မှုတွေ ဒီလို ဖမ်းဆီးရမိမှုတွေက ထင်ဟပ် ပြသနေတဲ့အချိန်မှာပဲ ရွှေတြိဂံဒေသမှာ မက်သမ်ဖက်တမင်း ထုတ်လုပ်၊ ကုန်သွယ်မှု အဆင့် မမျှော်မှန်းနိုင်လောက်တဲ့အဆင့်ထိ ရှိနေတာကိုလည်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။” UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယာယီ ကိုယ်စားလှယ် Benedikt Hofmann က ပြောသည်။
“ကမ္ဘာ့ လှုပ်ရှားတက်ကြွမှု အရှိဆုံး ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်ရေးဇုန်ကို တွေ့မြင်နေရတာပါ။” ဟုလည်း ၎င်းက ဖြည့်စွက်သည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံက စံချိန်တင် မက်သမ်ဖက်တမင်း တန် ၁၃၀ သိမ်းဆည်းရမိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သည့်အပတ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်
၎င်းမူးယစ်ဆေးဝါး အများစုမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ လာခြင်းဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းများကို ၎င်းဒေသရှိ တောတွင်း ဓာတ်ခွဲခန်းများမှ "အတောမသတ်သည့်” ဓာတုမူးယစ်ဆေးဝါး စီးဆင်းမှုများအဖြစ် ပြောင်းလဲပေးနေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းမီကပင် ထုတ်လုပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ ကြမ်းတမ်းရက်စက်သည့် ပြည်တွင်းစစ်အတွင်း သက်ဆင်းသွားသည့်အခါတွင် ၎င်းအလုပ်ရုံများ ပိုမိုလျင်မြန်စွာ လည်ပတ်လာကြသည်။
အပြင်းအထန် ပိတ်ဆို့ဒဏ်ခတ် ခံထားရသော စစ်အာဏာရှင်တို့က တရားမဝင် လှုပ်ဆောင်မှုများမှ ကောက်ခံရငွေပေါ်တွင် ပိုမို မှီခို နေရပြီး လက်နက်ကိုင်အဖွဲ့များက ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အချိန်တွင်ပင် ရာဇဝတ်ဂိုဏ်းများက ၎င်းတို့ လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အခြေခိုင်စေရန် တိုးမြင့်လာသည့် ဥပဒေမဲ့မှုကို အမြတ်ထုတ် အသုံးချနေသည်။
Global Organized Crime Index ၏ အဆိုအရ မြန်မာနိုင်ငံသည် လူကုန်ကူးခြင်း၊ အလိမ်အညာ လုပ်ငန်းများ၊ သဘာဝတောရိုင်း မှောင်ခိုကုန်သွယ်မှု၊ တရားမဝင် မြေရှားသတ္တုတူးဖော်မှုများ အပါအဝင် အစီအစဉ်တကျ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် ကမ္ဘာ့ ထိပ်တန်း ဦးတည်ရာဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့တွင် မူးယစ်ဆေးဝါးလည်း ပါဝင်သည်။
ဘိန်းကုန်သွယ်မှုကြောင့် ရွှေတြိဂံဒေသသည် နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သည်။ ယခုအခါတွင်မူ ဓာတုမူးယစ်ဆေးဝါးများကို "စက်မှုလုပ်ငန်းအဆင့် ထုတ်လုပ်မှု” ဖြင့် တကျော့ပြန် လာခြင်းဖြစ်သည်ဟု UNODC က ဆိုသည်။
မက်သမ်ဖက်တမင်း၊ crystal meth(ice)၊ ယာဘဓာတ်ခွဲခန်းများက ကီတမင်းကိုလည်း ထုတ်လုပ်ကြသည်။ ထို့အပြင် ဓာတုမူးယစ်ဆေးဝါးမျိုးစုံကို ပေါင်းစပ်ပြီး "happy water” ၊ "party lollipops" နှင့် "k-powdered milk” တို့ကိုလည်း ထုတ်လုပ်ကြသည်။
၎င်းတို့ကို အာရှနှင့် ပစိဖိတ်ကို ဖြတ်ကျော်သယ်ဆောင်ကာ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်ကဲ့သို့ ဝေးလံသည့် နိုင်ငံများသို့ တင်ပို့ကြသည်။ ၎င်းကဲ့သို့ တင်ပို့ရာတွင် "လျင်မြန်ပြီး အရင်းအမြစ်ကြွယ်ဝသည့်" ရာဇဝတ်ဂိုဏ်းများ၏ မှောင်ခိုကုန်သွယ်မှု ကွန်ရက်များမှ တင်ပို့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
၎င်းတို့၏ ပထမဦးဆုံး ဦးတည်ရာမှာ ထိုင်းနိုင်ငံနှင့် အလွယ်တကူဖြတ်သန်းဝင်ရောက်နိုင်သည့် မယ်ဆိုင်မြို့ နယ်စပ်နှစ်ဘက်ဖြစ်သည်။ Lt Ketsopon နှင့် ၎င်း၏ တပ်ဖွဲ့များ ကြားဖြတ်ဖမ်းဆီးရန် စောင့်ဆိုင်းနေသည့် နေရာလည်း ဖြစ်သည်။
“လူတွေက မူးယစ်ဆေးဝါးအပြည့်နဲ့ ကျောပိုးအိတ်တွေကို ခြေလျင်သယ်ပြီး နယ်စပ်ကို ဖြတ်ကျော် ကြတယ်။” ဟု Lt Ketsopon က ပြောသည်။ "လမ်းကြောင်းက ကြမ်းတမ်းတယ်။ ကျွန်တော်တို့ ဖြန့်ကျက်ရမယ့် နေရာအကျယ်အဝန်းနဲ့ ယှဉ်ရင် ကျွန်တော်တို့မှာ လူအင်အား မလုံလောက်ဘူး။”
တပ်ဖွဲ့များနှင့် မှောင်ခိုများ ရင်ဆိုင်မိကြလျှင် ထိပ်တိုက်တွေ့မှုများမှာ ပြင်းထန်တတ်သည်။ ထိပ်တိုက် တွေ့မှုများမှာ ညအချိန်တွင် ဖြစ်ပွားလေ့ရှိပြီး နယ်စပ်နှစ်ဘက်လုံးရှိ သတင်းပေးကွန်ရက်များမှ သတင်း ပေါ်မူတည်၍ ပြင်ဆင်စုဖွဲ့ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်နှင့် ချင်းမိုင်ပြည်နယ်များတွင် အောက်တိုဘာ ၁ နှင့် ဧပြီ ၃၀ အတွင်း ထိပ်တိုက်ရင်ဆိုင်မှု ၃၇ ခု ဖြစ်ပွားခဲ့ကာ မှောင်ခို ၁၃ ဦး သေဆုံးခဲ့သည်ဟု Pha Mueng တပ်ဖွဲ့၏ စစ်ရေးအချက်အလက်များအရ သိရသည်။
အရင်ကတော့ မက်သမ်ဖက်တမင်းဆေးပြား တစ်သိန်း ဖမ်းမိတယ်ဆိုတာ တော်တော်များတဲ့ ဖမ်းဆီးမှုပဲ။ အခုတော့ ဆေးပြား တစ်သန်းကျော် ဖမ်းမိတာက သာမန်ပဲ။ အများကြီး ပိုမို ဆိုးရွားလာနေတယ်
Lt Ketsopon ၏ တပ်ဖွဲ့သည် ၎င်းပြင်းထန်သည့် တိုက်ပွဲများအနက် တစ်ခုဖြစ်သည့် ဖေဖော်ဝါရီလ တနင်္ဂနွေ မနက် ၅ နာရီ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
“တခြားတစ်ဘက်က မပစ်မချင်း ကျွန်တော်တို့ရဲ့ လက်နက်တွေနဲ့ မပစ်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ထုံး လုပ်နည်းအရ ဒီလို လုပ်လို့ မရဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့က ဥပဒေ အရာရှိတွေဖြစ်တယ်ဆိုတာ သူတို့ကို ပြောတယ်။ ပြောပြီး မကြာခင်မှာပဲ လူ ၁၅ ယောက် အယောက် ၂၀ လောက်က အမှောင်ထဲကနေ လက်လုပ်သေနတ်တွေ၊ AK47 တွေနဲ့ ကျွန်တော်တို့ကို ပစ်တာပဲ။” ဟု ၎င်းက ပြောသည်။
ထိတွေ့မှုမှာ ၁၀ မိနစ်ထက် မပိုဟု ထင်ကြောင်း ၎င်းက ပြောသည်။ မြန်မာဘက်သို့ ပြန်လည် ထွက်ပြေးသွားသည့် မှောင်ခိုများကို ထိုင်းစစ်သားများက လိုက်လံဖမ်းဆီးခြင်း မပြုနိုင်သော်လည်း မက်သမ်ဖက်တမင်း သုံးသန်းကျော် ပါဝင်သည့် အိတ် ၁၅ လုံးကို သိမ်းဆည်းနိုင်ခဲ့သည်။
ဤတစ်ချီ ဖမ်းဆီးရမိသည့် ပမာဏသည် ပစ္စည်းအလျှံအပယ်ဖြစ်နေပြီး စံချိန်တင် ဈေးနိမ့်ကျနေသည့် ဈေးကွက်ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၈.၁ သန်း တန်ဖိုးရှိသည်။ ၎င်းဈေးကွက် တွင် ဆေးပြားတစ်ပြားလျှင် ၈၀ ဆင့်နှင့် ၂.၇ ဒေါ်လာ အကြားရှိသည်ဟု UNODC အစီရင်ခံစာအရ သိရသည်။ မြန်မာနိုင်ငံတွင် ၆၀ ဆင့်အထိ ဈေးနှုန်း နိမ့်ကျနေပြီး တရုတ်နိုင်ငံတွင်မူ ၁၉.၃ ဒေါ်လာ အထိ ရှိကာ တောင်ကိုးရီးယားတွင်မူ ၅၀ ဒေါ်လာ အထိဈေးပေါက်သည်။
ချင်းရိုင်ရှိ Pha Mueng Forces ၏ စစ်ဌာနချုပ်တွင် Col Anywach Punyanum က မကြာသေး မီနှစ်များအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှု "အလျင်အမြန် ကြီးထွားလာနေသည်” ဟု ဆိုသည်။ အောက်တိုဘာလနှင့် ဧပြီလအတွင်း မက်သမ်ဖက်တမင်း ဆေးပြား ၅၂ သန်း၊ ice ၇၂၃ ကီလိုဂရမ်၊ ဘိန်း ၂၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၅.၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
“အရင်ကတော့ မက်သမ်ဖက်တမင်းဆေးပြား တစ်သိန်း ဖမ်းမိတယ်ဆိုတာ တော်တော်များတဲ့ ဖမ်းဆီးမှုပဲ။ အခုတော့ ဆေးပြား တစ်သန်းကျော် ဖမ်းမိတာက သာမန်ပဲ။ အများကြီး ပိုမို ဆိုးရွားလာနေတယ်။” ဟု ၎င်းက ဆိုသည်။
နယ်စပ်တွင် အပိုင်းလိုက် စစ်တပ် တပ်ဖွဲ့များ ပုံမှန် ကင်းလှည့်ခြင်း၊ တင်သွင်းမှုလမ်းကြောင်းများကို ချောင်းမြောင်းဖမ်းဆီးရန်သတင်းပေးများနှင့် လုပ်ဆောင်ခြင်း၊ ရဲများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေသော်လည်း တစ်ဖက်ကို ဖိလျှင် အခြားတစ်ဖက်က ထွက်ပြီး အခက်အခဲကြုံနေသည်။ ထွက်ရလွယ်သည့် နယ်ပစ်ပေါက်များမှာ ရှည်လျားပြီး မှောင်ခိုကူးသန်းသူများကလည်း ပါးနပ်ကြသည်။ အာဏာပိုင်များ မည်မျှ သိမ်းဆည်းရမိသည်ဖြစ်စေ မူးယစ်ဆေးဝါးများ ဝင်လာနေဆဲဖြစ်သည်။
“မဲခေါင်ဒေသက နိုင်ငံတွေ အထူးသဖြင့် ထိုင်းနိုင်ငံက လက်တင်အမေရိကနဲ့ အမေရိကန်နိုင်ငံတို့ ဖမ်းဆီးရမိတဲ့ ပမာဏနဲ့ တူညီတဲ့ ဖမ်းဆီးရမိမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။” ဟု UNODC မှ Mr Hofmann က ပြောသည်။ "ဒါပေမယ့် ဒီလို ဖမ်းဆီးရမိမှုတွေပြုလုပ်ဖို့ လုပ်ဆောင်နိုင်စွမ်းနဲ့ ရနိုင်တဲ့ အရင်းအမြစ်တွေကို ကြည့်ရင်တော့ အလွန်ကွာခြားနေပါတယ်။”
ဒေသတွင်း အလိမ်အညာ လုပ်ငန်းများ၊ တရားမဝင် အွန်လိုင်း ကာစီနိုများကို လည်ပတ် လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်များလည်း သိသာထင်ရှားစွာ ပါဝင်နေသော်လည်း စစ်ဒဏ်သင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို တားမြစ်နိုင်မည့် သိသာထင်ရှားသည့် နည်းလမ်းများ မရှိဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။
“[ထိုင်း-မြန်မာ နယ်စပ်] မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဝင်ရောက်မှုပမာဏက အဆုံးသတ် မရှိ သလောက်ပဲ။ ဓာတုမူးယစ်ဆေးဝါးရဲ့ သဘာဝက လုပ်လုပ်ရ လွယ်ကူတယ်၊ အစားထိုးရ လွယ်ကူတယ်၊ ထုတ်လုပ်ဖို့ စားရိတ်လည်း အထိုက်အသင့် နည်းတယ်။” ဟု Mr Hofmann က ပြောသည်။
၎င်းပြဿနာကို ဖြေရှင်းရန် ဖြစ်နိုင်သည့် အပြောင်းအလဲနှစ်ခုမှာ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် အသုံးပြုရသော ဓာတုဗေဒပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ဖြတ်တောက်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မလုံခြုံမှုများကို ဖြေရှင်းရန်ဖြစ်သည်။ သို့ရာတွင် နှစ်ခုလုံး ဖြစ်နိုင်ချေ မရှိပေ။
“ထိုင်းနိုင်ငံဘက်က ဘယ်လောက်ပဲ ကောင်းကောင်း ပြင်ဆင်လုပ်ဆောင်နေပါစေ၊ မြန်မာဘက်က ဒီလို လုပ်ဆောင်မှု ရှိ မရှိ မြင်နိုင်ဖို့ အရမ်းခက်ခဲတယ်။ ဒီတော့ ဒေသတွင်း ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးအရေးကို ဖြေရှင်းမယ်ဆိုရင် မြန်မာနိုင်ငံက အခြေအနေကို ဖြေရှင်းဖို့လည်း နည်းလမ်းရှာရမှာဖြစ်တယ်။” ဟု Mr Hofmann က ပြောသည်။
“ဒါပေမယ့် နောက်ဆုံးတော့လည်း ဒါက တင်သွင်းမှုက မောင်းနှင်နေတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုကုန်သည်တွေက တင်သွင်းမှုကို ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်များတဲ့ ဓာတုမူးယစ်ဆေးဝါးတွေကို တစ်နေရာက လူတွေက အသုံးပြုနေကြတာပါ။” ဟု ၎င်းက ဖြည့်စွက်သည်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု မည်ကဲ့သို့ ပြောင်းလဲပုံကို အတိအကျ နားမလည်နိုင်သေးသော်လည်း UNODC က မှောင်ခိုလမ်းကြောင်းတစ်လျှောက် နိုင်ငံများတွင် သုံးစွဲမှု မြင့်တက်လာသည်ဟု ဆိုသည်။ ဥပမာ ထိုင်းနိုင်ငံတွင် ၂၀၁၆-၂၀၂၄ မူးယစ်ဆေးဝါးသုံးစွဲမှု အိမ်ထောင်စု စစ်တမ်းအရ မက်သမ်ဖက်တမင်း ဆေးပြားသုံးစွဲမှု "အလျင်အမြန် ကျယ်ပြန့်နေသည်” ဟု ဆိုသည်။
“ကျွန်တော့်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ မူးယစ်ဆေးသုံးတာတွေ၊ ထင်ရောင်မြင်မှားဖြစ်တာတွေ၊ ကိုယ့်ရဲ့ မိသားစုကို ထိခိုက်နာကျင်အောင် စပြီး လုပ်ဆောင်နေတာတွေ တွေ့ရပါတယ်။” Lt Ketsopon က ပြောသည်။
ကိုးကား - The Telegraph
ပုံစာ - မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှု သက်သေအထောက်အထားများ ရှာဖွေမှုအတွင်း Pha Muang တပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးယူထားစဉ်။ (Photo: JITTRAPON KAICOME)
Top News
လွန်ခဲ့သော ၄ နာရီ က
လွန်ခဲ့သော ၂၀ ရက် က