Politics
လောက်ကိုင်နှင့် ကုန်းကြမ်းတွင် ညမထွက်ရ အမိန့်ထုတ်ပြန်
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် တွင် စစ်ကောင်စီက ထုတ်ပြန်သည်။
သတ်မှတ်အချိန်အတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် သွားလာခြင်းမပြုရန် တားမြစ်ထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို မလိုက်နာပါက အင်အားသုံး ဖမ်းဆီးကာ ထိရောက်စွာ အရေးယူမည်ဟု ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) က ဆိုသည်။
ထို့အပြင် အမိန့်တစ်စုံတစ်ရာမရှိဘဲ နံနက် (၆)နာရီမှ ည(၆) နာရီအတွင်း လူ (၅)ဦးနှင့် လူ(၅)ထက်ပို၍ ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှု ပြုခြင်း၊ တုတ်၊ ဓါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများ ပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။
ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်း မပြုရန်နှင့် အမိန့်မလိုက်နာသူများအား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများက အင်အားသုံး ဖမ်းဆီး၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့များထံ အခြေစိုက်စခန်းများ စွန့်လွှတ်လာရပြီး နောက် စစ်ကောင်စီက ရှမ်းပြည် နယ်မြောက်ပိုင်းတွင် မြို့နယ် (၈) ခုကို နိုဝင်ဘာ (၁၂) ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသ ကွပ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။
အဆိုပါ မြို့နယ် (၈)ခုမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ဖြစ်သည်။
ယင်းမြို့နယ်များအနက် ကွမ်းလုံနှင့် နမ့်ခမ်းသည် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများ လုံးဝမရှိတော့သည့် မြို့များဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် မြို့နယ် ၅၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၅ ရက် က