bap-logo
Politics

စစ်မှုထမ်းဆင့်​ခေါ်စာ​ကြောင့် အလုပ်ထွက်ကြတဲ့ လူငယ်​တွေရှိလာ

3-4L1xuBdcUA4yh6aE9EK-image

လွန်ခဲ့သော ၃ နာရီ က

BAP၊ ဖေ​​ဖော်ဝါရီ ၆။

 

ရန်ကုန်မြို့က လူငယ်အမျိုးသားတွေနေတဲ့အိမ်တွေကို စစ်မူထမ်းဆင့်ခေါ်စာတွေရောက်လာလို့ လူငယ်တွေ အလုပ်ထွက်တာများနေကြတယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ်။

 

စစ်မူထမ်းဆင့်ခေါ်စာပို့ခံရတဲ့ အိမ်တွေဟာ သန်းခေါင်းစာရင်းနဲ့နေသူတွေဖြစ်တာများတယ်လို့​ လုပ်ငန်းရှင်အချို့က ပြောပါတယ်။

 

"ဆိုက်ထဲကလူငယ်ဝန်ထမ်းကလေးတွေ အလုပ်နားကြတယ်၊ စာရင်းပါလာပြီမို့ မနေရဲကြလို့ဆိုပြီး အလုပ်နားဖို့ပြောတယ်၊ နေအိမ်တွေမှာလည်းမနေရဲ၊ အလုပ်ရှိရာနေရာကိုလိုက်လာမှာစိုးလို့ ထွက်ကြတယ်"လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

ဖေဖော်ဝါရီလအတွင်းမှာပဲ ရန်ကုန်ထဲက ပုစွန်တောင်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်​တွေကို စစ်မူထမ်းဆင့်ခေါ်စာတွေ ရောက်လာကြတာလို့ လူငယ်တွေရှိတဲ့မိသားစုတွေက ​ပြောပါတယ်။

 

"မနေ့ညနေက သမိုင်းမြို့သစ်ထဲက အိမ်အများစုဆီကို စစ်မူထမ်းဆင့်ခေါ်စာတွေရောက်တယ်၊ ကုမ္မဏီဝန်ထမ်းတွေ စတိုး​ဆိုင်က ဝန်ထမ်း ကလေးတွေလည်းပါတယ်၊အလုပ်ထွတ်ကြ ရှောင်ကြ ပြေးကြဖို့လုပ်နေရတယ်"လို့ မရမ်းကုန်းမြို့နေသူတဦးက ပြောပါတယ်။

 

စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရလို့ စစ်ကောင်စီက ထုတ်ပြန်လာတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာပါရှိပါတယ်။

 

စစ်ကောင်စီက လူငယ်တွေကို ပြည်ပထွက်ခွင့် ပိတ်ထားတာကြောင့် ပြည်တွင်းမှာရှိနေတဲ့ လူငယ်တွေ တိမ်း​ရှောင်ရခက်ခဲနေတယ်လို့ မိခင်တွေက ပြောပါတယ်။

 

"တော်လှန်ရေးတပ်တွေရှိတဲ့နေရာကိုပဲ ပြေးစေချင််တယ်၊ ကျန်တာက နောက်မှရှင်းတော့မယ်၊ ပြေးဖို့ စားရိတ်ကလိုပြန်တယ်၊ ချက်ချင်းကြီးအလုပ်ကနားခိုင်းလိုက်ရတာမို့ ဘာမှမစီစဥ်ရသေးဘူး"လို့ စစ်မူထမ်းဆင့်ခေါ်စာ စာရင်းပါသူလူငယ်တဦးရဲ့ မိခင်က ပြောပါတယ်။

 

စစ်မှုထမ်းနည်းဥပဒေရဲ့ ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရရှိထားသူတွေက ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မပါဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရလို့ သတ်မှတ်ထားပါတယ်။

 

ရန်ကုန်မြို့က မြို့နေအချို့မှာ စစ်မူထမ်းဖို့ ဆင့်ခေါ်စာရောက်တာနဲ့ ချက်ချင်းခေါ်ယူနေတာကြောင့် လူငယ်တွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မိဘတွေက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာမသိမ်းခင်ကာလ ၂၀၀၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တစ်နှစ်ကို ပျှမ်းမျှ စစ်သား ၁၂,၀၀၀ အထိ စုဆောင်းခဲ့တယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေတွေမှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၉ ခုအထိ ဖွင့်လှစ်ထားပြီး လာမယ့် အပတ်စဉ်တွေအတွက် စာရင်းကို ကောက်ယူနေတာပဲ ဖြစ်ပါတယ်။

Burma Associated Press

 

 

စစ်မှုထမ်းဥပဒေ
စစ်ကောင်စီ
လူငယ်

Share With
bap-logo