bap-logo
International

လိမ်လည်မှုလုပ်ငန်းများမှ ရရှိသည့် မသန့်စင်သောငွေကြေးများကို ရင်ဆိုင်တိုက်ပွဲဝင်နေသည့် စင်ကာပူနိုင်ငံ

YQoH1m5OCH4b01FaCMEPc-image

လွန်ခဲ့သော ၈ နာရီ က

BAP၊ ဘာသာပြန်။

 

ကမ္ဘောဒီးယားနိုင်ငံမှ လိမ်လည်သူများအား နှိမ်နင်းခြင်းက စင်ကာပူနိုင်ငံသည် ရာဇဝတ် ကွန်ရက်များ ကြောင့် ထိခိုက်လွယ်သည့် အခြေအနေဖြစ်ပေါ်နေကြောင်း ထင်ရှားပေါ်ပေါက်လာသည်။

 

စင်ကာပူရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းတွင် ရှာဖွေစီးနင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသော ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ငွေကြေးပိုင်ဆိုင်မှုများ၊ ရွက်လှေတစ်စင်းနှင့် ဇိမ်ခံကားများစွာကို သိမ်းဆည်းရမိခဲ့သည်။



အမေရိကန်နှင့် ဗြိတိန် အာဏာပိုင်များက နိုင်ငံဖြတ်ကျော် ရာဇဝတ်အင်ပါယာဟု သတ်မှတ်ထားသည့် ကမ္ဘောဒီးယား၏ Prince Group နှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို လွန်ခဲ့သည့်လက သိမ်းဆည်းရမိ ခဲ့ခြင်းကြောင့် ဘဏ္ဍာရေးဗဟိုချက်နိုင်ငံ၏ အားနည်းသည့် ပျော့ကွက်များနှင့် တရားမဝင်ငွေကြေးများ စီးဆင်းရာ လမ်းကြောင်းအပေါ် မေးခွန်းများ ဖြစ်ပေါ်စေခဲ့သည်။



စင်ကာပူသည် အရှေ့တောင်အာရှရှိ လိမ်လည်မှုစင်တာများနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ရာဇဝတ်သားများအတွက် ၎င်းတို့၏ မသမာသော နည်းလမ်းဖြင့် ရရှိထားသည့် ငွေကြေးများကို ခဝါချရန် အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်

 


စင်ကာပူသည် ခိုင်မာသော ဥပဒေစိုးမိုးမှုနှင့် အဂတိလိုက်စားမှုကင်းစင်သည့် အာဏာပိုင်များကြောင့် နိုင်ငံတကာကုမ္ပဏီများကို ဆွဲဆောင်နိုင်သည့် ဘဏ္ဍာရေးဗဟိုချက်အဖြစ် ကာလကြာမြင့်စွာ ဂုဏ်ယူနေခဲ့ခြင်းဖြစ်သည်။


သို့သော် ထင်ရှားကျော်ကြားသော ငွေကြေးခဝါချမှုဖြစ်စဉ်များကြောင့် နှိမ်နင်းမှုများစွာ ရှိသော်လည်း အားနည်းချက်များကို အခွင့်ကောင်းယူရန် ချောင်းမြောင်းနေသော လိမ်လည်သူများနှင့်အတူ စင်ကာပူအာဏာပိုင်များ ဦးနင်းပဲ့ထောင်ရင်ဆိုင်နေရပုံကို ဖော်ထုတ်ပြသနေသည်။



စင်ကာပူသည် အရှေ့တောင်အာရှရှိ လိမ်လည်မှုစင်တာများနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ရာဇဝတ်သားများအတွက် ၎င်းတို့၏ မသမာသော နည်းလမ်းဖြင့် ရရှိထားသည့် ငွေကြေးများကို ခဝါချရန် အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။



Fenergo အမည်ရှိ လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးရာဇဝတ်မှု မူဝါဒဆိုင်ရာ အကြီးအကဲ Rory Doyle က "ကုန်သွယ်ရေးနိုင်ငံအနေနဲ့ စင်ကာပူ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ငွေဝင်နဲ့ ငွေထွက်တွေအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုကပဲ ငွေကြေးခဝါချမှုအတွက် ထိခိုက်လွယ်စေတာပါ။" ဟု ပြောကြားခဲ့သည်။

 

ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုကို ခြေရာခံသည့် Chainalysis အဖွဲ့အစည်း၏ အာရှ-ပစိဖိတ် မူဝါဒဆိုင်ရာ အကြီးအကဲ Chengyi Ong က “စင်ကာပူရဲ့ ပထဝီဝင်အနေအထားနဲ့ အာရှမှာ ရရှိထားတဲ့ ဂုဏ်သတင်းတွေကြောင့် ဒေသတွင်း ရာဇဝတ်သားတွေအတွက် သူတို့ ရွေးချယ်တဲ့ လုပ်ပိုင်ခွင့်နယ်မြေတစ်ခု ဖြစ်လာပါတယ်။” ဟု ပြောသည်။

 

အရှေ့တောင်အာရှသည် မကြာသေးမီနှစ်များအတွင်း လိမ်လည်မှု ကွန်ရက်များ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက် ဖြစ်လာခဲ့သည်။ Prince Group နှင့်ပတ်သက်သည့် အမှုမှာ ပြီးခဲ့သည့်လတွင် အမေရိကန်နှင့် ဗြိတိန် အာဏာပိုင်များက အဆိုပါအဖွဲ့နှင့် ဆက်စပ်သူ ၁၄၆ ဦးနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူခဲ့ရာမှ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့တွင် တရုတ်နွယ်ဖွား ကမ္ဘောဒီးယားနိုင်ငံသား၊ အသက် ၃၇ နှစ်အရွယ် စွပ်စွဲခံခေါင်းဆောင် Chen Zhi လည်း ပါဝင်သည်။



အမေရိကန်အစိုးရသည် Prince Group နှင့် ဆက်စပ်နေသည့် ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိသော Bitcoin များကို သိမ်းဆည်းရမိခဲ့ပြီး Chen အား အွန်လိုင်း လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုတို့တွင် ပူးပေါင်းကြံစည်မှုများဖြင့် စွဲချက်တင်ထားသည်။ Chen ၏ တည်နေရာကို မသိရသေးပေ။



Chen နှင့် ၎င်း၏ကြံရာပါများသည် ကြီးမားသော နိုင်ငံတကာ ရာဇဝတ်အင်ပါယာကို လည်ပတ်လုပ်ကိုင်နေကြောင်း၊ လူကုန်ကူးခံရသူများကို ကမ္ဘောဒီးယားရှိ လိမ်လည်မှုစခန်းများတွင် အတင်းအကျပ်ခိုင်းစေကာ ကမ္ဘာတစ်ဝန်းရှိ သားကောင်များထံမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူပြီးနောက် အာရှတစ်ဝန်းရှိ အဖွဲ့အစည်းများနှင့် ကမ်းလွန်ဘဏ္ဍာရေးဗဟိုဌာနများမှတစ်ဆင့် ငွေကြေးခဝါချခဲ့ကြောင်း အာဏာပိုင်များက စွပ်စွဲထားသည်။


ယခုတစ်ကြိမ်တွင် စင်ကာပူ၏ ထိခိုက်လွယ်မှုမှာ ဒစ်ဂျစ်တယ်ငွေကြေးများဖြစ်ပြီး Prince Group သည် စည်းမျဉ်းစည်းကမ်း လျော့ရဲသော သို့မဟုတ် ကြီးကြပ်မှု နည်းပါးသော ငွေလဲလှယ်ရေးဌာနများ မှတစ်ဆင့် ကရစ်ပ်တိုငွေကြေးများကို လွှဲပြောင်းပို့ခဲ့သည်


စင်ကာပူနိုင်ငံသားများသည် အွန်လိုင်းလိမ်လည်မှုများ၏ အန္တရာယ်ကို အထူးခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ်က စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ သန်း) ကျော် ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤဘဏ္ဍာရေးဗဟိုချက်နိုင်ငံသည် ရာဇဝတ်သားများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုလည်း ဖြစ်နေသည်။



Fenergo မှ Doyle က “ရာဇဝတ်သားတွေဟာ သူတို့ရဲ့ငွေတွေကို မဆုံးရှုံးချင်ကြဘူး၊ ပြီးတော့ စင်ကာပူကို အရှေ့တောင်အာရှရဲ့ ဘေးကင်းလုံခြုံတဲ့ နယ်မြေအဖြစ် ရှုမြင်ကြပါတယ်” ဟု ပြောသည်။



အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် စင်ကာပူ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၁၇ ခုနှင့် စင်ကာပူနိုင်ငံသား သုံးဦး ပါဝင်သည်။ ၎င်းတို့မှာ စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစု၏ ဒါရိုက်တာဖြစ်သူ အသက် ၄၇ နှစ်အရွယ် Chen Xiuling၊ အသက် ၅၃ နှစ်အရွယ် ဘဏ္ဍာရေးလက်ထောက်နှင့် ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲသူ၊ အသက် ၃၂ နှစ်အရွယ် စူပါရွက်လှေ ကပ္ပတိန် Nigel Tang Wan Bao Nabil တို့ ဖြစ်ကြသည်။



ထိုစာရင်းတွင် ဒေသတွင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ အခွန်သက်သာခွင့်များ ရယူထားသည့် Chen Zhi ၏ စင်ကာပူမိသားစုရုံးဖြစ်သော DW Capital Holdings လည်း ပါဝင်သည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) သည် ယင်းအခွန်သက်သာခွင့်များကို ရပ်ဆိုင်းလိုက်ပြီး DW Capital သည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးလျက်ရှိသည်။



MAS က “မည်သည့် အဓိကဘဏ္ဍာရေးဗဟိုဌာနတွင်မဆို ပြစ်ချက်မရှိသောစနစ်ကို ဖန်တီးရန် မဖြစ်နိုင်သော်လည်း မလျော်မကန်ပြုလုပ်မှုများကို တွေ့ရှိသည့်အခါ ကျွန်ုပ်တို့၏ နိုင်ငံတကာ မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကာ ခိုင်မာစွာ အရေးယူဆောင်ရွက်သွားမည်။” ဟု ဆိုသည်။



Chen Xiuling ၏ ရှေ့နေက ၎င်း၏ကိုယ်စား မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ စင်ကာပူအခြေစိုက် ပိတ်ဆို့အရေးယူမှုစာရင်းရှိ အခြားပုဂ္ဂိုလ်များ သို့မဟုတ် ကုမ္ပဏီများသည်လည်း မှတ်ချက်တောင်းဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။



အမေရိကန်ဥပဒေအကျိုးဆောင်ကုမ္ပဏီ Boies Schiller Flexner ကို အသုံးပြုထားသည့် Prince Group က ၎င်းတို့နှင့် Chen Zhi တို့သည် “မည်သည့် တရားမဝင် လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ကြောင်း” ငြင်းဆိုသည့် ကြေညာချက်တစ်စောင်ကို ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။



စင်ကာပူအာဏာပိုင်များသည် လွန်ခဲ့သော နှစ်နှစ်က ကြီးမားသော ငွေကြေးခဝါချမှု အရှုပ်တော်ပုံဖြစ်ပွားပြီးနောက် လိုက်နာမှုဆိုင်ရာ ထိန်းချုပ်မှုများကို တင်းကျပ်ခဲ့သည်။ ထိုအချိန်က တရုတ်ဂိုဏ်းအဖွဲ့ဝင်များသည် အရှေ့တောင်အာရှတွင် လည်ပတ်နေသည့် တရားမဝင်လောင်းကစား ဝက်ဘ်ဆိုဒ်များမှရရှိသော ဒေါ်လာဘီလီယံပေါင်းများစွာကို ငွေကြေးခဝါချရန် စင်ကာပူရှိ ဘဏ်များနှင့် မိသားစုရုံးများကို အသုံးပြုခဲ့ကြသည်။



ယခုတစ်ကြိမ်တွင် စင်ကာပူ၏ ထိခိုက်လွယ်မှုမှာ ဒစ်ဂျစ်တယ်ငွေကြေးများဖြစ်ပြီး Prince Group သည် စည်းမျဉ်းစည်းကမ်း လျော့ရဲသော သို့မဟုတ် ကြီးကြပ်မှု နည်းပါးသော ငွေလဲလှယ်ရေးဌာနများ မှတစ်ဆင့် ကရစ်ပ်တိုငွေကြေးများကို လွှဲပြောင်းပို့ခဲ့သည်ဟု စိစစ်သူများက ပြောသည်။



အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Global Finance & Technology Network ၏ အမှုဆောင်အရာရှိချုပ်နှင့် MAS ၏ ယခင်အကြီးတန်း ဘဏ္ဍာရေးဆိုင်ရာနည်းပညာ အရာရှိဟောင်း Sopnendu Mohanty က “ဒါဟာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရင်ဆိုင်နေရတဲ့ နောက်ပြဿနာတစ်ခုပါ။ ငွေတွေကို နှစ်ဖက်အကြား လွှဲပြောင်းပြီး ပုံမှန် စည်းမျဉ်းသတ်မှတ်ထားတဲ့ ကဏ္ဍတွေကနေ လွတ်မြောက်သွားနိုင်တဲ့ အလားအလာပါ။ ဘယ်နည်းပညာအသစ်မှာမဆို မကောင်းသူတွေ အမြဲရှိနေပါတယ်။” ဟု ပြောကြားခဲ့သည်။



Prince Group ဖြစ်စဉ်သည် ဂျာမနီငွေပေးချေမှုကုမ္ပဏီ Wirecard ပြိုလဲမှု အရှုပ်တော်ပုံနှင့် ဆင်တူနေသည့် အချက်မှာ ငွေကြေးရင်းမြစ်များကို ဖုံးကွယ်ရန် စင်ကာပူရှိ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။



Chainalysis မှ Ong က “ရှုပ်ထွေးတဲ့ စီးပွားရေးဖွဲ့စည်းပုံတွေနဲ့ အယောင်ပြကုမ္ပဏီတွေ တည်ထောင်ဖို့အတွက် ကော်ပိုရိတ်ဝန်ဆောင်မှုပေးသူတွေကို အသုံးပြုခြင်းဟာ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အားနည်းချက်တစ်ရပ်ပါပဲ။ ဒီအချက်တွေအားလုံးဟာ Prince Group အမှုမှာ ပေါ်လွင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။



Fenergo မှ Doyle က MAS အနေဖြင့် ငွေကြေးကုမ္ပဏီများနှင့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေကြေးခဝါချခြင်းကို တားဆီးရန်အတွက် ဗြိတိန်၏ Financial Conduct Authority ကို စံနမူနာယူပြီး တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။



၎င်းက “ဥပဒေလုပ်ငန်းတွေ၊ ယုံကြည်အပ်နှံမှုကုမ္ပဏီတွေနဲ့ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှု ပေးသူတွေလို တံခါးစောင့်တွေကို စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုအောက်ကို တစ်စုတည်း ယူဆောင် လာမယ်ဆိုရင် ဒီငွေတွေ ကျွန်းနိုင်ငံထဲ မရောက်ခင် စောစီးစွာ ဖော်ထုတ်ပြီး တားဆီးနိုင်ဖို့ ဘယ်လောက် ပိုကောင်းလာမလဲ စဉ်းစားကြည့်ပါ။” ဟု ဆိုသည်။

 

ပါလီမန်တွင် Prince Group အမှုနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၏ မေးခွန်းများကို ရင်ဆိုင်ခဲ့ရသော MAS ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Chee Hong Tat က စင်ကာပူသည် တရားမဝင် ငွေကြေးစီးဆင်းမှုများကို နှိမ်နင်းရာတွင် ရင်ဆိုင်နေရသည့် ခက်ခဲသော ဟန်ချက်ညီအောင် ထိန်းညှိရမှုများကို အသိအမှတ်ပြု ပြောကြားခဲ့သည်။



ကျွန်တော်တို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တဲ့အခါ ယင်ကောင်တွေလည်း ဝင်လာနိုင်တယ်ဆိုတဲ့ တရုတ်စကားပုံတစ်ခု ရှိပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ပြတင်းပေါက်တွေကို ပိတ်ပြီး နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကို ပိတ်ဆို့ထားဖို့ဆိုတာ ဖြေရှင်းနည်း မဟုတ်ပါဘူး။”



Chee က ထပ်လောင်းပြောကြားသည်မှာ “အရေးကြီးတာက နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကို ဝင်ခွင့်ပေးရင်း ဝင်လာတဲ့ ခြင်၊ ယင်ကောင်တွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းဖြေရှင်းဖို့ပါပဲ။ စင်ကာပူမှာ ကျွန်တော်တို့ ကျင့်သုံးတဲ့ ချဉ်းကပ်မှုကတော့ အန္တရာယ်ကျရောက်နိုင်ချေနှင့် အချိုးကျ ကိုင်တွယ်ခြင်း ဖြစ်ပြီး အန္တရာယ်ကျရောက်နိုင်ချေ လုံးဝမရှိစေရေး (zero-risk) ကို ဦးတည်တာ မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့သည်။

 

ကိုးကား - Financial times

ပုံစာ - Prince Group အဖွဲ့၏ ခေါင်းဆောင်ဟု စွပ်စွဲခံထားရသူ၊ တရုတ်နွယ်ဖွား ကမ္ဘောဒီးယားနိုင်ငံသား၊ အသက် ၃၇ နှစ်အရွယ် Chen Zhi © Prince Group

 

Burma Associated Press 

 

လိမ်လည်မှုမှရသည့် ငွေကြေး
မသန့်စင်သောငွေကြေး
စင်္ကာပူ

Share With
bap-logo