Crime
မန္တလေး ပတ်စ်ပိုစ့်ရုံးမှာ တန်းစီရင်း လူအုပ်ပိရာက အမျိုးသမီးနှစ်ဦးသေဆုံး
လွန်ခဲ့သော ၉ လ က
မန္တလေး၊ ဖေဖော်ဝါရီ ၁၉။
မန္တလေး၊ အောင်မြေသာစံမြို့နယ်က ပတ်စ်ပိုစ်ရုံးမှာ ဒီနေ့မနက် ၂ နာရီခွဲအချိန်က နိုင်ငံကူးလက်မှတ် စာအုပ်ရဖို့ တန်းစီရာကနေ လူအုပ်ပိလို့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး၊ လူအချို့ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတ အသင်းအချို့ကနေ သိရပါတယ်။
သေဆုံးသူအမျိုးသမီးတွေဟာ အသက် ၅၂ နှစ်နဲ့ ၃၉ နှစ်အရွယ် နှစ်ဦးဖြစ်ပြီး ဆေးရုံပို့နေချိန် သေဆုံးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတဦးက ဆေးကုသမူခံယူနေကြတယ်လို့ မြို့ခံကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
"တရက်ကို လူ ၂၀၀ လောက်ပဲခွင့်ပြုတာ၊ ညကတည်းက နေရာရဖို့လူအုပ်ကြီးကတိုးနေကြတာမို့ လျောက်လွှာ မယူဘဲ ပြန်ခဲ့ရတာ၊ ပွဲခင်းထက်များတဲ့လူအုပ်ကြီး" လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
နိုင်ငံကူးလက်မှတ်တုံကင်ရဖို့ မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ လူသောင်းချီ တိုးဝှေ့ပြီး ညအိပ်တန်းစီနေကြရပြီး တန်းစီထားသူတွေထဲက နှစ်ရာဝန်းကျင်သာ ရုံးထဲစားရင်းသွင်းပြီး စာအုပ် ရက်ချိန်း ပေးတာလို့ မြို့ခံအချို့က ပြောပါတယ်။
ပြင်ပပွဲစားတွေနဲ့နိုင်ငံကူးစာအုပ်လုပ်ပါက မန္တလေးမှတ်ပုံတင်ကိုင်ဆောင်ထားသူဆိုရင် ငွေကျပ် ဆယ်သိန်းထိ ပေါက်စျေးရှိလို့ မန္တလေးတိုင်းအတွင်းက မြို့တွေကလာရောက်တန်းစီကြတာ လည်း ရှိတယ်လို့ သိရပါတယ်။
"နေရာပွဲစားတွေလည်း အများကြီး လာတန်းစီကြတယ်၊ သူတို့ဆီကနေရာဝယ်ပြီး စာအုပ်လုပ်ရင် စျေးများတာရော အလိမ်ခံရမှာကြောက်တာရောမဝယ်ရဲကြဘူး။ ဝန်ထမ်းတွေကြီးကြပ်မူအားနည်းလို့ ဖြစ်ရတာ" လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပတ်စပိုစ့် QR ကုတ်ကို အွန်လိုင်းကယူပါက ရန်ကုန်မြို့က ပတ်စ်ပိုစ့်ရုံးမှာစာအုပ်ထုတ်ယူနေကြရပြီး၊ လာမဲ့ ဇူလိုင်လကုန်မှ ရရှိမယ့်အနေအထားဖြစ်နေလို့ ပွဲစားတွေ၊ ပတ်စ်ပိုစ့်ရုံးနဲ့ချိတ်ထားသူတွေ ကနေတဆင့် စာအုပ်ပြုလုပ်နေကြရတယ်လို့ ပြည်သူအချို့ဆီက သိရပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေကို ကြေညာပြီးနောက် နိုင်ငံတဝှမ်းက လူငယ်များအများစု ပြည်ပနိုင်ငံများကိုထွက်ခွာရန် ကြိုးစားနေကြတာတာကြောင့် ပြင်ပမှာပွဲစားတွေနဲ့ စာအာက်လုပ်သူတွေ သိန်းနှစ်ဆယ်ထိပေးပြီးလုပ်နေကြရတာဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်