bap-logo
War

ဟားမက်စ်တို့၏ တိုက်ခိုက်မှုတွင် ကုလဝန်ထမ်းများ ပါဝင်နေ၍ အမေရိကန်နိုင်ငံက ရန်ပုံငွေ ယာယီဖြတ်တောက်

_UINcWz3l710caOsbFoyv-image

လွန်ခဲ့သော တစ်နှစ် က

 

အောက်တိုဘာ ၇ ရက် ဟားမက်စ်တိုက်ခိုက်မှုတွင် ဂါဇာမှ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီဝန်ထမ်းများ ပါဝင်နေသည်ဟု သံသယရှိ၍ အလုပ်ထုတ်ခဲ့သည်ဟု ၎င်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးက သောကြာနေ့တွင် ပြောသည်။ ထို့အတွက် အေဂျင်စီအတွက် အကြီးဆုံးအလှူရှင် အမေရိကန်နိုင်ငံက ၎င်း၏ ရန်ပုံငွေ ထောက်ပံ့ခြင်းကို ယာယီ ဖြတ်တောက်ခဲ့သည်။

 

UNRWA ဟု အတိုကောက် သိရှိကြသည့် အေဂျင်စီသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် တန်ပြန်တိုက်ခိုက်ခဲ့သည့် အစ္စရေးတို့၏ ထိုးစစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးဒဏ်ခံနေရသည့် ဂါဇာလူထုအတွက် ကူညီထောက်ပံ့မှုများ ပေးနေသည့် အဓိက အေဂျင်စီဖြစ်သည်။

 

UNRWA အရာရှိများမှ အမေရိကန်နိုင်ငံ၏ ၎င်းတို့လုပ်ငန်းများအပေါ် ရန်ပုံငွေ ရပ်တန့်မှုကြောင့် သက်ရောက်မှုများအပေါ် မှတ်ချက်ပေးခြင်းမရှိပေ။

 

UNRWA အကြီးအကဲ Philippe Lazzarini က ဝန်ထမ်း “အများအပြား” ကို စာချုပ်ရပ်စဲခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် ၎င်းတို့ပါဝင်သည်ဟု စွပ်စွဲထားသည့် အစ္စရေးတို့ ပေးပို့သော သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ကြောင်း ပြောသည်။ အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီးဌာနက ဝန်ထမ်း ၁၂ ဦးအပေါ် စွပ်စွဲမှုများရှိကြောင်း ပြောသည်။

 

UNRWA သည် ဂါဇာတွင် ဝန်ထမ်း ၁၃,၀၀၀ ရှိပြီး ၎င်းတို့အားလုံးနီးပါးမှာ ပါလက်စတိုင်းများဖြစ်ပြီး အေဂျင်စီမှ လည်ပတ်နေသည့် ကျောင်းများတွင် သင်ကြားပေးနေသော ကျောင်းဆရာများမှသည် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အထောက်အပံ့ပေးသည့် လုပ်သားများအထိ ပါဝင်ကြသည်။

 

Lazzarini က ထုတ်ပြန်ချက်တစ်စောင်တွင် စွပ်စွဲချက်များကို “ထိတ်လန့်တုန်လှုပ်ရကြောင်း”၊ “အကြမ်းဖက်မှုတွင် ပါဝင်သည့် မည်သည့်ဝန်ထမ်းမဆို ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်း အပါအဝင် တာဝန်ယူရမည်ဖြစ်ကြောင်း” ဖော်ပြသည်။

 

တိုက်ခိုက်မှုတွင် ဝန်ထမ်းများက မည်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို မဖော်ပြထားပေ။ မကြုံစဖူး ရုတ်တရက်တိုက်ခိုက်မှုအတွင်း ဟားမက်စ်တိုက်ခိုက်ရေးသမားများက ဂါဇာဝန်းကျင်မှ လုံခြုံရေးစည်းရိုးများကို ချိုးဖောက်ဝင်ရောက်ကာ အနီးအနားရှိ အစ္စရေးလူမှုအသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ကာ လူပေါင်း ၁,၂၀၀ ခန့် သတ်ဖြတ်ခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကာ ၂၅၀ ခန့်ကို ပြန်ပေးဆွဲခဲ့သည်။ အခြားစစ်သွေးကြွများလည်း အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက UNRWA ဝန်ထမ်းများအပေါ် စွပ်စွဲချက်များကြောင့် “အပြင်းအထန် ဒုက္ခပွားရသည်” ဟု ဆိုပြီး အေဂျင်စီအတွက် ထပ်မံပေးအပ်မည့် ရန်ပုံငွေကို ယာယီရပ်တန့်ခဲ့သည်။ အမေရိကန်နိုင်ငံသည် အေဂျင်စီအတွက် အကြီးဆုံးအလှူရှင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃၄၀ သန်း ပေးအပ်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်းရာချီ၍ ပေးအပ်ခဲ့သည်။

 

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres ၏ ပြောခွင့်ရ Stéphane Dujarric က အေဂျင်စီကို လွတ်လပ်ပြီး “အရေးပေါ်၊ ကျယ်ကျယ်ပြန့်ပြန့်” သုံးသပ်မှုတစ်ရပ် ပြုလုပ်သွားမည်ဟု ပြောသည်။

 

အစ္စရေးနိုင်ငံ တည်ထောင်သည့် ၁၉၄၈ ခုနှစ်တွင်ဖြစ်ပွားသည့် စစ်ပွဲအတွင်း နေအိမ်များမှ စွန့်ခွာခဲ့ရသည့် အရှေ့အလယ်ပိုင်းဒေသမှ ပါလက်စတိုင်းသန်းပေါင်းများစွာအတွက် ကူညီစောင့်ရှောက်ရန် UNRWA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒုက္ခသည်များကို ၎င်းတို့ ယခင်က ပိုင်ဆိုင်သည့် မြေများသို့ ပြန်လာခွင့်ကို အစ္စရေးက ငြင်းပယ်ခဲ့သည်။

 

အစ္စရေးနှင့် အမေရိကန်လွှတ်တော်အပါအဝင် ၎င်း၏ မဟာမိတ်များက UNRWA ကို ၎င်း၏ ကျောင်းပေါင်း ရာဂဏန်းတွင် အစ္စရေးဆန့်ကျင့်ရေးများ သင်ကြားနေကြောင်း၊ ၎င်း၏ ဝန်ထမ်းအချို့မှာ ဟားမက်စ်တို့နှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း မကြာခဏ စွပ်စွဲခဲ့သည်။ ထရန့်အုပ်ချုပ်ရေးက အေဂျင်စီကို ရန်ပုံငွေပေးအပ်မှု ၂၀၁၈ ခုနှစ်တွင် ဆိုင်းငံ့ခဲ့သော်လည်း သမ္မတ ဂျိုးဘိုင်ဒန်က ပြန်လည် ပေးအပ်ခဲ့သည်။

 

ကိုးကား - AP

 ပုံစာ - ဇန်နဝါရီလ ၂၆ ရက် ၂၀၂၄ ခုနှစ် ဂါဇာတောင်ပိုင်း Rafah မြို့သို့ ရောက်ရှိလာသော ပါလက်စတိုင်းများ။ (Photo:AP Photo/Fatima Shbair)

 

Burma Associated Press

အစ္စရေး
ပါလက်စတိုင်း
ဂါဇာ
အမေရိကန်
စစ်ပွဲ
ဟားမက်စ်

Share With
bap-logo