Politics
ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီလက်ပါးစေတွေက နိုင်ငံခြားပြန် ပြည်သူတွေကို စစ်တပ်ထဲပို့မယ်လို့ ခြိမ်းခြောက် ငွေညှစ်နေ
လွန်ခဲ့သော ၅ လ က
BAP၊ စက်တင်ဘာ ၂၅။
စစ်ကောင်စီဟာ ရန်ကုန်လေဆိပ်မှာ ပြည်ပကနေ နိုင်ငံကူးလက်မှတ် ( Passport for Visit)နဲ့ ပြန်လာသူတွေ အလည်ဗီဇာကို ခွင့်ပြုဗီဇာကျော်နေလို့ဆိုပြီး ပါသမျှငွေအကုန်တောင်းကာ အခြားနည်းလမ်းမျိုးစုံနဲ့ ငွေညှစ်တာ တွေ ဆက်တိုက်ပြုလုပ်လာကြတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။
"မပေးလို့မရဘူး၊ သေနတ်နဲ့ထုနှက်ရိုက်မယ့်ပုံ၊ အဆင်မပြေလို့ ပြန်လာတာကိုပြောလို့မရဘူး ၊ အိတ်တွေကအစ မှောက်ပြရတာ၊ မပေးနိုင်ရင် စစ်ထဲတန်းပို့မယ်လို့ကို ခြိမ်းခြောက်တာ" လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။
အမျိုးသားအချို့ကိုဆိုရင် တောင်းတဲ့ငွေမပေးပါက စစ်မူထမ်းတဲ့နေရာကို ချက်ချင်းပို့ဆောင်မယ်ဆိုပြီး တစ်ဦးကို ကျပ် သိန်း ၂၀ အထိ ငွေညစ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတဦးက ပြောပါတယ်။
အလည်အပတ်ဗီဇာ ၂ လနဲ့ ပြည်ပမှာ အလုပ်လုပ်ပြီးပြန်လာတယ်ဆိုပြီး စားစရာကအစ အသုံးအဆောင် ပစ္စည်းအားလုံးယူထားတယ်လို့ ဒူဘိုင်းနိုင်ငံကနေမကြာခင်ကပြန်လာသူတွေက ပြောပါတယ်။
"မင်းကအေဂျင်စီနဲ့သွားတာလား၊ သွားတာဆိုရင်အေဂျင်စီဖက်ကရော ပြန်လာတဲ့သူဖက်ကရော နှစ်ဖက်စလုံး ကနေတောင်းတာ၊ သူတို့တုံးထုထားတဲ့ရက်ထက် တလကျော်ရင် ဘယ်လောက်ဆိုပြီး တောင်းတာ၊ မပါလာရင်မိဘတွေဆီကို Kpay နဲ့လှမ်းလွှဲခိုင်းတာ"လို့ ဒူဘိုင်းနိုင်ငံကနေ အလည်ဗဇာနဲ့ ပြန်လာသူတဦးက ပြောပါတယ်။
ဒီလိုငွေညစ်မှုမှာ စစ်ကောင်စီလက်ပါးစေတွေဖြစ်တဲ့ လေဆိပ်ရဲ၊ လဝက၊ စရဖနဲ့ တပ်၊ ရဲတွေ ပါဝင်ပြီး အဖွဲ့လိုက် တောင်းနေတာဖြစ်လို့ ပြည်ပကပြန်လာသူတွေ အခက်ခဲနဲ့ကြုံနေရတယ်လို့ ပြောပါတယ်။
"ဘယ်လောက်တောင်လုပ်စားနေလဲဆိုရင်သူတို့မှာ Kpay ရော Waveရော mobile Banking အစုံရှိတယ်၊ မင်းဝတ်လာတဲ့ ဂျင်းဘောင်းဘီက ဂူဂဲလ်မှာရိုက်ရှာတာ ဘယ်လောက်တန်တယ်၊ အသက်မသေချင်ရင် သွားလိုက်တော့လို့ထိတောင်ပြောတာ"လို့ အခုနှစ် စက်တင်ဘာလအတွင်း လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ ရသူတဦးက ပြောပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့၊ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အရွယ်တွေက ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်ရမယ်ဆိုတဲ့ နောက်ဆက်တွဲထွက်ပေါ်လာပြီးတဲ့နောက် လေဆိပ်တွေမှာ ငွေညစ်မူပိုမိုများပြားနေတာလို့ ဆိုပါတယ်။
ရန်ကုန်လေဆိပ်မှာ အလည်အပတ် အမျိုးအစားပတ်စ်ပို့ (PV)နဲ့ ပြည်ပထွက်ခွာမယ့်လူတွေကို ထွက်ခွာခွင့် ပိတ်ပင်ခံရပြီးနောက်ပိုင်း ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေကို ခြိမ်းခြောက်ငွေညှစ်မူတွေ ပိုများလာတာလို့ ဆိုပါတယ်။
ပြည်တွင်းကိုခွင့်တလရလို့ ပြန်လာသူတွေလည်း ပြည်ပထွက်ခွာဖို့ အချက်အလက်တွေ စုံလင်ပေမယ့် ထွက်ခွာခွင့်မပြုဘဲ လေဆိပ်ကနေ ပြန်လွှတ်ခံနေရပြီး အဲဒီလို ကြုံတွေ့နေရသူ တွေထဲမှာ အသက် ၄၅ နှစ် နဲ့ အထက်လူတွေပါ ပါဝင်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
"ကျမကအိုမန်နိုင်ငံမှာ အိမ်ဖော်လုပ်တာ ၃ နှစ်ရှိပြီ၊ အိမ်ရှင်ကခွင့်ပေးလို့ပြန်လာတာ၊ ပေးမထွက်ဘူး ၊ လေယာဥ်လက်မှတ်တွေဆုံးတဲ့ထိကြုံနေရတယ်၊ ပြန်သွားလို့မရတော့ဘူး" လို့ အသက် ၄၇ နှစ် အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။
ပြည်ပ အကျိုးဆောင် လုပ်ငန်းရှင်တွေကလည်း အခုလို ပြည်ပထွက်ခွာဖို့ ခက်ခဲနေတာဟာ နှစ်လကျော်ရှိနေပြီးလို့ ဆိုပါတယ်။
လတ်တလော ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာမယ့် လေယာဥ်မရှိသလောက်ရှားပါးနေပါတယ်။ ဒူဘိုင်းနိုင်ငံက ပြန်လာသူတွေဟာလည်း နေထိုင်ခွင့်ဗီဇာ အခက်အခဲဖြစ်ကာ ပြည်ပမှာအလုပ်အကိုင်မရလို့ ပြန်လာသူတွေသာ များပြားနေတာလို့ ဆိုပါတယ်။
မြန်မာကနေ ဒူဘိုင်းသွားကြသူအများစုဟာ အလည်ဗီဇာနှစ်လနဲ့သွားကြရတာပါ။ အဲဒီကာလ အတွင်း အလုပ်ရှာပြီး အလုပ်ရပါက နေထိုင်ခွင့်ဗီဇာကို အလုပ်ရှင်က လျှောက်ပေးကြရတာလို့ ဒူဘိုင်းရောက်သူအချို့က ပြောပါတယ်။
ဒူဘိုင်းရောက်ပြီး ၂ လအတွင်းအလုပ်မရှာနိုင်ပါက နောက်ထပ် နှစ်လထပ်တိုးဗီဇာနဲ့နေရင်း အလုပ်ရှာရင်း အဆင်မပြေပါက မြန်မာနိုင်ငံကို ပြန်ကြရတာလို့ ဆိုပါတယ်။
ဒူဘိုင်းကိုအလည်ဗီဇာနဲ့ သွားသူတွေလဲ အလုပ်မရလို့ ပြည်တွင်းပြန်လာတဲ့အချိန် စစ်ကောင်စီအဖွဲ့က လေဆိပ်ကနေပါသမျှပစ္စည်းအကုန်ယူထားတာကြောင့် ဒုက္ခရောက်နေကြတယ်လို့ ပြောကြပါတယ်။
"မြန်မာပြည်ပြန်ရောက်တော့ လေဆိပ်ကစစ်ဆေး၊ ပေးစရာငွေမရှိတော့ စစ်မူထမ်းထဲထည့်မယ်ပြောလာတော့ ကြောက်ပြီး သေးတောင်ထွက်ကျတဲ့သူရှိတယ်၊ အဲဒီလောက်ထိအခြေအနေဖြစ်နေကြတာ"လို့ ဒူဘိုင်းကနေ မြန်မာနိုင်ငံကို ပြန်လာသူတဦးက ပြောပါတယ်။
မပြန်မဖြစ်ပြည်တွင်းကို ပြန်ဝင်လာကြတဲ့ အလည်ဗီဇာနဲ့ ပြန်လာသူတွေဟာ လေယာဥ်လက်မှတ် တောင်ဝယ်စရာမရှိလို့ ချေးငှားပြီးပြန်လာကြသူများနေတယ်လို့ ပြောကြပါတယ်။
"ဟိုရောက်လို့ အလုပ်မရှိလို့ ဒုက္ခရောက်နေသူတွေအများကြီးပါ၊ ဒိပြန်ရောက်တော့လည်းနိုပ်စက်နဲ့ အဆင်မပြေလို့ ပြန်လာတာပါ၊ ဒုက္ခရောက်နေတယ်ဆိုလဲမရဘူး၊ နှစ်ယောက်ကတော့ ငွေမပေးနိုင် သူတို့ကို ကလန်ကဆန်ပြန်ပြောလို့လားမသိ အဖမ်းခံလိုက်ရတယ်၊ ငွေမပေးရင်ကို မရတာ၊ ဖိနပ်ကအစ ချောကလက်ပါမကျန် ယူထားလိုက်တယ်"လို့ ဒူဘိုင်းကနေပြန်လာသူတဦးက ပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့်သူတွေနဲ့ ပြည်ပကနေ ပြန်လာသူတွေကိုသတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာနစတဲ့ စစ်ကောင်စီလက်ပါးစေ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးပြီး ငွေတောင်းယူနေကြတာပါ။
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က