Politics
ရန်ကုန် မီးတုတ်သပိတ်က လူငယ်တွေ စစ်တပ်က မြေလှန်ရှာနေ
လွန်ခဲ့သော ၆ လ က
BAP၊ စက်တင်ဘာ ၂၀။
ရန်ကုန်မြို့လယ်မှာ တိုက်ပွဲဝင်အလံ၊ မီးတုတ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့တဲ့လူငယ်တွေကို စစ်ကောင်စီက မြေလှန်ရှာနေတယ်လို့ သိရပါတယ်။
သပိတ်ပြုလုပ်တဲ့ဓာတ်ပုံတွေကို မနေ့က စက်တင်ဘာ ၁၉ ရက် က ဆိုရှယ်မီဒီယာတွေကတဆင့် သပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့ကြတာပါ။
"မနေ့ညက စဖမ်းခံရတယ်လို့ကြားတယ်၊ သပိတ်လုပ်တာမနေ့ကမဟုတ်ဘူး၊ အရင်နေ့ကလုပ်ကြတာ၊ လုပ်တဲ့နေ့ကတည်းက အရပ်ဝတ်နဲ့ စစ်ကောင်စီတွေကလိုက်နေကြ တာ၊ ပုံတွေတက်ပြီးမှဖမ်းခံနေကြတာ"လို့ သပိတ်အင်းအားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါသပိတ်တိုက်ပွဲကို လူငယ်သပိတ်ကော်မတီ (YSC)၊ ရွှေပြည်သာ သပိတ်ကော်မတီ (SPTSC) နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) တို့ နဲ့အတူ ကျောင်းသား ပြည်သူတွေ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
သပိတ်အင်အားစုမှာပါဝင်ခဲ့တဲ့ လူငယ်တွေဟာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ရန်ကုန်မြို့၊ အဓိကကားလမ်းမကြီးတခုပေါ်မှာ တိုက်ပွဲဝင်အလံ၊ မီးတုတ်တွေကိုင်စွဲပြီး ပြောက်ကျားသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
"လက်ရှိအချိန်မြေပြင်မှာ ဆန္ဒပြတာဟာ အင်မတန်အန္တရယ်ကြီးတယ်၊ ဒီလိုတွေမလုပ်စေချင်ဘူး၊ ရန်ကုန်မှာ CCTV တွေက နေရာတိုင်းရှိနေတာ၊ လိုက်ရလွယ်တယ်"လို့ ရန်ကုန်မှာ နေသူတဦးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း၊ အထွေထွေကျပ်တည်းမှုများနဲ့တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးတွေမှာ တာဝန်မဲ့ ပျက်ကွက်နေတဲ့ ပြဿနာတွေရဲ့ လက်သည်တရားခံ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုကို အမြစ်ဖြတ်ရေးကို ရည်ရွယ်ကြောင်း သပိတ်အင်အားစုတွေက ကြွေးကြော်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ဓါတ်ပုံ- AJAY
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က