Politics
လာမဲ့မတ်လမှာ တက္ကသိုလ်ဝင်တန်းဖြေမယ့် ကျောင်းသားတွေပါ စစ်မှုထမ်းစာရင်းပါနေလို့ မိဘတွေ ရတက်မအေးဖြစ်နေရ
လွန်ခဲ့သော ၄ နာရီ က
BAP၊ ဖေဖော်ဝါရီ ၇။
ရန်ကုန်မြို့မှာ လာမဲ့မတ်လ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့် ကျောင်းသားတွေပါမကျန် စစ်မူထမ်း ဆင့်ခေါ်စာတွေ ရောက်လာလို့ မိဘတွေရတက်မအေး ဖြစ်နေရပါတယ်။
ဒီလိုဆင့်ခေါ်စာတွေရောက်လာလို့ လာမယ့်မတ်လအတွင်း စာမေးပွဲဖြေဖို့ရှိနေတဲ့ ကျောင်းသားတွေဟာ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာယူနေရတယ်လို့ မိဘတွေက ပြောပါတယ်။
"စစ်မူထမ်းဆင့်ခေါ်စာရောက်တယ်ဆိုပြီးအိမ်အောက်ကို ရပ်ကွက်ရုံးကလာပြောတာ၊ ကျောင်းသားပဲရှိတဲ့အိမ် ဘယ်ကနေဘယ်လိုစားရင်းပါလာလဲဆိုပြီး ရင်တုန်ပန်းတုန်ဖြစ်သွားတယ်၊ သားဆိုရင်ကြောင်တောင်တောင်နဲ့ အမေသားတို့ဘယ်ပြေးရမလဲ၊ ပြီးတော့သေလိုက်ချင်တယ်ဆိုပြီးပြောနေတယ်၊ သူတို့ကျောင်းကလည်း အများကြီးပါကြတယ်"လို့ဒေါပုံမြို့နယ်နေသူ ကျောင်းသားမိဘတဦးက ပြောပါတယ်။
လက်ရှိကျောင်းတက်နေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေကြမယ့် ကျောင်းသားတွေထဲမှာ အသက်၁၈နှစ် ပြည့်ပြီးသူတွေ အများအပြားရှိနေတာကြောင့် စစ်မူထမ်းစာရင်းတွေပါနေတယ်လို့ မိဘတွေက ပြောပါတယ်။
သာကေတ၊ ဒေါပုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်က တက္ကသိုလ်ဝင်ခွင့်ဖြေမယ့် ကျောင်းသားတွေ စစ်မူထမ်းစာရင်းထဲပါနေကြလို့ မိဘတွေ ကျောင်းသားဖြစ်ကြောင်း ကျောင်းထောက်ခံချက်တွေယူနေကြတာပါ။
အခုလို စစ်မူထမ်းစာရင်းနာမည်ပါလာလို့ ကျောင်းသားတွေစာကျက်မရဘဲ စိုးရိမ်ထိတ်လန့်မူတွေနဲ့ ကြူံနေရတယ်လို့ မိဘတွေက ပြောပါတယ်။
"ရပ်ကွက်တာဝန်ရှိသူတွေက ပြောရမှာလေ၊ ဒီကလေးတွေက ကျောင်းတက်နေသူတွေဆိုတာ သူတို့ကမသိပဲမရှ်ိဘူး၊ ခုလိုကျောင်းသားအရွယ်တွေအတွက် ဆင့်ခေါ်စာရောက်လာတော့ သူ့အဖွားဆို သတိလစ်သွားတယ် "လို့ စစ်မူထမ်းဆင့်ခေါ်စာရောက်လာသူ ကျောင်းသားမိဘတဦးက ပြောပါတယ်။
စစ်မူထမ်းဆင့်ခေါ်စာတွေကို ဖေဖော်ဝါရီလအတွင်း မြို့နယ်ထွေအုပ်ရုံးနဲ့ ရပ်ကွက်ရုံးတွေကို ပို့ထားကြပြီး အမိန့်ဆင့်ခေါ်စာ ရရှိထားပြီးသူတွေဟာ ချက်ချင်း စစ်မှုထမ်းရမယ်လို့ ရပ်ကွက်တာဝန်ရှိသူတွေက ပြောဆိုနေကြတာလည်း ရှိပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေကို ရေရှည် ရဟန်းဝတ်ခွင့်မပေးဘဲ ရေတိုဒုလ္လဘရဟန်းအဖြစ် ရက်ပိုင်းသာ ခွင့်ပြုပေးဖို့ အသိပေးလာကြတယ်လို့ ဘုန်းကြီးကျောင်းတွေက သံဃာအချို့ထံက သိရပါတယ်။
လတ်တလောကာလ ရပ်ကွက်ရုံးတွေမှာလည်း ဧည့်စာရင်းစာအုပ်နဲ့နေထိုင်သူတွေကို အရင်ကတစ်လတစ်ကြိမ် ခွင့်ပြုပေးရာကနေ အခု ၁၅ ရက်သာ ခွင့်ပြုထားပြီး နေထိုင်သူတွေကို စိစစ်နေတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်။
"ဒီလ ၃၀ ရက်ကမှ အသစ်ပြဌာန်းလိုက်တာ၊ ရပ်ကွက်ထဲ နေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ သေချာစိစစ်ဖို့ လက်ရှိလိပ်စာမှာ နေသူတွေထဲက အသက်ပြည့်ပြီးသူတွေ ရပ်ကွက်ထဲမှာရှိမရှိ ဘာအလုပ်လုပ်နေတယ်ကအစ စောင့်ကြည့်ခိုင်းထားတာ"လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်မူထမ်းဖို့ ကင်းလွတ်ခွင့်ရသူတွေထဲမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ပညာသင်ကြားနေသူတွေ၊ အခြားပြုစုစောင့်ရှောက် မယ့်သူမရှိတဲ့ မိအိုဖအိုကို ပြုစုလုပ်ကျွေးနေသူတွေ၊ ၊မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူတွေ၊ ထောင်ဒဏ် ကျခံနေသူတွေဟာ လတ်တလော ကင်းလွတ်ခွင့်ရမယ်လို့ ပြဌန်းထားတာဖြစ်ပါတယ်။
Top News
လွန်ခဲ့သော ၄ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၅ ရက် က