bap-logo
Local News

ကန်ပက်လက်မှ စစ်ဘေးရှောင်ကလေးများနှင့် လူကြီးအချို့ အရေပြားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ

07bZap713fs-q87lztYgr-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ တောတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကလေးငယ် များနှင့် လူကြီးအချို့မှာ ကိုယ်ခန္ဓာအရေပြားရောဂါအချို့နှင့် ၀မ်းလျော၀မ်းပျက်ရောဂါများကို ခံစားနေကြရသည်။



လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး၊ စား၀တ်နေရေးအခက်အခဲများရှိနေသည့် စစ်ဘေးရှောင်များ သည် ယခုကဲ့သို့ရောဂါဖြစ်ပွားနေကြသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ကာ ခန္ဓာကိုယ် အရေပြား ရောဂါဖြစ်နေသော ကလေးဦးရေ ၂၀၀ မှ ၃၀၀ အထိရှိနေပြီး၊ သေဆုံးသူ ၃ ဦးခန့်ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးများ လုပ်ဆောင်နေသည့် ကန်ပက်လက်မြို့ဒေသခံ ပါစတာ တစ်ဦးထံမှ သိရသည်။



"
ကလေးတွေရဲ့ ကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အဖုအပိန့်တွေထွက်တယ်။ ၀က်သက်လိုမျိုးပေါ့။ ဆရာ၀န်၊ ဆရာမအချို့ ဆေးကုပေးပေမယ့် ဘာရောဂါမှန်းသေချာမသိရဘူး။ ဖြစ်နေကြတာ တစ်လလောက် ရှိပြီ၊ စာရင်းကောက်ထားတာတော့ ကလေး ၃၀၀ ၀န်းကျင်လောက်ဖြစ်နေတာ၊ သေတာလည်း သုံးလေးယောက်ရှိနေတယ်။ လူကြီးအချို့ကတော့ အထက်လန် အောက်လျောလိုမျိုး ၀မ်းလျော ၀မ်းပျက်ဖြစ်ကြတယ်။ ရေကြောင့်တော့မဟုတ်ဘူးထင်ပါတယ်။ ဘာလို့လဲသေချာတော့ မပြောတတ်ဘူး" ဟု ၎င်းက ပြောသည်။



အဆိုပါစစ်ဘေးရှောင်များမှာ ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ် တစ်ခုအကြား တိမ်းရှောင်နေကြသူများဖြစ်ပြီး၊ ဆေး၀ါးနှင့် စားနပ်ရိက္ခာလိုအပ်ချက် အမြဲ ကြုံတွေ့နေကြရသည်။



"
ကျွန်မတော့နေကောင်းပါတယ်။ ဒီမှာကလေးတွေနေမကောင်းကြဘူး။ ဘာရောဂါလဲမသိ ဖြစ်ကြတယ်။ ဆရာ၀န်တွေက ဓာတ်ဆားမသောက်ရဘူးလို့လည်းပြောတယ်၊ တချို့ဆရာ၀န် ဓာတ်ဆားသောက်ရတယ်လည်းပြောတယ်။ ကျွန်မတို့ဘယ်လိုလုပ်ရမလဲမသိသေးဘူး" ဟု အဆိုပါစစ်ရှောင်စစ်ခန်းမှ ကန်ပက်လက်မြို့ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။



ကန်ပက်လက်မြို့ပေါ်တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်နေခြင်းကြောင့် ဒေသခံများ ဘေးလွှတ်ရာတိမ်းရှောင်နေကြရသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီး၊ ခရစ်စမတ်ကာလ ၂ နှစ်ခုပင် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။



လက်ရှိတွင် ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည်ကို စစ်ဘေးရှောင်သူများ စိုးရိမ်လျှက်ရှိသည်။

Burma Associated Press

ဒုက္ခသည်
ကလေးငယ်များ
ချင်း

Share With
bap-logo