bap-logo
Local News

ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်ဘေးရှောင် ထောင်ချီ စားနပ်ရိက္ခာတွေ လိုအပ်နေ

uCl4KV4KzfS2n078usg4A-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ -

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ဒေသခံပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ် ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၇ ရက်မှစ၍ ဘုတလင်မြို့မှ ထွက်လာသည့် အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် စိုင်ပြင်မြို့မှတစ်ဆင့် စိုင်ပြင် - ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ ဝင်ရောက်လာသည့်အတွက် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

 

" စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရတာ တစ်ပတ်လောက်ရှိနေပြီး ဘာမှလည်းယူလာချိန်မရဘူး။ စားဝတ် နေရေးတွေ အခက်အခဲဖြစ်နေကြတယ်။ ကူညီတဲ့လူတွေရှိပေမယ့် လူကများတော့ သိပ်တော့ အဆင်မပြေ ကြဘူး " ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီပဲယင်းအနောက်ခြမ်း စိုင်ပြင်၊ ဂွေးပင်ကုန်း၊ ရွှေဒါးကန်၊ ကျောက်ဖျာ၊ မကြီးစောက်၊ ကျခတ်၊ ပျံကျ၊ ကြည်၊ ဘုရားထွက် စသော ကျေးရွာများတွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး လျက် ရှိကြောင်း၊ ထို့အပြင် ဘူဒိုဇာ နှစ်စီးအသုံးပြုပြီး အများပြည်သူသုံး လမ်းမများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က ဆိုသည်။

 

ထို့အပြင် ယမန့်နေ့ ညနေပိုင်းကလည်း မုံရွာ နမခ မှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ကြည်ဘုရားထွက် ကျေးရွာများတစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့

Burma Associated Press

 

စစ်ကိုင်း
အရပ်သား
ဒီပဲယင်း
ဒုက္ခသည်

Share With
bap-logo