Opinion
စစ်ခေါင်းဆောင်ရဲ့ NCA ကောက်ရိုးတစ်မျှင်
လွန်ခဲ့သော တစ်နှစ် က
ယခုရက်ပိုင်းအတွင်း NCA စာချုပ် ၈နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ နိုင်ငံ၏ မူလပကတိ အခြေအနေသည် စီးပွားရေးလည်း စီးပွားရေးအလျောက် ပရမ်းပတာနှင့် ရမ်းခါနေသည့် အနေ အထားတွင် ဖြစ်သည်။
ရွှေစျေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ စက်သုံးဆီ၊ စားအုန်းဆီ ဈေးနှုန်းများသည် နေ့တစ်မျိုး၊ ညတစ်မျိုးဖြင့် ဖရို ဖရဲဖြစ်သည်။ အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း တစ်နေ့တခြား တအိအိမြင့်တက်လာနေခဲ့ပြီး ပြည်သူ များ၏ နေ့စဉ်ဘဝရပ်တည်မှုက လေးဖက်လေးတန်မှ ပိကျလာသော နံရံများပမာ ဖြစ်နေချိန်လည်းဖြစ်သည်။
ထိုသို့သော အချိန်မျိုးတွင် NCAက တကျော့ပြန်လာခဲ့ခြင်းဖြစ်သည်။ ယင်းသည် အဖက်ဖက်တွင် အောင်မြင်မှု ဟူ၍ ဘာမှမပြနိုင်ဘဲရှိသလို ပြည်တွင်းပြည်ပ၏ ပိတ်ဆို့တားမြစ်မှုများကြား တဖြည်းဖြည်း ချောင်ပိတ်မိ လာသော အခြေအနေမှ ရုန်းထွက်ရန် စစ်ကောင်စီက သွေးရူးသွေးတန်းဖြင့် ကောက်ရိုးတစ်မျှင် ဆွဲခြင်းပင် ဖြစ်သည်။
ပြန်လည်တွက်စစ်ကြည့်လျင် NCA သည် ပုံဖျက်ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသီး အပွင့်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲခဲ့သော ထိုခြေဥထဲ၌ NCAနှင့်ပတ်သက်သော အခြေခံမူများ ချမှတ်ရာ၌ပင် အငြင်းပွားမှုများရှိခဲ့သည်။
ထိုသို့ဖြင့်ပင် NCA သည် ၂၀၁၀ ပြည့်နှစ်အလွန် တရားဝင်နိုင်ငံရေးစင်မြင့်ထက်၌ စတင်အသုံးတော်ခံခဲ့ခြင်း လည်း ဖြစ်သည်။ ထိုအချိန်က အနောက်အုပ်စုအပါအဝင် ကုလသမဂ္ဂသည်ပင် ထိုကိစ္စအတွက် အားပေးအသိ အမှတ်ပြု မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကာလများ၌ NCA သည် တာထွက်ကောင်းသယောင် ရှိခဲ့သည်။ သို့ရာတွင် အခြေခံရပိုင်ခွင့်နှင့် အခြား သော သယံဇာတခွဲဝေရေးကဲ့သို့သော အကျိုးစီးပွားကိစ္စရေးရာများ ၊ အာဏာခွဲဝေရေး ကိစ္စများ၌ စစ်တပ်၏ တင်းမာသော သဘောထားတွင် ရှေ့မဆက်နိုင်ဘဲ ကြာရှည်ခဲ့သည်။
မည်သို့ဆိုစေ ဗမာပြည်၌ စစ်တပ်က ဦးဆောင်သော ငြိမ်းချမ်းရေးဆိုသည် စစ်တပ်၏ စိတ်တော်သိ ဗောင်းတော် ညိမ့် ဘဝနှင့် ပေးသမျှယူ၊ ကျွေးသမျှစားရင်း ဒေသန္တရလက်နက်ကိုင်ဘဝထက် မည်သည့်အခါကမှ မပိုခဲ့ခြင်းက သေချာမှုတစ်ခုဖြစ်သည်၊ မဆလခေတ်ကစ၍ နဝတ၊ နအဖခေတ်အားလုံး၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှန်သမျှ အာ ဏာခွဲဝေရေးနှင့်အခြားသော အခြေခံအခွင့်အရေးများအစား သစ်လုပ်ကွက်၊ သတ္တုတူးဖော်ရေးစသည့် စီးပွားရေး ဆိုင်ရာ မစို့တပို့ပေးစာကမ်းစာများ ယူရင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။
ဤသို့ဖြင့် အဆုံးတွင် တိုင်းရင်းသားလက်နက်ကိုင်များအတွင်း စီးပွားရေးလုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အငြင်း ပွားကြရင်း အက်ကြောင်းထင်ကွဲပြဲမည်။ ဤသည်ကပင် စစ်တပ်၏ အစဉ်အဆက်ကျင့်သုံးခဲ့သလို အလုပ်လည်း ဖြစ်ခဲ့သော သပ်လျှိုမှုပုံစံဖြစ်သည်။
လက်ရှိ NCAကို တက်သည်ဆိုသော အဖွဲ့များသည် အင်အားအရ ရာဂဏန်းမျှသာ ရှိသောအဖွဲ့များ ဖြစ်ရာ သက် ဆိုင်ရာ တိုင်းရင်းသားများကို ကိုယ်စားပြုခြင်းရှိမရှိက ထည့်သွင့်စဉ်းစားရန်ပင်မလိုပေ။ ထိုအဖွဲ့ငယ်များအနေနှင့် စစ်တပ်ထံမှ ထောက်ပံ့မှုတချို့လည်း လက်ခံရယူနေဆဲဖြစ်သည်မို့ တိုင်းပြည်အရေးထက် အကျိုးစီးပွားအရေး ကို ရှေ့တန်းတင်လာခြင်းသာဖြစ်သည်။
NCAစာချုပ်၌ လက်မှတ်ထိုးထားသည့်အဖွဲ့များအနက် KNU၊ CNF နှင့် ABSDF တို့က စစ်တပ် အနေဖြင့် နိုင်ငံရေးက မထွက်ခွာမချင်း မည့်သည့်ဆွေးနွေးမှုမျိုးမှ ပြုလုပ်မည်မဟုတ်ကြောင်း၊ NCA ပျက်ပြယ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အထက်တွင် ဆိုခဲ့သလို စစ်တပ်၏ သပ်လျှိုသင်းခွဲမှုသည် ထိရောက် အသုံးဝင်နေသေးကြောင်း ABSDF အဖွဲ့ဝင် သုံးဦး၏ တက်ရောက်မှုက ပြသနေခဲ့သည်။
ချုပ်၍ဆိုရလျင် NCA ဆိုသည် နွေဦးတော်လှန်ရေး အစတွင်ပင် နိဂုံးချုပ်သွားခဲ့ပြီဟုဆိုရမည်။ တိုင်းပြည်၏ တောင်ပေါ်၊ တောင်အောက်၊ မြေပြန့်မကျန် တိုင်းရင်းသားအားလုံး၏ သွေးက နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီတပ်၏ လက်ဝယ် အထပ်ထပ်စွန်းထင်းခဲ့ပြီးဖြစ်ရာ ယင်းအားပြန်လည်ဆေးကြောရန်သည် တော်ရုံ ဖြင့် မလွယ်ကူခြင်းက သေချာ၏။
NCA ၈ နှစ်ပြည့်ကာလနှင့် အနီးကပ်ဆုံးတွင် ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာအနီးရှိ "မုန်လိုင်ခက်" စစ် ရှောင် စခန်းတိုက်ခိုက်ခံရမှုနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်းဒါဇင်ချီ အသက်ဆုံးရှုံးခဲ့ရခြင်းသည် စစ် ကောင်စီ၏ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ကို အနက်ဖွင့်ဆိုခြင်းပင် ဖြစ်သည်။ ဤအခြေအနေများအားလုံးကို ဖော်ဆောင်ခဲ့သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပင်ဖြစ်သည်။ ထို့အတွက် သူ့ထံပါးက ထွက်ပေါ်လာသော NCA ဆိုသည်မှာ စင်စစ် တိုင်းရင်းသားတစ်ရပ်လုံးကို နားလှည့်ပါးရိုက်ခြင်းနှင့် ဘူးခွံသွတ်သွင်းခြင်းသာ ဖြစ်သည်။
သို့ဖြစ်ရာ အစစအရာရာတွင် ကျရှုံးမှုများဖြင့် လုံးချာလည်နေသည့် စစ်ကောင်စီ၏ ဆွဲမိဆွဲရာကောက်ရိုး တစ်မျှင် ဖြစ်သည့် NCA သည်လည်း ပြည်သူနှင့်အချိန်၏ အဆုံးအဖြတ်ပေးမှုအောက်တွင် ကျရှုံးရမည်သာ အသေအချာပင် ဖြစ်သည်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က