Opinion
နိဂုံးချိန် တန်သည့်အခါ
လွန်ခဲ့သော တစ်နှစ် က
အာဏာရှင်တွင် လူအာဏာရှင် တနည်း အရပ်သားအာဏာရှင်နှင့် စစ်အာဏာရှင်ဆိုပြီးခွဲခြားကြသည်။ သို့ရာတွင် ဤသည်က ယေဘုယျမျှဖြစ်ပြီး နေရာတချို့၌မူ ထိုနှစ်မျိူးကြား နယ်ကြားမျဉ်းက မှုန်ဝါးနေရင်း တသားတည်း ဖြစ်နေတတ်သည်တို့လည်း ရှိ၏။ အာရှအနေနှင့်ကြည့်လျင် သွားလေသူ ဖိလစ်ပိုင်သမ္မတ ‘မားကို့စ်’က ဥပမာ တစ်ခု ဖြစ်သည်။ စစ်တပ်ကို သြဇာညောင်းသူဖြစ်ခြင်းက သူ၏အာဏာတည်ဆောက်မှုအတွက် အကြီးမားဆုံး သော အခွင့်အရေးနှင့် အားသာချက်ဖြစ်ခဲ့သည်။ ဤနည်းဖြင့်တိုင်းပြည်ကို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ခွင့် ကို ရခဲ့သည်။
အလားတူ နောက်တစ်ဦးက အာဏာရှင်ဦးနေဝင်းဖြစ်သည်။ သူ၏မူလလာရာက စစ်တပ်ဖြစ်သည့်တိုင် ထောက် လှမ်းရေး ယန္တရားနှင့် အကွက်ချစီမံပြီး နေရာရယူတတ်ခြင်း၊ လက်ရဲ ဇက်ရဲလုပ်ကိုင်တတ်ခြင်းများက သူ့ကို ခေတ် သစ်ဗမာပြည်၏ အစောဆုံးနှင့်အာဏာရှင်စနစ်၏ ပင်မရေသောက်မြစ်အဖြစ် ပုံဖော်ပေးခဲ့သည်။ သူသည် စစ်တပ်မှသည် အရပ်ဖက်သို့ ခပ်တည်တည်ကူးပြောင်းခံယူရင်း ‘မဆလ’ ကို အသက်သွင်းခဲ့သည်။
သို့ရာတွင် နိုင်ငံရေးဟူသည် တခါတရံ ဘုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့် ဖြစ်တတ်သည့်သဘောရှိရာ သူသည် လည်း အဆုံးတွင် ရုပ်ပျက်ဆင်းပျက်အနေအထားနှင့် အဆုံးသတ်ခဲ့ရသည်။ ဤနေရာ၌လောကကြီး၏ ကျီစယ်မှုရဂယက် စက်သည်ဆိုရမည်။ မသေခင်အချိန် နေအိမ်အကျယ်ချုပ်ဘဝနှင့်နေခဲ့ရသလို သေသည့်အခါ ၌လည်း ဖျာလိပ်နှင့် ပတ်မချရရုံတမယ်ဖြစ်သည်။ နောက်ဆုံးနာရေးခရီးတွင်လည်း လူအနည်းငယ်နှင့် တိုးတိုး တိတ်တိတ် ပြီးစီးခဲ့ရသည်။ သူ့ကိုထိုသို့စီရင်ခဲ့သူများသည် တစ်ချိန်က သူကိုယ်တိုင် ရေလောင်းပေါင်းသင်ပြီး ကျကျနန ပြုစုပျိုးထောင်ခဲ့သူများပင် ဖြစ်သည်။
ယခုအချိန်၌ သူချန်ရစ်ခဲ့သောအရာဆိုသည် အချင်းချင်းကြားသွေးကွဲမှုများ၊ ပြည်သူ့ဘဏ္ဍာ တရားမဝင်ခိုးဝှက်မှု များ၊ ကြီးနိုင်ငယ်ညှင်း အထက်ဖားအောက်ဖိ လူမှုဝန်းကျင်ဆိုးနှင့် အာဏာရှင်အတွေးအခေါ်တို့သာ ရှိလိမ့်မည်။ ပတ်ဝန်းကျင်ရှိ လူမှုရေး၊ နိုင်ငံရေးကစ၍ အထွေထွေကျရှုံးမှုများနှင့် ပတ်သက်ပြီး စကားဆိုသည့်အခါတိုင်း တရားခံသည် သူအဖြစ် မေးငေါ့ပြစ်တင်ခြင်းခံနေရပြီ။ ဤသည်မှာ အာဏာရှင်၏ ရှောင်လွှဲမရသော သမိုင်း မှတ်ကျောက်ပင်ဖြစ်သည်။ မလိုချင်၍မရသလို ဖျောက်ဖျက်၍လည်းမရနိုင်တော့သည့် အမည်ပျက်၊ အမည်ဆိုး ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အာဏာရှင်တို့မည်သည် ဘုံတူညီချက်တစ်ခုရှိ တတ်ကြစမြဲဖြစ်သည်။ မိမိတို့အာဏာတည်မြဲရေးအ တွက် ဘာမဆိုလုပ်ကိုင်ဝံ့သော စိတ်မျိုးကိုယ်စီရှိနေခြင်းဖြစ်သည်။ ဥပမာ ဘာသာရေးကို နိုင်ငံရေးအလို့ငှာ အသုံးချမလား အသုံးချမည်။ လူသတ်၊ အဓမ္မပြုမှုကို ပြုမလား ပြုပေမည်။ အာဏာတည်မြဲရေးအတွက် အရွယ် သုံးပါးမရွေး အသုံးချစတေးမလား စတေးမည်ဖြစ်သည်။
မည်သို့ဆိုစေ ကမ္ဘာပေါ်ရှိအာဏာရှင်တို့၏ ဇာတ်သိမ်းများကဖြင့် မနီးရိုးစွဲ တူညီသည်ချည်းသာဖြစ်သည်။ အာဏာရှင် ဟစ်တလာတစ်ယောက် မည်သို့ဇာတ်သိမ်းခဲ့သလဲ အားလုံးအသိပင်ဖြစ်သည်။ အလားတူစွာ ရိုမေးနီးယားက "နီကိုလိုင်ချောင်ရှက်စကူး"၏ ဇာတ်သိမ်းမှသည် မြေကျင်းထဲ ပုန်းအောင်းရင်း အဖမ်းခံရပြီး ကြိုးပေးခံရသူ ဆက်ဒမ်ဟူစိန်။ ရေဆိုးမြောင်းထဲ ပုန်းခိုရင်းသူ့ကို မသတ်ဖို့ ကြောက်လန့်တကြားတောင်းဆိုရင်း ပိုးစိုးပက်စက် ဇာတ်သိမ်းခဲ့ရသည့် လစ်ဗျားက "ကဒါဖီ"စသည်ဖြင့် ယူမည်ဆိုလျင် အားလုံးက သံဝေဂ ရစရာ ချည်း ဖြစ်သည်။
အညစ်အကြေးစွန်းသောလက်ကို သာမန်အားဖြင့် ဆေးကြောလိုက်လျင် စွန်းပေနေသည်တို့ ပျောက်ပြယ် သွားနိုင်သည်။ အဝတ်အထည်များအပေါ် တစုံတရာစွန်းပေခဲ့လျင်လည်း လျှော်ဖွပ် သန့်စင်ခြင်းဖြင့် ပျောက်သွားနိုင်သည်။ သို့ရာတွင်သွေးစွန်းသော လက်များ၊ ခန္ဓာကိုယ်များကဖြင့် ဆပ်ပြာဖြင့်တိုက်ချလိုက်ရုံနှင့် မပြီးသော ကိစ္စဖြစ်သည်။ တခြားမည်သည့်အရာနှင့်ဆေးကြောသန့်စင် ဖြေဖျောက်ပါစေ ဖြူစင်မလာဘဲ သေရာပါရုံမက သေလွန်ပြီးသည့်တိုင် ထက်ချပ်မကွာလိုက်နေမည့် အရိပ်ဆိုးများဖြစ်သည်။ အထူးသဖြင့် သွေးဆိုသည်က တစ်ဖက်တွင် အကြွေးပင် ဖြစ်သည်။ ပြုသူက အင်အားဖြင့်ရက်စက်စွာပြုမူခဲ့သမျှ တချိန်၌မူ အကြွေးပြန်ဆပ်ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
ကိုယ့်အာဏာတည်မြဲရေးအတွက် ချနင်းစတေးခဲ့သော အသက်နှင့်ဘဝများဟူသည် သေပင်သေငြား ကြွင်းကျန် ရှင်သန်နေဆဲပင်ဖြစ်သည်။ လူရိုက်တာခံရလျင် ကွဲရုံပြဲရုံသာဖြစ်မည်။တရားအရိုက်ခံရလျင်မူ ဘဝအဆက်ဆက် သာမက ကိုယ်မိသားစုနှင့် မျိုးဆက်များပါမကျန် တောက်လျှောက်ဆက်၍ခံကြရဦးမည်ဖြစ်သည်။ အာဏာရှင် တို့၏ ကျရှုံးနေသော ဖြစ်စဉ်ဖြစ်ရပ်များနှင့်နှိုင်းယှဉ်ကြည့်လျင် စစ်ကောင်စီ၏ လာလတ္တံ့သောအရာကား မည်သို့ ဖြစ် မည်ဆိုသည်က တွေးကြည့်စရာပင်မလိုဟုသာ ဆိုရမည်ဖြစ်သည်။
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က