bap-logo
Opinion

အသုံးမဝင်တဲ့ အာဆီယံ မြေဆွေး

RxrMBJxv_Eb4MykxtUV3_-image

လွန်ခဲ့သော တစ်နှစ် က

အင်ဒိုနီးရှားဦးဆောင်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးများသည် မကြာမီကာလကပင် ပြီးဆုံးခဲ့ပြီ ဖြစ်၏။ တင်ဖွဲ့စည်းချိန်ကစတွက်လျင် ဆယ်စုနှစ်ခြောက်ခုနီးပါးကာလအတွင်း အာဆီယံသည် ကမ္ဘာကြီး၌သာမက ဒေသ တွင်း အခြေအနေများတွင်ပါ အပြောင်းအလဲများစွာ ကြုံခဲ့ရသည့် အမှန်ဖြစ်၏။

 

သို့သော် ထိုကာလအများအတွင်း မအောင်မြင်ခဲ့သော အခက်အခဲ အကျပ်အတည်းများ တုံ့ပြန်ဆောင်ရွက်မှုကို ချင့်တွက်ကြည့်လျင် အာဆီယံအနေဖြင့် အကျပ်အတည်းများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်ခဲ့သည်က ပြန်လည် ဆန်းစစ်သင့်သော ကာလလည်းဖြစ်၏။

 

ပြီးခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးအကြို နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့ဆုံပွဲ၌ မလေးရှား နိုင်ငံခြား ရေး ဝန်ကြီးက ဗမာ့အရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် အတိ အလင်း ဖိအားပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကတော့ ထုံးစံအတိုင်း အာဆီယံခေါင်းဆောင်နေရာအတွက် အိပ်မက်ရှိသူ ဖြစ်ရာ ချမှတ်ထားသော မူငါးချက်ကို အဓိကထား ပြောကြားခဲ့သည်။

 

ထို့အနက် ဗမာ့အရေး ကြားဝင်ဆွေးနွေး ကမကထ လုပ်ခဲ့သော ထိုင်းနိုင်ငံ၏လုပ်ကိုင်ပုံများနှင့် ပတ်သက်၍ လည်း မယုတ်မလွန်သဘောသာ ထည့်သွင်းပြောကြားသွားခဲ့သည်။ ဤသည်ကပင် အာဆီယံ၏ သရုပ်သကန်ကို ဖော်ပြနေသည်ဟုလည်း ဆိုနိုင်လိမ့်မည်။

 

စင်စစ်အာဆီယံအဖွဲ့၏ မူလဖွဲ့စည်းပုံကိုယ်၌ ဒေသတွင်းပြဿနာများကို ဖြေရှင်းရန် ခေါင်းစဉ်တပ်ထားသည့်တိုင် လက်တွေ့ မူဝါဒအပိုင်း၌မူ အထူးအားနည်းနေသည်က ပြဿနာဖြစ်၏။ သူတစ်ပါးပြည်တွင်းရေး ဝင်မစွက် ဖက်ရေး ဆိုသည့်မူဝါဒသည် အာဆီယံစတင်ဖွဲ့စည်းစဉ်ကာလ၏ ကမ္ဘာ့အခင်းအကျင်းနှင့်ဒေသတွင်း ပထဝီနိုင်ငံ ရေး၊ လုံခြုံရေးစသည်တို့နှင့်ချိန်ညှိလျင် တစုံတရာအကျိုးသက်ရောက်မှု ရှိနိုင်သည့်တိုင် ယနေ့လိုစိန်ခေါ်မှုများ တင်းကြမ်းပြည့်နေသည့် ကာလ၌မူ အလုပ်မဖြစ်တော့ခြင်းက အမှန်ဖြစ်သည်။

 

သို့ရာတွင် အဆိုပါကိစ္စကို မည်သို့မည်ပုံ ဖြေရှင်းကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက်၍ အာဆီယံတွင် အစဉ်အ ဆက် အဖြေမရှိခဲ့သလို လက်ရှိတွင်လည်း ထိုနည်းတူစွာ အဖြေမဲ့နေဆဲဖြစ်သည်။ ဥရောပသမဂ္ဂလို လူသား၏ ခြေခံရပိုင်ခွင့်နှင့် ဒီမိုကရေစီကိုအခြေခံသည့် မူဝါဒ အထိုင်ပေါ် ဖွဲ့စည်ခဲ့ခြင်း မဟုတ်သည်က လက်ရှိ ကြုံတွေ့လာရသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများ၌ အာဆီယံက မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ခြင်းဖြစ်၏။

 

ဆိုရလျင် အဖွဲ့ဝင်တိုင်းပြည်တစ်ခု၌ လူသားမျိုးနွယ်ဆိုင်ရာကြီးမားသော မတော်မတရားမှုများ ဖြစ်ပေါ်နေခြင်းအ ပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်လျင် နိုင်ဂျာအရေး၌ အာဖရိကသမဂ္ဂ၏ ပါဝင်ပတ်သက်မှုကပို၍ လက်တွေ့ ကျသည် ဟုဆိုရမည်။

 

လက်ရှိအချိန် ဗမာ့အရေးနှင့်ပတ်သက်၍ ကုလအကြီးအကဲက ဤသည်မှာ စစ်တပ်၏အကွက်ချ နှိပ်ကွပ်မှုဟု ကင်ပွန်းတပ်သည်။ မည်သို့ပင်ဆိုစေ စစ်ကောင်စီအတွက် ထိုသို့သော ပြောဆိုချက်ထုတ်ပြန်ချက်များဟူသည် ယားဖျောက်သလောက်သာ ရှိလိမ့်မည်။ ပြဿနာကိုဖြေရှင်းရန်တွင် တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံကြီး များက ဦးဆောင်ကြရန် တချို့က နှပ်ကြောင်းပေးကြသည်လည်း ရှိ၏။

 

မည်သို့ဖြစ်စေ အဆိုပါ နှစ်နိုင်ငံသည်လည်း ဗမာ့အရေးဖြေရှင်းရန် စိတ်စေတနာကောင်းထက် ကိုယ်ကျိုးစီးပွား အမျှင်အတန်းနှင့်သာ ချဉ်းကပ်နေကြရာ မြန်မာ့အရေး ပြဿနာက တချို့အပိုင်းများတွင် ပို၍ရှုပ်ထွေးလာမည်က စိုးရိမ်စရာဖြစ်၏။

 

ချုပ်၍ဆိုရလျင် အာဆီယံအနေနှင့် ဗမာ့အရေးတွင် ပါဝင်ပတ်သက်နေသူအားလုံးကို အခြေခံအားဖြင့် တပြေးညီ မဆက်ဆံသမျှ ပြဿနာကိုဖြေရှင်းနိုင်မည့်နည်းလမ်းကို မြင်ရမည်မဟုတ်ပေ။ လာမည့် အာဆီယံအလှည့်ကျ ဥက္ကဌသစ် လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ဗမာ့အရေးသည် ယခုထက်ပို၍ ရတက်မအေးစရာ ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။

 

လာအိုနှင့်ကမ္ဘောဒီးယားတို့၏ တရုတ်နှင့်နီးစပ်ပတ်သက်မှုကို လက်ရှိအချိန်တရုတ်၏ အမေရိကန်ကို တန်ပြန်ရေး၊ မြန်မာစစ်ကောင်စီအပေါ် တိုးမြှင့်လာသည့်အကူအညီများနှင့်ပေါင်းစပ်ကြည့်လျင် မြန်မာ့အရေး အလားအလာသည် ပြေးကြည့်ရန်ပင် မလိုလှပေ။

 

ကမ္ဘာပေါ်ရှိ တော်လှန်ရေးများ၌ လွယ်ကူသောတော်လှန်ရေးဟူသည်မရှိပါ အလားတူစွာပင် ကိုယ့်ခြေ ကိုယ့်လက်နှင့် မူးစုပဲစုစခဲ့ရသော ဗမာ့နွေဦးတော်လှန်ရေးသည်လည်း အခက်အခဲကြားကပင် အစို့အညှောင့်မှ သည် ပင်စည်ခက်မ ဝေဖြာခဲ့သည်။

 

ထို့အတွက် ဤနည်းဖြင့်ပင် အခြားသောသူ၏ မြေဆီမြေနှစ်ထက် ကိုယ်တိုင်ဖန်တီးမှု မြေဆီ မြေနှစ်ဖြင့် အဖူးအပွင့်တို့ကို မြင်တွေ့ရမည်ဟု ယုံကြည်သည်။ ပြည်သူကိုအခြေခံသမျှ ဘယ်အရာမှ ကျရှုံးရိုး ထုံးစံမရှိ မဟုတ်ပါလား။

 

Burma Associated Press

အာဆီယံ

Share With
bap-logo