bap-logo
Opinion

အမျိုးသား စည်းလုံးညီညွတ်မှုကို ဖြိုခွဲလိုက်သော သမိုင်းတရားခံ

JuTM_KOUK0kaiDRJoXM7v-image

လွန်ခဲ့သော ၃ နှစ် က

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လနောက်ပိုင်း စစ်တပ်၏အာဏာသိမ်းယူမှုကြောင့် နိုင်ငံရေးပဋိပက္ခမှသည် စစ်ရေး ပဋိပက္ခ ဖြစ်ရသည်အထိ နက်ရှိုင်းစွာကျယ်ပြန့်လာခဲ့သော မြန်မာ့အရေးနှင့်ပတ်သက်၍ အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှား အပါအဝင် အာဆီယံနိုင်ငံများက စေ့စပ်ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းနေခဲ့ကြပြီး ကိုယ်တိုင်လည်း ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေခဲ့ကြသည်။



ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းရန် စိုးရိမ်တကြီး ပြောဆိုတိုက်တွန်းကြသလို စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် လုပ်ဆောင်ချက်များအပေါ် အပြင်းအထန် ဝေဖန်လေ့ရှိသော အမေရိကန် အပါအဝင် အနောက် နိုင်ငံများကလည်း တကယ်တမ်း အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရန် ကြိုးပမ်းနေသည့် NUG အစိုးရ အပါအဝင် တော်လှန်ရေး အင်အားစုများက စစ်ရေးနည်းလမ်းကို အတိအလင်းကြေညာ လုပ်ဆောင်လိုက်သည့် အခါ၌ စေ့စပ် ဆွေးနွေး အဖြေရှာရေးကို ဦးတည်ရန် ဇောင်းပေးတိုက်တွန်းလာခဲ့ပြန်သည်။



စစ်တပ်၏ မတရားအာဏာသိမ်းပိုက်မှုကို တော်လှန် ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ကိုယ်တိုင် ပါဝင်နေကြ သူများသာမက ဝန်းရံအားပေးနေကြသည့် ပြည်သူများပင်လျှင် ၎င်း စေ့စပ်ရေး တိုက်တွန်းချက်များအပေါ် ဒေါသတကြီး တုံ့ပြန်၍ ငြင်းဆန် ပယ်ချခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။



ဤသို့ဆိုခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံသားတို့အပေါ် အစွန်းရောက်ပြင်းထန်သူ များအဖြစ် တွေးထင်ယူဆပြီး အထင်အမြင် လွဲမှားကောင်း လွဲမှားနိုင်ပေသည်။ အမှန်စင်စစ် မြန်မာနိုင်ငံ၌ ၁၉၉၃ ခုနှစ်က အစပြုခဲ့ပြီး ၂၈ နှစ်တာ ကြာမြင့်စွာ ယုံကြည်ကျင့်သုံးခဲ့ကြသော အမြင်မတူညီသည့် နိုင်ငံရေး အင်အားစု များအကြား စေ့စပ်ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသည် ကျင့်ဝတ်နှင့် ဥပဒေစောင့်ထိန်းမှု မရှိ သော စစ်ခေါင်းဆောင်တစ်ဦး၏ အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ လုံးဝပျက်စီးသွားခဲ့ ရခြင်းဖြစ်ပြီး မြန်မာပြည်သူများအကြား ထိုစေ့စပ်ရေးနည်းလမ်းအား လုံးဝအယုံအကြည် ကင်းမဲ့သွားခဲ့ရခြင်းဖြစ် ပေသည်။

 

လွတ်လပ်ရေးရပြီး ၁၈ နှစ် အကြာတွင် တိုင်းပြည်၏ အချုပ်အခြာအာဏာ တစ်ခုလုံးကို စစ်တပ်က သိမ်းပိုက်ရယူ ထားလိုက်တော့သည်။



၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစဉ်ကတည်းက ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့် ရယူလိုသော တိုင်းရင်း သား လူမျိုးများက လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်လာခဲ့သည်။ မြေပေါ် နိုင်ငံရေးအင်အားစုများအကြားတွင်လည်း အားပြိုင်မှုများ ပြင်းထန်လာပြီး နိုင်ငံရေးတည်ငြိမ်မှု အားလျော့လာ သည့်အခါ စစ်ပွဲများကို ဦးဆောင် စီမံဖြေရှင်းရသော ဗမာလက်နက်ကိုင် စစ်တပ်ခေါင်းဆောင်များအနေဖြင့် မြန်မာ့နိုင်ငံရေးအပေါ် အင်အားသုံးချယ်လှယ်ရန် အခွင့်အရေးရခဲ့သည်။



ဤသို့နှင့် လွတ်လပ်ရေးရပြီး ၁၈ နှစ် အကြာတွင် တိုင်းပြည်၏ အချုပ်အခြာအာဏာ တစ်ခုလုံးကို စစ်တပ်က သိမ်းပိုက်ရယူထားလိုက်တော့သည်။ ၎င်း အချိန်ကာလကတည်းက စစ်ခေါင်းဆောင်များသည် တိုင်းပြည် အာ ဏာကို ပြည်သူနှင့် မသက်ဆိုင်သလို သဘောထားခဲ့ပြီး ၎င်းတို့ကသာ ပဒေသရာဇ် မင်းများသဖွယ် လက်ပြောင်း အုပ်ချုပ်ခဲ့ကြသည်။ စစ်ခေါင်းဆောင်များက အာဏာပိုင် မင်းအစိုးရများဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သော ဗမာ လူ မျိုး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုများအား ပုန်ကန်သူများအဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းဖြင့်သာ ထိပ်တိုက်ရင်ဆိုင်ပြီး ချေမှုန်းရေး၊ အမြစ်ဖျက်ရေး ကို ကြွေးကြော်ခဲ့သည်။ ထိုစဉ်အချိန်ကာလများမှာလည်း စစ်ခေါင်းဆောင်များသည် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေး နွေးပွဲများ ခေါ်ယူကျင်းပ၍ စေ့စပ်ဆွေးနွေးရေးနည်းလမ်းကို အခါအားလျော်စွာဖော်ဆောင်ခဲ့သည်။ သို့သော် လည်း အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှုကို ဦးတည်နိုင်ခြင်းမရှိဘဲ ဆန့်ကျင်ပုန်ကန်နေသည့် အင်အားစု များအနေဖြင့် တနည်းနည်းဖြင့် အညံ့ခံလာရေးကို ရှေ့ရှုသည့် စစ်နည်းပရိယာယ် တစ်ခုသာသာ ဆောင်ရွက်ခဲ့သ လိုရှိတာကြောင့် စေ့စပ်ဆွေးနွေးရေးသည် အမြဲလို ပျက်ပြားခဲ့ရသည်။

 


စစ်ခေါင်းဆောင်များသည် နိုင်ငံရေးပါတီကြီးတစ်ခုကို ထူထောင်ကာ တစ်ပါတီစနစ်ဖြင့် နိုင်ငံ့အာဏာကို ဆက် လက်ရယူထားပြီး ၂၆ နှစ်တိုင်အောင် နိုင်ငံရေးနှင့် စစ်ရေးနယ်ပယ်ကို ထိန်းထားနိုင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် နိုင်ငံရေးနယ်ပယ်၌ ကြီးမားသည့် စိန်ခေါ်မှု ခြိမ်းခြောက်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လတွင်း ပြည်လုံးကျွတ် လူထုအုံကြွဆန့်ကျင့်မှုကြီး ပေါ်ပေါက်ပြီး နိုင်ငံရေး အကျပ်အတည်းကို စတင် ရင်ဆိုင်ခဲ့ရသည်။



လူထုတစ်ရပ်လုံး ပါဝင်ခဲ့သည့် ၎င်းအုံကြွဆန်ကျင့်မှုကြီးကို အရှိန်သတ် ပျက်ပြယ်စေခြင်းငှာ ၁၉၈၈ မျိုးဆက်သစ် စစ်ခေါင်းဆောင်များက ပြည်သူများ၏ အာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး ဒီမိုကရေစီစနစ်ကို ပြန်လည် အသက်သွင်းရန် ကတိပေးကာ အထွေထွေရွေး ကောက်ပွဲကို ကျင်းပပေးခဲ့သည်။ သို့သော်လည်း လူထုက အရပ်သား နိုင်ငံရေးသမားများ၊ ဒီမိုကရေစီလိုလားသူများ ဦးဆောင်သည့် NLD ပါတီအားရွေးချယ်ခဲ့ကြသဖြင့် စစ်ခေါင်းဆောင်များအဖို့ နိုင်ငံတော် အာဏာအား အမှန်တကယ် လက်လွတ်ပေးရတော့မည့် အခြေအနေ ရောက်ခဲ့ရသည်။

 

စစ်ခေါင်းဆောင်များကအာဏာလက်လွှတ်စရာ မလိုဘဲ နိုင်ငံရေး ထွက်ပေါက် ဖြစ်လည်း အာမခံနိုင်ခြေရှိသည့် အခြေခံဥပဒေ တစ်ရပ်အား ၁၅ နှစ်ကြာ အချိန်ယူ ရေးဆွဲစေခဲ့သည်။

 


ဤတွင် ပြည်သူလူထုမှ ရွေးချယ်ထားသော NLD ပါတီထံ အာဏာလွှဲပြောင်းပေးရမည့် အရေးကို ရှောင်လွှဲနိုင်ရန် နှင့် နိုင်ငံရေးအရ အားသာချက် ပြန်လည်ရယူနိုင်ရေးအတွက် အချိန်ဆွဲနိုင်ရန် အလို့ငှာ စစ်ခေါင်းဆောင်များသည် ၎င်းတို့ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲစေပြီး NLD အပါအဝင် အခြားသော မြေပေါ် နိုင်ငံရေးပါတီများနှင့်အတူ နိုင်ငံရေးဆွေးနွေးနိုင် ရန် ဖိတ်ခေါ်ကာ စေ့စပ်ဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည်။ အမျိုးသား ညီလာခံဟု ခေါ်ဆိုခဲ့သော နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံကြီးကို စစ်ခေါင်းဆောင်များက ဦးစီးဦးဆောင် လုပ်၍ ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၎င်းတို့အနေဖြင့် အာဏာလက်လွှတ်စရာ မလိုဘဲ နိုင်ငံရေး ထွက်ပေါက် အ ဖြစ်လည်း အာမခံနိုင်ခြေရှိသည့် အခြေခံဥပဒေတစ်ရပ်အား ၁၅ နှစ်ကြာ အချိန်ယူ ရေးဆွဲစေခဲ့သည်။



အဆိုပါ အမျိုးသားညီလာခံ၏ ခင်းကျင်းပုံ၊ ဆွေးနွေးချက်တို့ကန့်သတ် ဘောင်ခတ်ထားပုံများအရ စစ်ခေါင်း ဆောင်များ ဆန္ဒရှိသော အနာဂတ် နိုင်ငံရေးလမ်းကြောင်းကိုသာ ပုံဖေါ်စေခဲ့ပြီး စစ်ခေါင်းဆောင်များနှင့် ဆန့်ကျင် အားပြိုင်သော အင်အားစုအားလုံးအနေဖြင့် အရှည်ကိုမျှော်ကိုးပြီ သံသယနှင့် ချဉ်းကပ်လက်ခံခဲ့ကြရသည်။ ထွက် ပေါ်လာသော ရလဒ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပေးအယူလုပ်ပြီး ဝေစားမျှစား သဘောတရား ဆန်သည့် နယ်မြေအုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ပါဝင်သလို ပြည်သူလူထု အများစုက ရွေးကောက်တင် မြှောက်ခဲ့လျှင် မည်သည့်ပါတီမဆို အာဏာရနိုင်သည့် အခွင့်အလမ်းများ ပါဝင်ခဲ့သည်။



တစ်နည်းအားဖြင့် ဆိုလျှင် စစ်ခေါင်းဆောင်များက တိုင်းပြည်အာဏာကို အလုံးစုံ ကိုင်စွဲမထားတော့ဘဲ လူထု ရွေးကောက်ပွဲစနစ် ကနေ အစိုးရဖွဲ့နိုင်ပြီး လွှတ်တော်က ထိန်းကျောင်းသည့်စနစ်ကို ဖေါ်ဆောင်ထားခြင်းကြောင့် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများက ရာနှုန်းပြည့် သဘောကျလက်ခံခြင်း မရှိသော်လည်း ၎င်းဆွေးနွေးပွဲ ရလဒ် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ " လက်တွေ့ အကောင်အထည် ပေါ်ပေါက်လာချိန်တွင် စေ့စပ်ဆွေးနွေးရေး နည်းလမ်းကို အလုပ်ဖြစ်နိုင်သည့် လမ်းကြောင်းတစ်ရပ်အဖြစ် ယုံကြည်မှု ပိုမို တိုးပွားလာခဲ့ကြသည်။



၎င်း စေ့စပ်ဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို အစဉ်တစိုက်ကျင့်သုံးနိုင်ရန် လက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံရေးအင်အားစုများက ပို၍ ထက်သန်လာခဲ့ကြသည်။ မည်သို့ပင်ဆိုစေ နှစ်ပေါင်း ၄၀ ကျော် စစ်မက်ဖြစ်ပွားခဲ့ သည့် တိုင်းရင်းသားဒေသများတွင် အဆိုပါ အမျိုးသားညီလာခံကျင်းပနေသည့် ၁၅ နှစ်လုံးလုံး သေနတ်သံ ပျောက်ကွယ်သွားခဲ့ပြီး မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုများ လွတ်လပ်စွာ လုပ်ဆောင်လာနိုင်ခဲ့ကြသော ကြောင့် စေ့စပ်ဆွေးနွေး အဖြေရှာရေးနည်းလမ်းဟာ အလုပ်ဖြစ်သည့် သဘောဆောင်လာခဲ့သလို ၁၀ စုနှစ် တစ်ခု ကျော် ကြာမြင့်လာခဲ့ခြင်းကြောင့် နိုင်ငံရေးယဉ်ကျေးမှုအဖြစ် နိုင်ငံရေးအင်အားစုများအကြား ယုံကြည် နားလည် လက်ခံလာခဲ့ကြသည်။

 

နှစ်ပေါင်း ၄၀ ကျော် စစ်မက်ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား ဒေသများတွင် အဆိုပါ အမျိုးသားညီလာခံ ကျင်းပနေသည့် ၁၅ နှစ်လုံးလုံး သေနတ်သံ ပျောက်ကွယ်သွားခဲ့သည်။

 



စေ့စပ်ဆွေးနွေး အဖြေရှာရေး စတင်ခဲ့ပြီးနောက် ကနဦး ထွက်ပေါ်လာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆို သည့် နိုင်ငံရေးရလဒ်အား အကောင်အထည်ဖေါ်ခဲ့သည့် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ ရရှိသွားခဲ့သည်။ အချို့သော တိုင်းရင်း သား လက်နက်ကိုင်တပ်များက နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ပုံစံပြောင်းသွားခဲ့သည်။ အစပိုင်းတွင် ၎င်းရလဒ်အား မူ အားဖြင့် ဆန့်ကျင်နေခဲ့သော လူထုအများစု ထောက်ခံသည့် NLD ပါတီကလည်း နောက်ပိုင်းတွင် ၎င်းရလဒ်အား လက်ခံခဲ့ပြီး ရွေးကောက်ပွဲပြန်ဝင်ခဲ့သလို ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သောကြောင့် အစိုးရဖွဲ့ကာ ၅ နှစ်တာ တိုင်းပြည် စီမံအုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်။



ထို့ကြောင့် နိုင်ငံရေး အင်အားစုများအကြား စေ့စပ်ဆွေးနွေး အဖြေရှာရေးနည်းလမ်းကို ခိုင်မြဲစွာယုံကြည်လာကြ သည့် အလျောက် ကျန်ရှိနေသည့် မပြီးပြတ်သေးသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ ပြဿနာများကို ဆက်လက်ပြီးဖြေရှင်းရန် နိုင်ငံရေးအင်အားစုများအကြားတွင်သာမက လက်နက်ကိုင် အင်အားစုများအကြား တွင်ပါ စေ့စပ်ဆွေးနွေးရေးကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။



၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ နောက်ပိုင်း အထင်ရှားဆုံးနှင့် အကြီးမားဆုံးသော စေ့စပ်ဆွေးနွေးအဖြေရှာရေး လုပ်ငန်းစဉ်ကြီးသည် NLD အစိုးရက ဦးဆောင်ကျင်းပသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးပင် ဖြစ်သည်။ ၎င်း စေ့စပ်ဆွေးနွေးပွဲကြီးကနေ နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အား စုများ မျှော်လင့်သော ရလဒ်ပန်းတိုင်မှာ လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်ခဲ့သော မူလပြဿနာ အကြောင်း ရင်းခံများဖြစ်သည့် တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ် ပြဌာန်းခွင့် ရရှိရေးနှင့် ပြည်သူလူထုအာဏာ ပိုင်စိုးမှုကို ရာနှုန်းပြည့် အာမခံသည့် ဒီမိုကရေစီစနစ် အခိုင်အမာပြဌာန်းနိုင်ရေးဖြစ်သည်။



၎င်းနိုင်ငံရေး လိုလားချက်၊ လိုအပ်ချက်များအား အများဆန္ဒနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြည့်စွက်၊ပြုပြင်၊ ပြဌာန်း၊ ပြင်ဆင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပင်ဖြစ်သည်။ NLD အစိုးရ သက်တမ်း ၅ နှစ် လုံးလုံး တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးအင်အားစုများနှင့် စစ်ခေါင်းဆောင်များအကြား အကြိတ် အနယ် ဆွေးနွေး အဖြေရှာခဲ့ကြသည်။ ရလဒ်များလည်း အထိုက်အလျောက် ထွက်ပေါ်လာခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်တွင် စစ်ခေါင်းဆောင်မှ ပြည်သူလူထု ရွေးချယ်တင်မြှေက်ထားသော NLD အစိုးရအား အဓမ္မဖယ်ရှားပြီး အာဏာသိမ်းယူခဲ့မှုကြောင့် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ယာယီ ရှေ့ပြေးရလဒ်အဖြစ် လက်ခံထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ၁၉၉၃ ခုနှစ်မှသည် ၂၀၂၁ ခုနှစ်အထိ ၂၈ နှစ်ကြာ ကျင့်သုံးခဲ့ကြသော စေ့စပ်ဆွေးနွေး ညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု ပါ ပျက်စီးသွားခဲ့ရလေ
သည်

 

NLD အစိုးရ သက်တမ်း ၅ နှစ် လုံးလုံး တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးအင်အားစုများနှင့် စစ်ခေါင်းဆောင် များအကြား အကြိတ်အနယ် ဆွေးနွေး အဖြေရှာခဲ့ကြသည်။

 



လက်နက်ကိုင်နည်းဖြင့် အာဏာသိမ်းယူမှုကြောင့် မြန်မာနိုင်ငံပြည်သူများ၏ စိတ်နှလုံး၌လည်း စေ့စပ် ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး ဆိုသည့် နိုင်ငံရေး နည်းလမ်းအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားစေခဲ့သည်။ ဒီမိုကရေစီစနစ် ကို ပြန်လည်အသက်သွင်းပြီး ပြည်သူလူထုထံ အာဏာပြန်လည်အပ်နှင်းလိုသော နိုင်ငံရေး အင်အားစုများ၊ ကိုယ် ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို အာမခံသော ဖယ်ဒရယ်စနစ်ကို လိုလားသည့် တိုင်းရင်းသား အင်အားစုများ အနေဖြင့် စစ်ခေါင်းဆောင်များ၏ အစဉ်အဆက် အာဏာပိုင်စိုးရေးဝါဒ ပြန်လည်ခေါင်းထောင်လာမည်ကို အစဉ်အမြဲ စိုးရိမ် သံသယရှိနေခဲ့ရသည်။ ယခုအခါ ၎င်းဝါဒကို ပြန်လည်အသက်ဝင်လာမည့် သဘောကိုဆောင်သော စစ်ခေါင်း ဆောင်၏ လိမ်လည်လှည့်ဖြားအာဏာသိမ်းမှုအား စေ့စပ်ဆွေးနွေးခြင်းဖြင့်အဖြေရှာ ဖြေရှင်း၍ မဖြစ်နိုင်ကြောင်း ကို အင်အားစုများ အားလုံးက ကောင်းစွာနားလည်လိုက်ကြသည်။



ကျင့်ဝတ်စောင့်စည်းမှု မရှိသော စစ်ခေါင်းဆောင်မှ ယခုလို အဓမ္မ အာဏာသိမ်းယူမှုကြောင့် လက်တလော ဖြစ် ပေါ်လာခဲ့သော နိုင်ငံရေး အကျိုးဆက်များအား ဆန်းစစ်ကြည့်မည်ဆိုလျှင်



• လက်နက်ကိုင် ခေါင်းဆောင်များက ပြည်သူလူထု၏ဆန္ဒအပေါ် လွှမ်းမိုးကန့်သတ်တားဆီးလိုသည့် ကြိုးပမ်းမှု ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့ဆန္ဒ အောင်မြင်အကောင်အထည်ပေါ်စေရန် လက်နက်ဖြင့် အနိုင်အထက် ပြုကျင့်မှု ကြောင့် လူထုသဘောထားဆန္ဒကို အခြေခံသည့် ရွေးကောက်ပွဲစနစ် တစ်ဖန်ပျက်သုဉ်းရတော့မည့် အခြေအနေကို ဆိုက်ရောက်လာခြင်း



• မြန်မာ့နိုင်ငံရေး အနာဂတ်သည် စစ်တပ်က လိုလားသူသာ တိုင်းပြည်အာဏာကို ရယူနိုင်ပြီး တိုင်းပြည် ရေးရာများကို စစ်ခေါင်းဆောင်များ၊ ဘာသာရေးအစွန်းရောက်များက စိတ်ကူးတည့်သလို စီမံအုပ်ချုပ်မည့် စနစ်ကို ဦးတည်နေခြင်း



• အထက်ဖော်ပြပါ အချက်များကြောင့် စစ်မှန်သော ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ဖယ်ဒရယ် အိပ်မက်အား ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ပျက်ပြားသွားခြင်း



• အကြမ်းမဖက်ရေး နိုင်ငံရေးလမ်းစဉ် ကျင့်သုံးသူ နိုင်ငံရေးခေါင်းဆောင်များကို အမှုရှာ ဖမ်းဆီး အပြစ်ပေးရန် ကြိုးပမ်းရုံမက နိုင်ငံရေးလောက ကပါဖယ်ရှားရန် ကြိုးပမ်းခြင်း၊ အကြမ်းမဖက် နိုင်ငံရေး လှုပ်ရှားမှုတို့အား ဥပဒေများ လုပ်ကြံဖန်တီး၍ တားဆီးရုံမက အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန် ရက်စက်ကြမ်းကြုတ်စွာ အသက်သေစေနိုင်သည့် နည်းလမ်းများဖြင့် ဖမ်းဆီးအရေးယူခြင်း။



• အဆိုပါ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဤသို့အဆင်အခြင်ကင်းမဲ့သော လုပ်ရပ်များကြောင့် တိုင်းပြည်၏ လူသားသယံဇာတများဖြစ်သော ဆရာဝန်၊ အင်ဂျင်နီယာ၊ သတင်းနည်းပညာနှင့် ဥပဒေ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ရုပ်ရှင်၊ ဂီတ၊ စာပေ အနုပညာရှင်များ စက်ရုံ အလုပ်သမားများ၊ တောင်သူ လယ်သမားများနှင့် ပညာသင်ကြားနေသော လူငယ်လူရွယ်များ အထိ လက်နက်ဆွဲကိုင်ပြီး စစ်ရေးနည်းလမ်းအရ ဖြေရှင်းရေးကိုသာ ရွေးချယ်လိုက်ရခြင်းတို့ဖြစ်သည်။

 

စစ်မှန်သော ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ဖယ်ဒရယ် အိပ်မက်အား ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ပျက်ပြားသွား ခြင်း

 

 

လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်ကို မှန်ကန်သောစနစ်ဖြင့် တည်ဆောက်နိုင်ခြင်း မရှိခဲ့သောကြောင့် တိုင်းသူပြည်သား အချင်းချင်း ရန်သူအဖြစ် ရှုမြင်ခဲ့ကြရာက မိသားစုသဖွယ် ပြန်လည်ပေါင်းစည်းနိုင်မည့် မျှော်လင့်ချက် ပေါ်ပေါက်လာခဲ့သော်လည်း အမျှော်အမြင်နည်းပြီး ကျင့်ဝတ်သိက္ခာ ကင်းမဲ့သော စစ်ခေါင်းဆောင် တစ်ဦး၏ တိုင်းပြည်အာဏာကို လက်လွတ်စပယ် ရယူရန်ကြိုးပမ်းမှုကြောင့် တိုင်းသူပြည်သားအချင်းချင်း ရန်သူ အဖြစ်သတ်မှတ်ကာ သတ်ဖြတ်သုတ်သင်ကြရသည့် အခြေအနေကို ရောက်ရှိသွားခဲ့ရပြီဖြစ်သည်။



တနည်းအားဖြင့် ခြုံပြီးပြောရလျှင် အကြောင်းကြောင်းကြောင့် တစ်ချိန်က တိုင်းပြည်၌ ပြိုကွဲခဲ့ရသောအမျိုးသား စည်းလုံးညီညွတ်မှုကို ပြန်လည် တည် ဆောက်နိုင်တော့မည့်စဲစဲတွင် တစ်ဖန် ပြန်လည်ပြိုကျ ပျက်စီးခဲ့ရခြင်းဖြစ် သည်၊ ဤသို့ သမိုင်းတွင်မည့် အမျိုးသားစည်းလုံးညီညွတ်မှုဖြိုခွဲသူ သမိုင်းတရားခံကား တစ်ကိုယ်တော် အာဏာပြလိုသည့် မဟာစစ်သားဝါဒီ ဗိုလ်ချုပ် မင်းအောင်လှိုင် ဖြစ်ပေတော့သည်။



Burma Associated Press

နွေဦးတော်လှန်ရေး
အန်အယ်လ်ဒီ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
လူငယ်
အာဏာသိမ်းမှု
စစ်ကောင်စီ

Share With
bap-logo