bap-logo
Local News

မယ်တော်ဆေးခန်းရဲ့ ပဲ့ကိုင်ရှင် ဒေါက်တာ စင်သီယာမောင် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထား

f-GPA6SvTCHYvOZgmTYtS-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၇

 

ထိုင်းနိုင်ငံ၊ တာခ့်ပြည်နယ်၊ မဲဆောက်ခရိုင်မှာဖွင့်လှစ်ထားတဲ့ မယ်တော်ဆေးခန်းရဲ့ တည်ထောင်သူဖြစ်တဲ့ မြန်မာ နိုင်ငံဖွား ကရင်လူမျိုးဖြစ်သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဒေါက်တာစင်သီယာမောင်နဲ့ တောင်တန်းဒေသနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HADF မှ ဝန်ထမ်းတွေ ဟာ ဒေါ်စင်သီယာမောင်ရဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတင်တဲ့ကိစ္စတွေဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က မဲဆောက်ခရိုင်ရုံးကို သွားခဲ့တယ်လို့ Transborder News သတင်းဌာနကို ကိုးကားပြီး ဘန်ကောက်ပိုစ့်က တင်ပြခဲ့တာပါ။

 

ဒေါက်တာစင်သီယာမောင်ဟာ မြန်မာဒုက္ခသည်အဖြစ်နဲ့ အဆိုပါဒေသမှာ ဆေးခန်းဖွင့်လှစ်ပြီး ကျန်းမာရေး စောက်ရှောက်မှုပေးခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ရှိပြီဖြစ်ကြောင်းနဲ့ ထိုင်းမှတ်ပုံတင်ကတ်ရမယ်ဆိုရင် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေဆီကနေ အကူအညီတွေအများကြီး ရလာနိုင်မှာ ဖြစ်တယ်လို့ သတင်းဌာနတွေကို ပြောဆိုခဲ့ ပါတယ်။

 

ထိုင်းနိုင်ငံသားဖြစ်ခွင့်လျှောက်ထားပေမယ့်လည်း မြန်မာ-ထိုင်းနယ်စပ် နှစ်ဖက်စလုံးက မည်သည့် နိုင်ငံသားကို မဆို ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဒေါက်တာ စင်သီယာမောင်က ဆိုခဲ့ပါတယ်။

 

လက်ရှိမှာ HADF ရဲ့ တည်ထောင်သူ Tuenjai Deetes က ဒေါက်တာစင်သီယာမောင်ရဲ့ ထိုင်းနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားမှုကို အထောက်အပံ့ဖြစ်စေဖို့ လျှောက်လွှာတစ်စောင်ကို ပြည်ထဲရေးဝန်ကြီးဆီကို တင်ပြထား ပါတယ်။

 

ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ ၁၉၈၉ ခုနှစ်တွေကတည်းက နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ ပြောင်းလုပ်သားတွေ နိုင်ငံမဲ့ဖြစ်နေသူတွေအပါအဝင် ထိခိုက်သူ၊ မကျန်းမာသူတွေကို လူသားချင်း ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ခဲ့ပြီး ကျန်းမာရေးလုပ်ငန်းတွေနဲ့ ဝန်ပိနေတဲ့ ထိုင်းဆေးရုံတွေကို ဝန်ပေါ့စေခဲ့ တယ်လို့ မစ္စ Tuenjai က သူ့ရဲ့ လျှောက်လွှာထဲမှာ ရေးထားပါတယ်။

 

မယ်တော်ဆေးခန်းဟာ တစ်နှစ်ကို ထိုင်းငွေ ဘတ် ၄၈ သန်း ဘတ်ဂျက်ပမာဏနဲ့ ပျမ်းမျှ လူနာ သုံးသောင်းခန့်ကို ကူညီပေးနေပြီး ပြီးခဲ့တဲ့ ၃၄ နှစ်အတွင်းမှာ လူနာ တစ်သန်းကျော်ကို ထိုင်းအစိုးရရဲ့ ထောက်ပံ့ငွေရယူခဲ့ခြင်းမရှိဘဲ နဲ့ ဆေးကုသမှုပေးနိုင်ခဲ့တယ်လို့လည်း မစ္စ Tuenjai ရဲ့ လျှောက်လွှာမှာ ရေးသားထားပါတယ်။

 

ဒေါက်တာစင်သီယာမောင်ဟာ မယ်တော်ဆေးခန်းအပြင် ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာကိုလည်း ဖွင့်လှစ်ပေး ထားပြီး မဲဆောက်ခရိုင်အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေကို ဗမာ၊ ကရင်၊ ထိုင်း၊ အင်္ဂလိပ်ဘာသာ သင်ရိုးတွေနဲ့ ပညာသင်ပေးလျက်ရှိပါတယ်။ လောလောဆယ် စင်တာမှာ မူကြိုကနေ အထက်တန်းအဆင့်အထိ ကျောင်းသား တစ်ထောင်ခန့် ရှိတယ်လို့လည်း မစ္စ Tuenjai က ရေးပါတယ်။

 

အန်းဖန်ဆေးရုံရဲ့ ဒါရိုက်တာ ဒေါက်တာ Worawit Tantiwattanasap ကလည်း မယ်တော်ဆေးခန်းမရှိဘဲ နယ်စပ် တလျှောက်က အစိုးရဆေးရုံများဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နိုင်ငံမဲ့လူနာတွေအားလုံးရဲ့ ကျန်းမာရေးကိစ္စကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ထောက်ခံရေးသားပါတယ်။

 

“ထိုင်းနိုင်ငံသားဖြစ်တဲ့အခါကျရင် ဒေါက်တာစင်သီယာမောင်အနေနဲ့ သူ့ရဲ့ ဖောင်ဒေးရှင်းကို ထိုင်းအေဂျင်စီအဖြစ် မှတ်ပုံတင်နိုင်လိမ့်မယ်” လို့လည်း ဒေါက်တာ Worawit က ရေးပါတယ်။

 

ကိုးကား - ဘန်ကောက်ပိုစ့်

ဓါတ်ပုံ - Mae Tao Clinic

 

Burma Associated Press

ဒေါက်တာစင်သီယာမောင်
မဲဆောက်မြို့
ထိုင်းနိုင်ငံ

Share With
bap-logo