International
တူရကီ-ဆီးရီးယားငလျင် သေဆုံးသူ ၁၀,၀၀၀ နီးပါးရှိလာ
လွန်ခဲ့သော ၂ နှစ် က
မာရက်ရှ် - ဖေဖော်ဝါရီ ၈
တူရကီနိုင်ငံတောင်ပိုင်းနှင့် ဆီးရီးယားတွင် လူပေါင်း ၉,၆၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည့် ငလျင် လှုပ်ခတ်ပြီး နှစ်ရက်အကြာတွင် ကယ်ဆယ်ရေးသမားများသည် အပျက်အစီးကြားမှ ပြည်သူ များကို ဆွဲထုတ်နေရဆဲဖြစ် သည်။
တနင်္လာနေ့အစောပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အန္တရာယ် ဇုန်အတွင်းရှိ တူရကီပြည်သူများသည် ၎င်းတို့၏ နေအိမ်အဆောက်အဦးထဲသို့ ပြန်မဝင်ရဲတော့ဘဲ လမ်းပေါ်တွင် အိပ်စက်ခဲ့ကြသည်။
အချို့နေရာများတွင် လိုအပ်သည့်အကူအညီမရရှိသေးသည့်အတွက် အသေအပျောက်စာရင်း ဆက်လက် မြင့်တက်လာဖွယ်ရှိကြောင်း တူရကီနှင့် အိမ်နီးချင်းဆီးရီးယားမှ ကယ်ဆယ်ရေး သမားများက ပြောကြားထား သည်။
"ဘယ်မှာလဲ ရွက်ဖျင်တဲတွေ၊ စားစရာတွေ။ အခုချိန်ထိ ဘာကယ်ဆယ်ရေးအဖွဲ့မှ မမြင်ရသေးဘူး" ဟု တူရကီတောင်ပိုင်း အန်တာကျာမြို့မှ အသက် ၆၄ နှစ်အရွယ် မယ်လက်က ပြောသည်။
"အစားအသောက်လာဝေတဲ့သူ တစ်ယောက်မှ မတွေ့သေးဘူး။ ကျွန်မတို့နိုင်ငံမှာ အရင်လည်း ဒီလို ဖြစ်ဖူးပေမဲ့ ဒီလောက်ထိတော့ အခြေအနေမဆိုးဘူး။ ကျွန်မတို့ ငလျင်ဘေးက လွတ်မြောက် ဖူးတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် တော့ ငတ်လို့၊ အေးလို့သေရပါတော့မယ်။"
ငလျင်အထိအခိုက်သည် ကနဦးတွက်ဆထားခြင်းထက် ပိုမိုဆိုးရွားကြောင်း ထင်ရှားလာသည်နှင့်အမျှ တူရကီတွင် သေဆုံးသူဦးရေ ၇,၁၀၀ ကျော်အထိ မြင့်တက်လာပြီး ဆီးရီးယားဘက်ခြမ်းတွင် ၂,၅၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဆီးရီးယားအစိုးရနှင့် သူပုန်များထိန်းချုပ်ရာ နိုင်ငံအနောက်မြောက်ပိုင်းမှ ကယ်ဆယ်ရေး အဖွဲ့ဝင်များ ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ တူရကီသမ္မတ ရာဂျစ်တာယက်အာဒိုဝန်က ပြည် နယ် ၁၀ ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသော်လည်း ပျက်စီးသွားသောမြို့ကြီးအများအပြားမှ ပြည်သူများမှာ အာဏာပိုင်များ၏ ကြန့်ကြာပြီး လုံ လောက်မှုမရှိသော အကူအညီများကြောင့် စိတ်ပျက်ဒေါ သထွက်လျှက်ရှိသည်။
ပြင်းအားကြီးငလျင်လှုပ်ခတ်မှုကြောင့် တူရကီအနောက်ဘက်ရှိ အဒါနာမြို့မှ အရှေ့ဘက်ရှိ ဒီယာဘာကီယာ မြို့အထိ မိုင် ၂၈၀ အကျယ်အဝန်းတွင်နေထိုင်သူ လူပေါင်း ၁၃ ဒသမ ၅ သန်းခန့် ထိခိုက် ခံခဲ့ရကြောင်း တူရကီအာဏာပိုင်များက ပြောကြားခဲ့သည်။
Source/ပုံ – Reuters
Top News
လွန်ခဲ့သော ၃ နာရီ က