bap-logo
Data

လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၄၆၀ ဦးကျော်ရှိ

wV7jKsOGV3pPYM7diqh78-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၁၂

 

စစ်တပ်ကအာဏာသိမ်းပြီးသည့်နောက်ပိုင်း အရပ်ဘက်နေရာများသို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၄၆၀ ဦးကျော်‌သေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရက ဆိုသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းက ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှု ကြောင့် CNF တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ကာ၊ အများအပြား ဒဏ်ရာရရှိခဲ့သည်။

 

" လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ၄၆၀ ဦးကျော် ရှိနေပြီဖြစ်ပြီး၊ အများစုမှာ အရပ်သား ပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း အချက်အလက်များအရ သိရှိရသည်" ဟု NUG ကဆိုသည်။

 

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီက အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းနည်းရ ကြောင်း၊ ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှု ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများနှင့်အညီ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ပြောကြားခဲ့သည်။

 

ထို့ပြင် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း မိမိတို့လေပိုင်နက်ကိုကျော်လွန်ကာ အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ခြိမ်းခြောက်လာနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်၊ စစ်ကောင်စီ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

 

မြန်မာ့အရေးကိစ္စကို ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးစားမှုများကို လည်း လျစ်လျူရှုနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေး ကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင် ရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အပါအဝင်ပြည်သူလူထုကို ကိုယ်စားပြုသည့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်ပါကြောင်း NUG က အလေးအနက်ထား တိုက်တွန်းခဲ့သည်။

 

Burma Associated Press

 

 

အမျိုးသားညီညွတ်ရေးအစိုးရ
အရပ်သား
လေကြောင်းတိုက်ခိုက်မှု
သေဆုံး
စစ်တပ်

Share With
bap-logo