bap-logo
Politics

ဆန္ဒပြသူများကို ဖိနှိပ်ရန် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ငြင်းဆန်ခဲ့ခြင်းကြောင့် ဟာဆီနာ၏ ကံကြမ္မာနိဂုံးချုပ်ခဲ့

JTQgdZjvlLCPrKKW80Eir-image

လွန်ခဲ့သော တစ်လ က

 

ရှိတ်ဟာဆီနာ ရုတ်ချည်း ဘင်္ဂလားဒေ့ရှ်မှ ထွက်မပြေးမီ ညတွင် စစ်တပ်အကြီးအကဲက ဗိုလ်ချုပ်ကြီးများနှင့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကာ အရပ်သားများကို ပစ်ခတ်မှုမပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆွေးနွေးမှုကို သိရှိထားသည့် တာဝန်ထမ်းဆောင်နေသော စစ်တပ်အရာရှိ နှစ်ဦးက Reuters ကို ပြောသည်။

 

သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ ကာဖျူးအမိန့် လိုက်နာစေရေးအတွက် အရပ်သားများကို စစ်တပ် တပ်ဖွဲ့များက ပစ်ခတ်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ဆုံးဖြတ်ပြီးနောက် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဟာဆီနာ၏ ရုံးခန်းသို့ သွားရောက်ကာ ၎င်း၏ စစ်သားများသည် သူမ၏ အိမ်ပြင်မထွက်ရတောင်းဆိုချက်ကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း သတင်းစကားပြောကြားခဲ့သည်ဟု ၎င်းအရေး ရှင်းလင်းပြောဆိုမှုရရှိထားသည့် အိန္ဒိယအရာရှိတစ်ဦးအဆိုအရ သိရသည်။

 

ဟာဆီနာအတွက် စစ်တပ်၏ ထောက်ခံမှု မရှိတော့ဆိုသော သတင်းစကားမှာ ရှင်းရှင်းပြတ်သားပါသည် ဟု အရာရှိက ပြောသည်။

 

စစ်တပ်ထိပ်တန်းအရာရှိများအကြား အွန်လိုင်းဆွေးနွေးချက် အသေးစိတ်များနှင့် ဟာဆီနာအတွက် ကျောထောက် နောက်ခံ မရှိတော့ကြောင်း သတင်းစကားများမှာ ယခင်က သတင်းထွက်ပေါ်မှုများ မရှိခဲ့သေးပါ။

 

လူပေါင်း ၉၁ ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့သည့် အသေအပျောက်အများဆုံး တနင်္ဂနွေနေ့ နောက်ပိုင်းတွင် နိုင်ငံအဝှမ်း ကာဖျူးအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟာဆီနာကို ဆန့်ကျင်သည့် ကျောင်းသားများခေါင်းဆောင်သော ဆန္ဒပြပွဲများမှာ ဂျူလိုင်လအတွင်းမှ စတင်ဖြစ်ပေါ်ခဲ့သည်။

 

တနင်္ဂနွေနေ့ ညနေပိုင်း ဆွေးနွေးမှုကို စစ်တပ်ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး Sami Ud Dowla Chowdhury က အတည်ပြုခဲ့ပြီး မတည်ငြိမ်မှုများနှင့်သက်ဆိုင်သည့် နောက်ဆုံးရ သတင်း အချက်အလက်များ ဆွေးနွေးသော ပုံမှန် အစည်းအဝေးတစ်ခုအဖြစ် ရှင်းပြသည်။ ၎င်းအစည်းအဝေးပွဲတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် ထပ်မံမေးမြန်းမှုများကို အသေးစိတ်ဖြေကြားခြင်း မရှိခဲ့ပါ။

 

ဟာဆီနာကို မေးမြန်းရန် ဆက်သွယ်မရခဲ့ပေ။ သူမ၏ သားနှင့် အကြံပေးဖြစ်သူ Sajeeb Wazed ကို မှတ်ချက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ပါ။

 

ကျွန်တော်တို့ကို စစ်တပ်က မတားဘူးဗျ။ စစ်တပ်က သူတို့ ကတိပေးခဲ့တဲ့အတိုင်း သူတို့ လုပ်တာပဲ

 

 

ပြီးခဲ့သည့်အပတ်အတွင်း ဖြစ်ပျက်ခဲ့မှုတို့နှင့် ရင်းနှီးကျွမ်းဝင်သူ ၁၀ ဦး နှင့် Reuters က စကားပြောဆိုခဲ့ပြီး ၎င်းတို့တွင် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိ လေးဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ သတင်းသိရှိထားသည့် အခြား အရင်းအမြစ်နှစ်ဦးတို့ ပါဝင်သည်။ အထိအခိုက်မခံသည့်အရေးဖြစ်ခြင်းကြောင့် ၎င်းတို့အနက် အများစုက အမည်ဝှက်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Zaman က ဟာဆီနာကို ထောက်ခံမှု ရုပ်သိမ်းကြောင်း ၎င်း၏ ဆုံးဖြတ်ချက်ကို အများသိစေရန် ရှင်းလင်းပြခြင်း မပြုခဲ့ပါ။ သို့ရာတွင် ဆန္ဒပြပွဲ ကြီးမားကျယ်ပြန့်မှုနှင့် အနည်းဆုံး လူပေါင်း ၂၄၁ ဦး သေဆုံးမှုတို့က ဟာဆီနာကို မည်သည့်နည်းနှင့်မျှ ထောက်ခံရန် မဖြစ်နိုင်တော့ဟု ဘင်္ဂလားဒေ့ရှ် အကြီးတန်း စစ်အရာရှိဟောင်း သုံးဦးက Reuters ကို ပြောသည်။

 

တပ်ဖွဲ့တွေအတွင်းမှာ ဒါက စိတ်မသက်မသာ အများကြီး ဖြစ်ရတယ်။ဟု အငြိမ်းစား ဗိုလ်မှူးချုပ် M. Sakhawat Hossain က ပြောသည်။ "ဒါက စစ်ဦးစီးချုပ်အပေါ် ဖိအားတွေ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဘာကြောင့်လဲဆိုရင် တပ်ဖွဲ့တွေက တပ်ပြင်ပမှာ ရောက်နေတော့ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ မြင်နေရတာပဲလေ။

 

ဟာဆီနာ၏ ခင်ပွန်းဘက်မှ အမျိုးတော်စပ်သူ Zaman သည် စနေနေ့တွင် ဝန်ကြီးချုပ်အပေါ် ၎င်း၏ ထောက်ခံမှု လျော့ပါးယိမ်းယိုင်လာသည့် လက္ခဏာများ ပြသခဲ့သည်။ ထိုနေ့တွင် ၎င်းက မြို့နယ်ခန်းမ အစည်းအဝေးတစ်ခုအတွင်း အနုလက်ရာများစီရင်ထားသော သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ကာ ယူနီဖောင်းဝတ်အရာရှိ ရာဂဏန်းကို မိန့်ခွန်း ပြောကြားခဲ့ရာတွင် အရိပ်အမြွက် ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်တပ်က နောက်ပိုင်းတွင် ၎င်းဆွေးနွေးမှု အသေးစိတ်အချက်အလက်အချို့ကို အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။

 

ဗိုလ်ချုပ်ကြီးက အသက်များကို ကာကွယ်ရမည်ဟု ကြေညာခဲ့ပြီး ၎င်း၏ အရာရှိများအနေဖြင့် စိတ်ရှည်သည်းခံမှုကို ပြသရန် တောင်းဆိုခဲ့သည်ဟု စစ်တပ်ပြောခွင့်ရ Chowdhury က ပြောသည်။

 

၎င်းမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဆန္ဒပြပွဲများကို အင်အားသုံးအကြမ်းဖက်မှု ပြုလုပ်မည် မဟုတ်ကြောင်း ပထမဆုံး ညွှန်းဆိုဖော်ပြချက် ဖြစ်သည်။

 

ကျွန်တော်တို့ကို စစ်တပ်က မတားဘူးဗျ။ စစ်တပ်က သူတို့ ကတိပေးခဲ့တဲ့အတိုင်း သူတို့ လုပ်တာပဲ။ဟု ခြေလျင်စစ်သားဟောင်း Khan က ပြောသည်။

 

အချိန်တိုအတွင်း သတိပေးချက်

 

အကန့်အသတ်မရှိ နိုင်ငံအနှံ့ ကာဖျူးအမိန့် ပထမဆုံးတစ်ရက် ပြည့်မြောက်သော တနင်္လာနေ့တွင် ဟာဆီနာသည် မြို့တော် ဒါကာရှိ အစောင့်အကြပ် တင်းကြပ်စွာ ချထားသော သူမ၏ အစိုးရအိမ်တော်အဖြစ် ပြုလုပ်ထားသည့် Ganabhaban သို့မဟုတ် "ပြည်သူ့ နန်းတော်တွင် ခိုအောင်းနေသည်။

 

အပြင်ဘက်တွင်မူ လမ်းမများပေါ်၌ လူအုပ်ကြီးများ စုဝေးနေကြသည်။ သိန်းချီသည့် လူများက ဆန္ဒပြခေါင်းဆောင်များ တောင်းဆိုသည့် ခေါင်းဆောင်ဖြုတ်ချရေး ချီတက်ခြင်းအတွက် မြို့တော်အလယ် စီတန်းလှည့်လည်နေကြသည်။

 

အခြေအနေ မထိန်းချုပ်နိုင်တော့သည့်အတွက် အသက် ၇၆ နှစ်အရွယ် ခေါင်းဆောင် ဟာဆီနာသည် တနင်္လာနေ့မနက်တွင် နိုင်ငံမှ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းအရေး ရင်းနှီးကျွမ်းဝင်သည့် အိန္ဒိယအရာရှိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးက ပြောသည်။

 

ဟာဆီနာနှင့် လန်ဒန်တွင် နေထိုင်သော်လည်း ဒါကာသို့ ရောက်ရှိနေသည့် သူမနှင့် ညီအမတော်စပ်သူတို့ ဆွေးနွေးတိုင်ပင်ကာ အတူတကွ ပျံသန်းထွက်ခွာသွားကြသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်က ပြောသည်။ ၎င်းတို့က ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ထွက်ခွာသွားခြင်းဖြစ်သည်။

 

တစ်ဦးတည်းအမြင်အရ သူ့ကို လုံခြုံဘေးကင်းတဲ့ ထွက်ခွာခွင့် မပြုသင့်ဘူးလို့ ခံစားရတယ်။ ဒါ အဆင်အခြင်မဲ့တာပဲ

 

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က အိန္ဒိယအစိုးရအနေဖြင့် ပြောဆိုဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် "ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံမှုရှိသော နိုင်ငံရေးအင်အားစု အများအပြား" ကို ဂျူလိုင်လအတွင်း တိုက်တွန်းခဲ့ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

 

အိန္ဒိယအနေဖြင့် ဒါကာတွင် နောက်တက်လာမည့် အစိုးရနှင့် ဆက်ဆံရေး ထိခိုက်မည်စိုးသောကြောင့် ဟာဆီနာအနေဖြင့် ယာယီနေထိုင်နိုင်ကြောင်း "သံတမန်နည်းလမ်းအရ" သတင်းစကားပေးခဲ့သည်ဟု အခြားသော အိန္ဒိယအရာရှိတစ်ဦးက ပြောသည်။

 

ဟာဆီနာ ပြုတ်ကျပြီးနောက် ဆန္ဒပြကျောင်းသားများက ကြားဖြတ်အစိုးရကို ဦးဆောင်စေလိုသည့် နိုဘယ်ဆုရှင် Muhammad Yunus က အိန္ဒိယသည် "လူပေါင်းမှားပြီး ဆက်ဆံရေးသင့်မြတ်နေပါတယ်။ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်ကြည့်ပါဦး။ဟု The New Indian Express သတင်းစာကို ပြောသည်။

 

Yunus ကို ချက်ချင်း မေးမြန်း၍ မရနိုင်ခဲ့ပေ။

 

အိန္ဒိယမှ တန်ခိုးထွားသော အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval နှင့် ဟာဆီနာတွေ့ဆုံခဲ့သည်ဟု အိန္ဒိယလုံခြုံရေးအရာရှိက ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်အဖြစ် ပါကစ္စတန်မှ ခွဲထွက်ရေး အိန္ဒိယက ၁၉၇၁ ခုနှစ်တွင် ကြိုးပမ်းခဲ့သည်။ ဟာဆီနာ၏ ဖခင် ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံရသောအခါ ဟာဆီနာသည် အိန္ဒိယတွင် နှစ်ချီ၍ ခိုလှုံခဲ့ပြီး သူမ၏ အိမ်နီးချင်းနိုင်ငံမှ နိုင်ငံရေး အထက်တန်းလွှာများနှင့် နက်ရှိုင်းသော ချိတ်ဆက်မှုများ တည်ဆောက်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်တွင်မူ ဟာဆီနာက ထွက်ခွာခွင့်ပေးခဲ့သော အငြိမ်းစားစစ်သားများအကြားတွင်ပင် နာကျည်းမှုများက ထင်ကျန်နေဆဲဖြစ်သည်။

 

တစ်ဦးတည်းအမြင်အရ သူ့ကို လုံခြုံဘေးကင်းတဲ့ ထွက်ခွာခွင့် မပြုသင့်ဘူးလို့ ခံစားရတယ်။ ဒါ အဆင်အခြင်မဲ့တာပဲ။ဟု စစ်ပြန်တစ်ယောက်ဖြစ်သူ Khan က ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - ဩဂုတ်လ ရက် ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဝန်ကြီးချုပ် ဟာဆီနာ နှုတ်ထွက်ပြီး နောက်တစ်ရက် သူမ၏ ပုံတူပန်းချီကားကို ဆန္ဒပြသူများက ဖျက်ဆီးထားစဉ်။ (REUTERS/Mohammad Ponir Hossain/File Photo)

 

Burma Associated Press

ဘင်္ဂလားဒေ့ရှ်
စစ်တပ်
ရဲတပ်ဖွဲ့
ဆန္ဒပြပွဲ
ရှိတ်ဟာဆီနာ

Share With
bap-logo