Opinion
ကော့ကရိတ်က “သူပုန်”
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၁။
ကော့ကရိတ်ကို ကျနော် ရောက်တာ နှစ်နှစ်ကျော်ပါပြီ။
အာရှလမ်းမ အဝေးပြေးလမ်းမကြီးဘေးက ဒီမြို့ဟာကျဉ်းသလောက် အဖွဲ့အစည်းကလည်း စုံမှစုံ။
ကျနော်တို့ကတော့ သူပုန်တွေဆိုတော့ ကော့ကရိတ်လို့ဆိုလိုက်ရင် သူတို့အခေါ် “တောပိုင်း” မှာ နေတာပေါ့လေ။
ဟုတ်ပါတယ်။
မော်တော်ပီကယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲမရှိ၊ မီတာဖတ်စာရေးမရှိ ဧည့်စာရင်း လည်းမရှိတဲ့ အပိုင်းပေါ့လေ။
သူပုန်တွေနဲ့ အုပ်စိုးသူတွေကို အာရှလမ်းမရယ်လို့သိကြတဲ့ မြန်မာ-ထိုင်း အချက်အချာလမ်းမကြီးက ပိုင်းခြားထားတယ်။
ရောက်ခါစလား။
“ပရော် ဟဲလိ” စကောကရင်စကား။
ဗမာလာပြီ တစ်နည်းအားဖြင့် “ဗမာစစ်တပ်လာပြီ”။
အဲဒီ “ပရော်ဟဲလိ” ဆိုတာနဲ့ အိုးအိမ်တွေ၊ လယ်ယာတွေ၊ ကျွဲနွားတွေကို ထားခဲ့ပြီး အိုးစားခွက်ယောက် တွေကို “လွတ်ထယ်” လို့ခေါ်တဲ့ ထော်လာဂျီပေါ် တင်နိုင်သလောက်တင်ပြီး ပြေးပေတော့ပဲ။
သူပြေးငါပြေး ပြေးကြသူတွေထဲမှာ ယူနီဖောင်းကြီးဝတ်ပြီးပြေးကြတဲ့ သူပုန်တွေလည်းပါတာပေါ့။
သူပုန်လုပ်မယ်ဟဲ့ဆိုပြီး တောထဲရောက်လာ ကျိန်စာတွေပါတဲ့ သစ္စာရေကို သောက်၊ “မယ်ညား” “ပါသ” စစ်သင်တန်းတွေကို ဝါးသေနတ်တွေနဲ့တက် သင်တန်းဆင်းတော့ သူလို ကိုယ်လို စစ်ဘေးဒုက္ခသည် ဖြစ်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။
ပီဒီအက်ဖ် စစ်ဘေးရှောင်ဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်က ဟောဒီသူပုန်နယ်ထဲမှာ တကယ်ရှိခဲ့တာ။ တစ်ယောက် တစ်လေမဟုတ်ဘူး အုပ်စုလိုက်ကြီး။
တစ်ချိန်က ကော့ကရိတ်မှာ စစ်ပြေးခဲ့ရတဲ့ သူပုန်တွေဟာ လက်နက်ခဲယမ်း အပြည့်ရှိတဲ့ စစ်စခန်းနဲ့ ကိုက်တစ်ရာ အကွာမှာ ဗုံတီးရင်း ဂစ်တာခေါက်ရင်း သွေးတိုးစမ်းနေကြပြီ။
သေနတ်တင်လားဆိုတော့ ကျည်ဆံဆိုတာလည်း တစ်ယောက်ကို ငါးတောင့်၊ တိုက်ပွဲတစ်ခုအတွက် တစ်ယောက်ကို ကျည်ဆံ ဆယ်ဂဏန်းလောက်နဲ့ စစ်ချီတေးတွေဆိုခဲ့ကြတာပဲ။
ရှေ့တန်းကို သေနတ်မပါဘဲ ကျည်ဆံကိုင်ပြီးလိုက်ခဲ့တဲ့ ဘုရားစူးစစ်သားတွေပေါ့။
ပြီးခဲ့တဲ့ရက်က ရှေ့တန်းရောက်တော့
ရဲဘော်တစ်ယောက် ပြောတယ်။
“အရင်လိုမဟုတ်တော့ဘူး။ ကျနော်တို့မှာ လက်နက်တွေရှိနေပြီ။ မကြောက်တော့ဘူး” လို့ ပြောလာတယ်။
ပြောတဲ့နေရာက ကော့ကရိတ်မြို့နဲ့ လေးခွတစ်ပစ်လောက်ဝေးတဲ့နေရာက သဲအိတ်တွေကာထားတဲ့ ဘန်ကာ တစ်ခုထဲမှာ။
မြို့ထဲလိုနေရာမှာ သဲအိတ်တစ်လုံးချဖို့အတွက် အသက်၊ သွေးချွေးတွေ၊ ဇွဲတွေ ပေးဆပ်ခဲ့ရတာ ကျနော် သိတာပေါ့။
မြို့ထဲရောက်တဲ့ သူပုန်တွေဟာ ပျော်လို့ မော်လို့ မိသားစုအိမ်ကို ပြန်လမ်းရယ်လို့ ဘာမှန်း မသိသေးတာတောင် ကတ္တရာလမ်းကို မြင်တာနဲ့တင် ပျော်နေကြတာ။
“ငါလို့လမ်းပေါ်ရောက်ပြီ၊ အိမ်နဲ့ နီးလာပြီ” ဆိုတဲ့ စိတ်ပေါ့လေ။
တစ်ချိန်က ကော့ကရိတ်မှာ စစ်ပြေးခဲ့ရတဲ့ သူပုန်တွေဟာ လက်နက်ခဲယမ်းအပြည့်ရှိတဲ့ စစ်စခန်းနဲ့ ကိုက်တစ်ရာ အကွာမှာ ဗုံတီးရင်း ဂစ်တာခေါက်ရင်း သွေးတိုးစမ်းနေကြပြီ။
စစ်ပွဲဆိုတာ အမြဲတမ်း အလှည့်အပြောင်းရှိစမြဲမို့ ကော့ကရိတ်မှာ လုပ်နေတဲ့ စစ်ဆင်ရေးဟာ ကြီးမားတဲ့ အပြောင်းအလဲတော့ မဖြစ်သေးပါဘူး။
“အောင်ပြီ” ဆိုပြီး တက်ထောင်ဖို့ကလည်း စောလွန်းပါသေးတယ်။
ဒါပေမဲ့ သူပုန်တွေဟာ တရားမျှတမှုကို ပြန်ယူဖို့အတွက် အာဏာရှင်တွေ ပိတ်ထားတဲ့ ဘယ်တံခါးကိုမဆို ခေါက်ရဲတယ် ဆိုတဲ့ သက်သေပါပဲ။
“သတ္တိရှိတဲ့ကောင်တွေ လမ်းပေါ်တက်လာပြီဖြစ်လို့” သူပုန်တွေဟာ တောထဲမှာ နှစ်မကူးတော့ဘဲ မြို့ပေါ်မှာ နှစ်ကူးနေကြပါပြီ။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က