Opinion
သွေး
လွန်ခဲ့သော ၂ နှစ် က
နိုဝင်ဘာ ၂၇။
တန်ဆောင်တိုင်လပြည့်မှာ လူတွေရဲ့ ပံ့သကူဆိုတဲ့ ဒါနကိုမြင်ရင်း ရှေ့တန်းက အဖြစ်တစ်ခုကို သတိရမိပါတယ်။
လျို့ဝှက်တည်ဆောက်ထားတဲ့ ဆေးရုံတစ်ခုမှာပါ။
ဒီဆေးရုံဆိုတာ လူနာရဲ့ခုတင်ဘေးမှာ ဗုံးခိုကျင်းတွေ၊ ခေါင်မိုးမှာလည်း အကာ အရံတွေနဲ့ရှိနေတော့ ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးတဲ့ စစ်ဆေးရုံတစ်ခုလိုပါပဲ။
ဆေးရုံထဲမှာတော့ ခန္ဓာကိုယ်ကနေ တစ်ခုခု ဆုံးရှုံးထားကြတဲ့သူတွေချည်းပါပဲ။
ကျနော် ဆေးရုံကို ဒုတိယအကြိမ် ရောက်သွားတာက အခြားကိစ္စတစ်ခုကြောင့်ပါ။
စစ်ကောင်စီလက်နက်ကြီးကြောင့် ဆေးရုံတက်နေတဲ့ FBR အဖွဲ့ဝင် တစ်ယောက်ကို လာကြည့်ရင်း ကျနော်က ဆေးရုံကရှေ့ ဂိတ်ပေါက်ကို ရောက်နေခဲ့တာပါ။
ဆေးရုံထဲမဝင်ခင် စကားစုပြောနေတုန်းမှာပဲ
“B သွေးရှိလား”
လုံခြုံရေးဂိတ်ပေါက်ကိုရောက်လာတဲ့ စကားပြောစက်ရဲ့ အသံတစ်ခုအပြီးမှာ ဂိတ်မှာရှိနေတဲ့ လူက အပေါက်မှာ စုစုဖြစ်နေတဲ့ ကျနော်တို့ကို လှမ်းမေးတာပါ။
ကျနော့်သွေးအုပ်စု B ဆိုတာ အသက် ၁၄ နှစ်အရွယ် မှတ်ပုံတင်စလုပ်ထဲက မှတ်မိနေတဲ့ အမျိုးအစား တစ်ခုပါ။
ဒီနေရာကိုမရောက်ခင် ရန်ကုန်မှာ သွေး ၃ ကြိမ်လှူဖူးပါတယ်။ အာဏာသိမ်းပြီး နောက်မှာတော့ မလှူဖြစ်တော့ပါဘူး။
ဒီတကြိမ်တော့ သွေးလှူဖို့ တွန့်ဆုတ်နေပြီး ကျနော့်အပြင် သွေးအုပ်စု B ဘယ်သူရှိဦးမလဲဆိုတာကို လူစုထဲမှာ အရင်ဆုံး စပ်စုလိုက်ပါတယ်။
ကျနော်တို့လူစုစုအဖွဲ့ထဲက အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ယောက်က သွေးအုပ်စု B ဖြစ်ပေမဲ့ သွေးလှူဖို့မရဲဘူးလို့ဆိုလာပါတယ်။
B သွေးအုပ်စုက သူနဲ့ ကျနော်အပြင် အခြားလူ ထပ်မရှိတော့ပါဘူး။
ဒီနေ့ကျနော် သွေးလှူဖို့ တွန့်ဆုတ်နေတာက ဆေးထိုးအပ်ကြောက်တာ တစ်ခုထဲကြောင့် မဟုတ်ဘဲ ဒီလို အစီ အစဉ်ကို မတွေးထားတာကြောင့် လမ်းမှာ ဘီယာနည်းနည်း သောက်ခဲ့လို့ပါ။ သုံးဘူးလောက်ဆိုတော့ ခပ်နည်းနည်းပဲ မဟုတ်လား။
သွေးလှူဖို့ ဘယ်သူမှမရှိတော့တာ သေချာတဲ့နောက် ဂိတ်က လုံခြုံရေးကို ကျနော်လှူမယ်လို့ ပြောတဲ့အခါ သူက ကျနော့်ကို လမ်းမလျှောက်စေဘဲ သွေးလှူမဲ့နေရာအထိ ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။
“ဒီမှာက O သွေးများတယ်။ အခြားကူးလူးဆက်ဆံမှုနည်းတာ၊ လူမျိုး အချင်းချင်းပဲ ထိမ်းမြားကြတာကြောင့် ဖြစ်မယ်။ အခြား A တို့ B တို့လို သွေးအုပ်စုတွေက ရှားတယ်”
အလင်းရောင်ကောင်းကောင်းရတဲ့ အခန်းထဲမှာ သွေးလှူဖို့အတွက် ပုံမှန်အဆင့်တွေကို ဖြတ်သန်းရပါတယ်။
သွေးပေါင်ချိန်၊ သွေးအုပ်စု၊ ကူးစက်ရောဂါ ရှိ မရှိ ဒါတွေကို စစ်ပါတယ်။
“ဘယ်တုန်းက နောက်ဆုံးသွေးလှူဖူးလဲ” ဆိုတဲ့ အချို့ မေးခွန်းနည်းနည်းကို လည်း ဖြေရပါတယ်။
“ကျမတို့က သွေးအဖြေ သေချာမှ ယူတာ” လို့ အသက် ၂၃ လောက်ရှိမဲ့ ဆရာမတစ်ယောက်က ပြောပါတယ်။
ဒါပေမဲ့လည်း ကျနော် ဘီယာသောက်ထားတာကို ပြောဖြစ်တော့ သူက “ဒီမှာတော့ ရွေးစရာမှ သိပ်မရှိတာ” လို့လည်းပြောပါတယ်။
“သောက်ထားလို့ထင်တယ် သွေးပေါင်တော့နည်းနည်းတက်နေတယ်”
ခဏနေတော့ သွေးအိတ်၊ အပ်စတာတွေယူပြီး သံခုတင်မှာ လှဲနေတဲ့ ကျနော့်ညာလက်လက်က သွေးကို ဖောက်ယူပါတယ်။
“ဒီမှာက O သွေးများတယ်။ အခြားကူးလူးဆက်ဆံမှုနည်းတာ၊ လူမျိုးအချင်း အချင်းပဲ ထိမ်းမြားကြတာ ကြောင့်ဖြစ်မယ်။ အခြား A တို့ B တို့လို သွေးအုပ်စုတွေ က ရှားတယ်”
သူ့အလုပ်သူလုပ်ရင်း ကျနော့်သွေးကို စောင့်ကြည့်နေတဲ့ ပိန်ပိန်ပါးပါး ဆရာမလေးကပြောပါတယ်။
ကျနော့်သွေးကိုစောင့်နေချိန်မှာပဲ သူ့ထံကနေ သွေးလာတောင်းတဲ့ လူအချို့လည်း ရောက်လာပါတယ်။
“အရေးပေါ်ခွဲခန်းက” လို့ သူကပြောပါတယ်။
ကျနော့်အလုပ်အကိုင်ကို ပြောပြပြီးနောက် အချိန်တိုအတွင်းရင်းနှီးသွားပြီးနောက်မှာ သွေးလှူနေတဲ့ပုံ ရိုက်ပေးဖို့ပြောတဲ့အခါ သူက စိတ်ရှည်လက်ရှည် ရိုက်ပေးပါတယ်။
ရန်ကုန်မှာ သွေးလှူဖူးတဲ့အကြိမ်တွေက ဝေဝေဝါးဝါးများပါတယ်။ အထူးသဖြင့် မွေးနေ့မှာ ကိုယ့်အတွက် ကုသိုလ် ဖြစ်ပါစေတော့ဆိုတဲ့ အတ္တက ပိုများခဲ့ တယ်ဆိုလည်း မမှားပါဘူး။
ဒီတစ်ကြိမ်မှာတော့ ကျနော့်ခန္ဓာက သွေးတစ်စက်ထွက်တိုင်း ကျေနပ်ရပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ရှေ့တန်းမှာ ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေး ရဲဘော်တစ်ယောက် ကျနော့်သွေးနဲ့ အသက်ဆက်နိုင်တော့မယ်မဟုတ်လား။
သူ့ကို ကျနော်သိဖို့မလိုသလို သူကလည်း ကျနော့်ကို သိနိုင်မှာမဟုတ်ပါဘူး။
သိဖို့လည်း လိုလိမ့်မယ်မထင်ပါဘူး။
ကျနော်တို့အားလုံးဟာ တော်လှန်ရေးထဲမှာမဟုတ်လား။
ပုံစာ - စစ်ကောင်စီလေယာဉ်မှ ကြဲချသည့် ဗုံးဆံတစ်ခုကို ကြည့်နေသည့်ရဲဘော်တစ်ဦး
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က