Opinion
ဗုံးချခဲ့တဲ့ နေရာ မြင်ဖူးပါရဲ့လား
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၅။
စစ်ကောင်စီထံက တိုက်လေယာဉ်မှူးများခင်ဗျာ
ကျနော်က ခင်ဗျားတို့လိုပဲ ဒီတိုင်းပြည်ထဲမှာနေတဲ့ လူတစ်ယောက်ပါ။
ခင်ဗျားတို့မကြိုက်တဲ့ အလုပ်အကိုင်တစ်ခုဖြစ်တဲ့ သတင်းထောက်အလုပ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ပါတယ်။
တိုက်လေယာဉ်ပေါ်က ကြဲချလိုက်တဲ့ ဗုံးတစ်လုံးရဲ့ သက်ရောက်မှုကို ခင်ဗျားတို့ ထက် ပိုသိတဲ့ လူတစ်ယောက်ဆို လည်း မမှားပါဘူး။
ခင်ဗျားတို့ လေယာဉ်ပေါ်က ပျော်ပျော်ကြီး ဖြုတ်ချလိုက်တဲ့ ဗုံးတစ်လုံးရဲ့ သက်ရောက်မှု အကြောင်း တွေးမိပါရဲ့လား။
ကျနော့်အလုပ်ကို ခင်ဗျားတို့မကြိုက်ပေမဲ့ ကျနော်တို့ အကြိမ်ကြိမ် ဆုံဖူးပါတယ်။
ကစားစရာအရုပ်တစ်ခုရတဲ့ကလေးတစ်ယောက်လို ခေတ်မီတိုက်လေယာဉ်တွေကို အပေါ်တက်လိုက် ဇောက်ထိုး ဆင်းလိုက် မောင်းနေတဲ့ခင်ဗျားတို့ကို မြေပြင်ကနေ ပုန်းရင်းကွယ်ရင်း အကြိမ်ကြိမ် ငေးကြည့်ခဲ့ဖူး ပါတယ်။
ခင်ဗျားတို့ကြဲချလိုက်တဲ့ ဗုံးတစ်လုံး၊ ပစ်ထုတ်လိုက်တဲ့ရော့ကတ်တစ်ခုဟာ ခင်ဗျားတို့ရထားတဲ့ ညွှန်ကြားချက် ထဲက အတိုင်း ခင်ဗျားတို့ရဲ့ ရန်သူတွေကို ထိမှန်ပါရဲ့လားလို့ တွေးမိပါရဲ့လား။
ပြိုလဲစုတ်ဖွာနေတဲ့ အိုးအိမ်စည်းစိမ်တွေ၊ မြေကျင်းချိုင့်ခွက်ကြီးဖြစ်ပြီး သွေးညှီနံ့တွေနံနေတဲ့ ပတ်ဝန်းကျင်ကို ရောက်ဖူးပါရဲ့လား။
ပဇီကြီး၊ အနန့်ပါ၊ မုန်လိုင်ခက် စတဲ့ လက်လှမ်းမမီတဲ့ကိစ္စတွေကို မပြောလိုတော့ပါဘူး။
သတင်းထောက်အလုပ်ကိုလုပ်ရင်း ပြီးခဲ့တဲ့ ဇွန်လတုန်းက ကရင်နီဒေသ ဖားဆောင်းမှာရှိနေခဲ့ပါတယ်။ ကရင်နီ ဆိုတာ ကြည်းတပ်အတွက်ရော လေတပ်အတွက်ပါ အိပ်မက်ဆိုးတစ်ခုပဲမဟုတ်လား။
ဖားဆောင်းမြို့နယ်ထဲက နန့်ကစ်ကျေးရွာနဲ့ ငါးမိုင်နီးပါးအကွာ ရောက်နေခိုက် လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့ပါ တယ်။ လေကြောင်းတိုက်ခိုက်မှုဆိုတာ ကရင်နီရဲ့ နိစ္စဒူဝထဲမှာတောင် ပါနေပြီဆိုတော့ မကြုံရတဲ့သူဆိုတာ မရှိ သလောက်ပါပဲ။
ကင်းထောက်လေယာဉ်တစ်စင်း နာရီဝက်နီးပါးအကြာ စက်ဝိုင်းပုံ ပျံသန်း အပြီးမှာ အမျိုးအစား အတိအကျ မသိတဲ့ တိုက်လေယာဉ်တစ်စင်းက အဟုန် ပြင်းပြင်း ရောက်ချလာပြီး မျက်စိရှေ့မှာတင် ဗုံးသုံးကြိမ်ကြဲခဲ့သလို ရော့ကတ် နဲ့ နှစ်ကြိမ် ပစ်နေတာကို မြင်ခဲ့ရပါတယ်။
လေယာဉ်မှူးနေရာကကြည့်ရင် ခေတ်မီတိုက်လေယာဉ်ကို မောင်းနေရတဲ့အပြင် အထက်က ညွှန်ကြားတဲ့ ရန်သူ့ ပစ်မှတ်တွေကိုလည်း ပစ်နိုင်ခဲ့ပြီမို့ ဒါဘီပွဲမှာ ဟက်ထရစ် သွင်းတဲ့ ဘောလုံးသမားတစ်ယောက်ကို မြင်နေရ သလိုပါပဲ။
အထက်ကိုထောင်တက်သွားလိုက်၊ အောက်ကို စိုက်ဆင်းလိုက်၊ ဘေးတစောင်း ပျံလိုက်နဲ့ လုပ်နေတာကို မြင်နေရသကိုး။
ရာသီဥတုကကြည်လင်ပြီး မြင်ကွင်းက ကောင်းလွန်းတာကြောင့် လေယာဉ်က ကြဲချတဲ့ ဗုံးသီးတစ်ခု ပြုတ်ကတိုင်းကို အတူရပ်ကြည့်နေတဲ့ လူ ၂၀ ထက် မနည်းက မြင်နေခဲ့တာပါ။
“ဟိုမှာ ဟိုမှာ မဲမဲလေး ကျသွားပြီ” ဆိုတဲ့ အာမေဋိတ်သံနဲ့ပေါ့လေ။
လေယာဉ်ကွင်းပြန်ရောက် လေယာဉ်ပေါ်ကအဆင်း အောင်ပွဲရစစ်သူကြီးလို အောင်ပွဲခံနေမဲ့ သို့မဟုတ် နောက်ထပ်နေရာတစ်ခုကို ဗုံးကြဲဖို့ပြင်ဆင်ကောင်း ပြင်ဆင်နေမဲ့ လေယာဉ်မှူးခင်ဗျာ
တရစပ်ပစ်ချလိုက်တဲ့ အဲဒီဗုံးသီးတွေ ရော့ကတ်တွေက ဘယ်သူတွေကို မှန်သွားလဲသိချင်ပါရဲ့လား။
ခင်ဗျားတို့ ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ပြည်သူတွေနဲ့ သူတို့ရဲ့ အသက်အိုး အိမ်စည်းစိမ်တွေကိုပဲ မှန်ခဲ့ပါတယ်။
စစ်ရှောင်နေရင်းကနေ အိမ်မှာ မိသားစုစားဖို့အတွက် ဆန်ပြန်သယ်တဲ့ ဖခင်တစ်ယောက်နဲ့ အခြား အရပ်သား သုံးယောက်ဟာ ပြူတင်းပေါက် မှန်ကွဲတွေ ပြန့်ကျဲနေတဲ့ နန့်ကစ်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းရှေ့မှာ လေယာဉ်ကပစ်တဲ့ ရော့ကတ်ထိပြီး သေဆုံးခဲ့ရပါတယ်။
အားကိုးရာမဲ့ ဖြစ်သွားတဲ့ သမီးငယ်ဟာ ထပ်မံ ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်နဲ့ မိခင်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတာ ကိုရော မြင်ဖူးပါရဲ့လား။
မီးတစ်စိတ်တပိုင်းလောင်နေတဲ့ဆိုင်ကယ်၊ ပီနံအိတ်နဲ့ထုပ်ပိုးထားပုံရပြီး လမ်းပေါ်ပြန့်ကျဲထွက်နေတဲ့ အိုးခွက် အချို့၊ ကလေးဖိနပ်တစ်ရံနဲ့ အရည် သောက်လို့ရအောင် အပေါ်ယံအခွံချွတ်ထားတဲ့ အုန်းသီးအစိမ်း အချို့ဟာ လည်း မီးကျွမ်းနေပြီး သူတို့ရဲ့သွေးကွက်တွေနဲ့အတူ မြေပေါ်မှာပြန့်ကျဲနေခဲ့တာကို မြင်ခဲ့ရပါတယ်။
လေယာဉ်ပျောက်သွားတဲ့အချိန် နာရီဝက်နီးပါးအကြာ ဒီနေရာကို ရောက်သွားချိန်မှာ သူတို့အားလုံးဟာ အသက်ဝိဉာဉ်ကင်းမဲ့လို့နေပါပြီ။ အနီးအနားမှာ ပြိုလဲ ပေါက်ကွဲထွက်နေတဲ့ ထင်းရှူးပင်ရယ် အသားကို မီးလောင်ထားတဲ့ ညှော်နံ့တွေကတော့ ရနေဆဲပါပဲ။
ဒီအကြောင်းကို နောက်ကျမှသိရတဲ့ သမီးငယ်တစ်ယောက်က သူ့ဖခင် သတင်း ဆိုးကို ငိုကြီးချက်မနဲ့ ပြန်ပြောပြနေတာကို ခင်ဗျားတို့ နားထောင်ဖူးပါရဲ့လား။ အားကိုးရာမဲ့ ဖြစ်သွားတဲ့ သမီးငယ်ဟာ ထပ်မံ ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်နဲ့ မိခင်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတာကိုရော မြင်ဖူးပါရဲ့လား။
ပြီးခဲ့ရက်က ကရင်၊ ကော့ကရိတ်တောင်ဘက်ကျေးရွာထဲ ညသန်းခေါင်အချိန် ခင်ဗျားတို့ကြဲချလိုက်တဲ့ ဗုံးတစ်လုံး ဟာလည်း ခင်ပွန်းဖြစ်သူကျန်းမာရေး ကြောင့် ဗုံးခိုကျင်းကနေ အိမ်ပေါ်တက်အိပ်တဲ့ လူလတ်ပိုင်း ဇနီးသည် တစ်ယောက်ကို ထိမှန်ပြီးသေဆုံးခဲ့ရပါတယ်။
သူဟာ သားသမီးလေးယောက်အနက် တစ်ဦးတည်းသောသမီးဖြစ်တယ်လို့ ယူကျုံးမရဖြစ်နေတဲ့ မိခင်အိုရဲ့ ငိုကြွေးသံကိုရော ကြားဖူးပါရဲ့လား။
တစ်ဦးတည်းသော သမီးဖြစ်သူရဲ့ နာရေးမြေမကျခင် နောက်ရက်မှာ ကပ်ရက် ရွာက အသက် ၅၅ အရွယ် အမယ်အိုတစ်ယောက် ဗုံးခိုကျင်းကထွက် မိသားစု စားဖို့ ထမင်းချက်ရင်း လေယာဉ်ဗုံးစမှန် သေဆုံးခဲ့ရ ပါသေးတယ်။
တိုက်ခိုက်ရေးလေယာဉ်တွေကွင်းထဲကနေ တက်ပြီဆိုတဲ့ သတင်းကို ခင်ဗျားတို့ ရန်သူလို့ သတ်မှတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက မိနစ်အနည်း ငယ်စောပြီး ရလေ့ရှိပါတယ်။
လေကြောင်းရန်အတွက် ရရှိထားတဲ့သတင်းတွေကြောင့် သူတို့ဟာ အချိန်မီ ဘေးကင်းရာကို ရှောင်ချိန်ရပါတယ်။ အတော်လေးကို ကုကိုယ်ကံရဲ့ မျက်နှာသာမပေးမှသာလျှင် လေယာဉ်ဗုံးဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အချို့ကို ထိမှန်ခဲ့တာပါ။
လေယာဉ်ပျံဆိုတာ ဘာမှမသိ၊ လေကြောင်းရန်အတွက်ပြင်ဆင်ထားချိန်မရတဲ့ ပြည်သူတွေကသာ အိမ်မှာနေရင်း၊ ထမင်းချက်ရင်း၊ တောင်ယာလုပ်ရင်း၊ အသက်တွေပေးနေရတယ်ဆိုတာ ခင်ဗျားတို့သိနိုင်မှာမဟုတ်ပါဘူး။
လေယာဉ်မှူးများခင်ဗျာ လေယာဉ်ပေါ်ကဆင်းတဲ့အချိန် စားပွဲပေါ်က မိသားစုဓာတ်ပုံကိုကြည့်ပြီးမှ အိပ်ယာဝင်ပါ။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က