Opinion
အာဏာသိမ်း စစ်တပ်ထံက ဘာတွေရနိုင်သလဲ
လွန်ခဲ့သော တစ်နှစ် က
နိုင်ဝင်ဘာ ၂၉။
ကရင့်တော်လှန်ရေးရဲဘော်ဟောင်းကြီးနဲ့ ပြီးခဲ့တဲ့ရက်က စကားစမြည် ပြောခွင့်ရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ နာမည်ကျော်ရော နာမည် မထွက်တဲ့တိုက်ပွဲတွေမှာပါ ပါခဲ့သူ တစ်ယောက်ဆိုပါတော့။
“အခု စစ်တပ်ဟာအတော်လေး ပြောင်းလဲသွားပြီ” လို့သူက ပြောလာတယ်။
အရင်ကဆို စစ်တပ်တဲ့ လူရာဂဏန်းလောက်ရှိတဲ့ တောင်ကုန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့က လူတစ်ထောင်လောက် ရက်ပေါင်းများစွာ ဝိုင်းတိုက် ရင်တောင် ရဖို့မလွယ်ဘူးတဲ့။
“သူတို့ တော်တော်လေး စိတ်ဓာတ်ကောင်းတယ်” ဆိုပြီး အဲဒီတုန်းက အခြေအနေတွေကို စစ်သားချင်း ချီးမွမ်းတဲ့အနေနဲ့ သူက ပြန်ပြောပြပါတယ်။
၁၉၉၀ ဝန်းကျင် အချိန်ကဆို EAO ဘက်မှာလည်း ခဲယမ်းမီးကျောက်က ပေါမှပေါဆိုတော့ ရှိသမျှ မီးကုန် ယမ်းကုန် ပစ်တာတောင် စစ်တပ် တပ်စွဲထားတဲ့နေရာတစ်ခုကို အခုလို ရက်ပိုင်း၊ နာရီပိုင်း မိနစ်ပိုင်းနဲ့ရခဲ့တာ မရှိပါဘူးတဲ့။ စစ်တပ်ရဲ့ ထိုးစစ်တွေကိုသာ EAO တွေက ခုခံရင်း တဆုတ်ထဲ ဆုတ်ခဲ့ရတဲ့ကာလတွေလို့လည်း သူကဆိုပါတယ်။
“မင်းဘယ်လောက်ပစ်မလဲ၊ ငါဘယ်လောက်ပစ်မလဲ ကျည်ဆံနဲ့ပဲ အကာအကွယ်လုပ်ရတယ်၊ အဲတုန်းကလည်း လေယာဉ်လာတယ်။ လေယာဉ်နဲ့ လာပစ်တာ ဘဲနှစ်ကောင် သေသွားတယ်”ဆိုပြီး အဲဒီ အချိန်တုန်းက နဝတ/နအဖ စစ်တပ်ရဲ့ လေတပ်စွမ်းအင်ကို ထောပနာပြုပါသေးတယ်။
လေတပ်ရဲ့ စွမ်းအားကို ပြက်ရယ်ပြုပေမဲ့လည်း ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်တွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းအားကို ကရင့်တော်လှန်ရေး ရဲဘော်ဟောင်းကြီးက အသိအမှတ်ပြုပါတယ်။
“ရဲရင်မင်းဖြစ် ဆိုပြီး တိုက်လာခဲ့တာ၊ ငါတို့လည်း မသေလို့သာ ကျန်ခဲ့တာပဲ” ဆိုပြီး သူက ပြောပါတယ်။
သူပြောပြနေတာတွေက အတိတ်က စစ်တပ်တစ်ခုအကြောင်ပါ။
“မင်းဘယ်လောက်ပစ်မလဲ၊ ငါဘယ်လောက်ပစ်မလဲ ကျည်ဆံနဲ့ပဲ အကာအကွယ်လုပ်ရတယ်၊ အဲတုန်းကလည်း လေယာဉ်လာတယ်။ လေယာဉ်နဲ့ လာပစ်တာ ဘဲနှစ်ကောင် သေသွားတယ်”
အတိတ်မှာလည်းမကောင်းခဲ့တဲ့စစ်တပ်ရဲ့ အဆိုးထဲက ကောင်းကွက်ကတော့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ဖွဲ့စည်းပုံ ပြည့်ခဲ့ဖူးတဲ့ ရန်သူတွေက သတိပြုခဲ့ရတဲ့ စစ်တပ်တစ်ခုအကြောင်းပါ။
အခု မျက်မှောက်ကာလမြင်နေရတဲ့စစ်တပ်ဟာ ပြိုလဲနေပါပြီ။
စစ်တပ်ပြိုလဲနေပြီလား ဆိုတာကို နိုင်ငံတကာ စစ်တမ်းတွေ၊ လေ့လာ သုံးသပ်မှုတွေကို ကြည့်နေဖို့ကို မလိုတော့ အောင်ပါပဲ။
နိုင်ငံတော်ကို အကြောင်းပြုခေတ်မီတပ်မတော်ဆိုပြီး အသံကောင်းဟစ်နေတဲ့ စစ်တပ်ဟာ လက်နက်မဲ့ ပြည်သူ တွေရဲ့ အသံတိတ် သပိတ်တွေကို ကြောက်တယ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရပ်ကွက်လူမိုက်ပုံနဲ့ ဖြေရှင်းတယ်၊ အတိုက်အခံ ခေါင်းဆောင်ရဲ့မွေးနေ့မှာ ပန်းပန်ရင်ဖမ်းတယ်၊ လူငယ်တွေကို ခြိမ်းခြောက်တယ်၊ အချုပ်အခြာ အာဏာသည် သေနတ်ပြောင်းကလာတယ်ဆိုတဲ့ မူကိုကိုယ်စွဲပြီး အကြောက်တရားကိုပဲ လက်ဆင့်ကမ်း မွေးမြူလာကြတယ်။
ဒါကြောင့်လည်း အနောက်နိုင်ငံတွေ စစ်တပ်အသုံးအရဆို အနောက်အုပ်စုက သူရဲဘောကြောင်တဲ့လုပ်ရပ်ဆိုပြီး ပေါ်ပေါ််တင်တင် ပြစ်ပြစ်နှစ်နှစ်ထုတ် ပြောခဲ့တာပေါ့။
ဘယ်လိုပြောပြော စစ်တပ်ဟာ မိတ်ဆွေနိုင်ငံတွေနဲ့ ရှေ့ဆက်မဲ့ ခေတ်မီ တပ်မတော်ဆိုတာကို မျက်နှာပြောင် တိုက်ပြီး ကိုင်စွဲထားဆဲပါပဲ။
ခေတ်မီလှပါပြီဆိုတဲ့ စစ်တပ်ဘာဖြစ်နေပြီလဲ။
မြို့ထဲကနေ မြို့ပြင်မထွက်ရဲတဲ့ မြို့စောင့်တပ်သာသာ စစ်တပ်ဖြစ်နေပါပြီ။
မြန်မာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ကျေးလက်မှာနေကြတာပါ။ အဲဒီကျေးလက် တွေဆီကို စစ်တပ်ဟာ ခြေမချရဲ လောက်အောင်ပါပဲ။
ကျေးလက်တင်လားဆိုတော့ မြို့ပြမှာလည်း စစ်တပ်ကိုယ်တိုင်ဟာ အကြောက်တရားနဲ့သာ နေထိုင်နေရပါတယ်။
သူသမ္မတဖြစ်ရေး ဝေးရတဲ့နောက် အခါတော်ပေးတွေရဲ့ စည်းဝါးကိုက်မှုနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အရပ်သားအစိုးရ လက်ထက်မှာ ရန်ကုန်မြို့ရဲ့လမ်းမတွေထက်မှာ သူလိုငါလိုသွားခဲ့တဲ့ မြင်ကွင်းတွေဟာ သိပ်မကြာသေးတာမို့ ပြန်ရှာရင် တွေ့နိုင်ပါလိမ့်မယ်။
အခုတော့ စစ်ခေါင်းဆောင်ဟာ လုံခြုံရေးအထပ်ထပ်ကိုကျော်ပြီးမှ ရင်ပြင်ပေါ်ရောက်တဲ့ နေပြည်တော် ဘုရားဖူးလာသူတွေနဲ့ ဓာတ်ပုံတွဲရိုက် ရတာကိုပဲ သတင်းစာတွေမှာ ပြူးတူးပြဲတဲဖော်ပြနေရပါပြီ။
နေပြည်တော်မဟုတ်တဲ့ စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်တွေမှာဆို စိတ်အေး လက်အေး လမ်းလျှောက်ဝံ့တာဆိုလို့ သူ့ရဲ့ လက်အောက်ခံ စစ်တပ်ထဲက မွေးမြူခြံတွေလောက်ပဲရှိပါတော့တယ်။
စစ်ခေါင်းဆောင်တင် အခြေအနေဆိုးနေတာတော့ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ် တွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတဲ့ အောက်လက်ငယ်သား တွေရဲ့ ပြိုကျမှုဟာလည်း မမြင်ချင်မှအဆုံးပါပဲ။
နိုင်ငံတော်ဆိုတဲ့ စကားရပ်နဲ့ နိုင်ငံတော်ကို ကာကွယ်နေပါတယ်ဆိုတဲ့ စစ်တပ် ဟာ အခုလပိုင်းအတွင်းမှာပဲ အချက်အချာ မြန်မာ-တရုတ် နယ်စပ်ဂိတ်နှစ်ခု အပါအဝင် မြို့ပေါင်း တစ်ဒါဇင်လောက်ကို ဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။
အချို့စခန်းတွေဆို မိနစ်ပိုင်း၊ နာရီပိုင်းလောက်နဲ့ဆုံးရှုံးနေပြီး ဘယ်တော့မှ မဆုံးရှုံးဘူးလို့ ဝါဒဖြန့်ထားတဲ့ မဆုတ်တမ်းခံစစ်တွေ၊ ဗျူဟာတွေလည်း တစ်ခုပြီးတစ်ခုကို စွန့်လွှတ်လာနေရပါပြီ။
ဒါကြောင့် ကမ္ဘာကျော်သူရဲဘောကြောင်တဲ့ ဒီစစ်တပ်ဆီက ဘာတွေမျှော်လင့်ပါသလဲ မိတ်ဆွေ။
ဒီတိုင်းပြည်လူထုဆီကို စစ်တပ်ဆီကနေ ရောက်လာနိုင်တာက သူတို့ဆီကို အခွန်ပေးဖို့ စာရွက်တစ်ရွက် သို့မဟုတ် “သင့်အားတပ်မတော်က အလိုရှိသည်” ဆိုတာထက်မပိုပါဘူး။
အာဏာရူးတွေ ကြီးစိုးနေတဲ့ စစ်တပ်ဟာ ဘယ်သောအခါမျှ ဒီမိုကရေစီကို သယ်ဆောင်လာမှာ မဟုတ်ပါဘူး။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က