Opinion
သုံး သုံးလီ ‘တစ်’
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၁၂။
ဒီဇင်ဘာဆိုတာ နောက်ထပ်ပြက္ခဒိန်တစ်ခု အနာဂတ်ဟောစာတမ်းတစ်ခု ဝယ်ဖို့ အသိပေးချက်တစ်ခု သက်သက် တော့ မဟုတ်ပါဘူး။
ရိုးရိုးလေးတွေးကြည့်ရင် မင်းအောင်လှိုင်တစ်နှစ်၊ မင်းအောင်လှိုင်နှစ်နှစ် အခု တူးသောင်ဇင်တွမ်တီသရီးဆို မင်းအောင်လှိုင် သုံးနှစ်ပေါ့။
ဒီတစ်နှစ်ဟာလည်း ကျနော့်အဖို့ ကားလက်မှတ်လည်းမဖြတ်ရ၊ တည်းခိုခန်းခလည်း မကုန်တဲ့နှစ်တစ်ခုပါပဲ။ ဘယ်မှမသွားရဘဲ သက်တမ်းကုန်သွားတဲ့ ပတ်စ်ပို့တစ်ခုအတွက်ရောပေါ့။
အနီရောင်ပတ်စ်ပို့ဆိုတာ တိုင်းပြည်ကနေ ကမ္ဘာအနှံ့ အလုပ်လုပ်ဖို့၊ လက်နက် ထွက်ဝယ်ဖို့၊ စကော်လာတွေ ထွက်ရှာဖို့ သက်သေခံ တစ်ခုမဟုတ်လား။ အနီရောင်ဆို အင်မတန်မုန်းတဲ့မင်းအောင်လှိုင်က ဒီတစ်ခုကိုတော့ ဆက်နီထားပါ သေးတယ်။ မီးသတ်ကားတွေရောပေါ့လေ။
ကိုယ့်အဖို့တော့ အဲဒီပတ်စ်ပို့လုပ်တုန်းကလည်း သူများစရိတ်နဲ့ လမ်းကြုံလိုက် လို့ရရင် ကမ္ဘာပတ်ဦးမှပါဆိုပြီး လုပ်ထားတာ။ အခု သက်တမ်းကုန်သွားတာအတွက် ဘာမှလည်း မခံစားရပါဘူး။
ကိုယ်တွေ ပတ်စ်ပို့က သက်တမ်းကုန်သွားလို့ ဘယ်မှမသွားရတာ ကိုယ့်ဟာကို သက်တမ်းတိုးထားတဲ့ မင်းအောင်လှိုင် ခမျာတော့ သုံးနှစ်အတွင်းမှာ နေပြည် တော်နဲ့ ရုရှားကလွဲပြီး ဘယ်မှ ထွက်မရတော့ဘူး။ အာဆီယံမှာဆို မြန်မာဟာ စားပွဲခုံပဲ ရှိတော့တဲ့အခြေအနေပေါ့။
အခုနောက်ပိုင်းဆို မင်းအောင်လှိုင်တစ်ယောက် ရုရှားတောင် သွားတာ မတွေ့ တော့၊ ပြန်လာရင်ဆင်းစရာ လေယာဉ်ကွင်းမရှိမှာကို စိုးရိမ်နေသလားပဲ။
မင်းအောင်လှိုင်ဆိုတာ သူကသာ အားလုံးကို ဘယ်လိုကျော်ရကျော်ရ ကျော်တက်ချင်တက်မယ်၊ ပြည်သူကိုတော့ သချိုင်းကနေ ဘဏ် အဲကနေ စားအုံးဆီ၊ စက်သုံးဆီအထိ တန်းမှမစီရင်မရတော့အောင်ကို စွမ်းဆောင်ပေး ထားတယ်မဟုတ်လား။ အင်မတန် စနစ်ကျသော နိုင်ငံတော်ကြီးပေါ့။
ဒီနိုင်ငံတော်ကြီးမှာ စစ်တပ်အုပ်ချုပ်လို့ တိုးတက်ကျယ်ဝန်းလာတာ သချိုင်း ကုန်းနဲ့ အကျဉ်းထောင်တွေပဲရှိတယ်။ သုဘရာဇာနဲ့ တရားသူကြီးရှေ့နေက လွဲရင် ဒီတိုင်းပြည်မှာ အလုပ်အကိုင်တွေရှားကုန်ပြီ။
ကြက်ဥတစ်လုံးခေါက်ဆွဲပြုတ်တစ်ထုပ်ဟာ အဆာပြေလို့ ပြောရခက်လောက်တဲ့ ကုန်ဈေးနှုန်းကိုရောက်နေပြီ။
အခု သုံးနှစ်တာကာလ တစ်နှစ်ထက်တစ်နှစ်မတူတာ မင်းအောင်လှိုင်မှ မဟုတ်ဘူး သူခန့်ထားတဲ့ ဝန်ကြီး ဝန်ကလေးတွေခမျာလည်း ပြည်ပ မဆိုထားနဲ့ တိုင်းပြည်ထဲခြေဆန့်ဖို့တောင် မဝံ့ရဲတဲ့အခြေအနေဆိုက်နေပြီ။
ဝန်ကြီးချုပ်တွေဆိုတာ ‘ကြိုဆိုပါ၏’ နဲ့ ‘နုတ်ခွန်းဆက်ပါ၏’ ဆိုတဲ့ ဆိုင်းဘုတ်ရဲ့ အဝန်းအဝိုင်းကိုပဲ ခပ်တည်တည်နဲ့ အုပ်ချုပ်နေရတာလေ။ အချို့ဆို အဲဒီ ဆိုင်းဘုတ်နားတောင် ကပ်လို့မရတော့ဘူး။ အလုပ်စားပွဲနဲ့ ရုံးခန်းကလွဲရင် ဘာမှ အုပ်ချုပ်စရာမရှိတော့တဲ့ ဘုရားစူးဝန်ကြီးချုပ်တွေပေါ့။
ဒါပေမဲ့လည်း မင်းအောင်လှိုင်နဲ့စစ်အုပ်စုဆိုတာ လက်နက်တိုက်ထဲမှာ ကျည် ရှိနေရင်ပဲ တိုင်းပြည်အုပ်ချုပ်လို့ရပြီ ထင်နေတဲ့ ကမ္ဘာပေါ်က သူရဲဘော အကြောင်ဆုံးစစ်တပ်ကြီးမဟုတ်လား။ မိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ စစ်တပ်ဆိုတာ အများကြီးလည်း မပြောဘူး အခုတစ်မျိုး တော်ကြာတစ်မျိုး နှစ်မျိုးပဲပြောတာလေ။
ဆိုတော့ သူဟာသူ ဘယ်လိုပြောပြော ၂၀၂၁ ထဲက ပြက္ခဒိန်နဲ့ အခုကုန်တော့မဲ့ ပြက္ခဒိန်က မတူတော့တာအမှန်ပဲ။
ဆက်ပြီး ခက်ခဲဦးမယ် ကျော်ဖြတ်ကြရဦးမယ် ဒါပေမဲ့ လာမဲ့ ပြက္ခဒိန်မှာ မင်းအောင်လှိုင် မပါတဲ့နေ့စွဲတွေ ရောက်လာ တော့မှာမို့ ဆက်ပြီး အားတင်းထားကြရင်း တော်လှန်ရေးကို ဆက်ပြီး နစ်ဝင်ထားကြမယ်။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က