bap-logo
Article

ပွဲတော်ကာလ အညာဒေသ

t44hIF9FNmMkh8XLdHY6x-image

လွန်ခဲ့သော ၂ နှစ် က

အညာဒေသ၌ ပုံမှန်ကာလတွင် ဝါကျွတ်ပြီးနောက်ပိုင်း ပွဲတော်များနှင့် စည်ကားတတ်သည်။ အခါကြီးရက်ကြီး၌ တစ်ရွာလုံး လော်စပီကာသံနှင့် ဆူညံနေတတ်သည်။

ပွဲတော်ဆင်နွှဲမည့် လူငယ်များ တရုန်းရုန်းနှင့် အခါလည် အလည်ပြန်လာသည့် ရွာခံများနှင့်လည်း စည်ကားသည်။ အခါရက်ပွဲတော်အတွင်း လူကြီးမိဘများကို လိုက်လံကန်တော့ကြသည့် ဓလေ့ကြောင့်လည်း စိုပြေရသည်။

ဒေါ်မာရင်တို့ရွာအုပ်စုသည် အိမ်ခြေ ၇၀၀ ဝန်းကျင်ခန့်ရှိပြီး ပုလဲမြို့နယ်အတွင်းရှိသည်။ သီတင်းကျွတ်ပြီး အချိန်မှစ၍ အလှုုနှင့် မင်္ဂလာဆောင်ပွဲတော်များ ကျင်းပလေ့ရှိသည်။

သီတင်းကျွတ်ပြီးနောက်ပိုင်းကာလများတွင် အလှုုကြီးဆို ငါးခုလောက်ရှိတယ်၊ အလှုုလေးဆို ၂၀ လောက် ရှိတယ်၊ မင်္ဂလာဆောင်က တစ်လ ဆယ်ပွဲလောက်ရှိတယ်ဟု အသက်သုံးဆယ်ကျော်ခန့်ရှိသည့် ဒေါ်မာရင်က ပြောသည်။

နတ်တော် ( ဒီဇင်ဘာ ) မှ တပေါင်း (မတ်) ဝန်းကျင်အတွင်း အလှုုကြီးများ ကျင်းပကြလေ့ရှိသည်။ အလှုုကြီး ဆိုသည်မှာ ပြဇာတ်၊ သဘင်၊ ဆိုင်းဝိုင်း စသည့်တို့ပါဝင်သော အိမ်ရှေ့မဏ္ဍပ်ထိုးကာ ထမင်း နှစ်နပ် ကျွေးသည့်အလှုုကို ဆိုလိုသည်။ အလှုုကြီးများသည် ပွဲကြီးသောကြောင့် နှစ်ရက်သုံးရက် ကြိုပြီး ချက်ပြုတ် မှုများ စတင်ထားရသည်။

အလှုုကြီးများသည် ပွဲလမ်းသဘင် ပါသောကြောင့်မြေလွတ်ကိုလိုအပ်သဖြင့် လယ်ယာရိတ်သိမ်းချိန်များ ဖြစ်သည့် ပြာသို နှင့် တပေါင်းဝန်းကျင်အချိန်ကို စောင့်ရသည်ဟု ဒေါ်မာရင် ကရှင်းပြသည်။

အလှုုလေးဟူသည်မှာ ဆိုင်းဝိုင်းသဘင်များမပါသည့်အလှုုပွဲများဖြစ်သည်။ တစ်ရက် တစ်နပ် ကျွေးလေ့ ရှိကြသည်။ အလှုုလေးများကို ဘုန်းကြီးကျောင်းတွင်သာချက်ပြုတ်ပြင်ဆင်ပြီး ဘုန်းကြီးကျောင်းတွင်ပင် ကျွေးမွေးမှုပြုလုပ်သည်။

ဒေါ်မာရင်တို့ရွာ၌ သီတင်းကျွတ် နှင့် တန်ဆောင်တိုင်ပွဲတော်တွင် ရွာအတွင်းမှ ရွာသူရွာသားများ ကိုယ်တိုင်ပင် ပြဇာတ် ရေးကာ ပြဇာတ် ကကြသည်။ လပြည့်နေ့မတိုင်ခင် အကြိုတစ်ရက်၊ လပြည့်နေ့တစ်ရက် နှစ်ရက်လုံး ရွာခံများ၏ပြဇာတ်၊ စတိတ်ရှိုးတို့ဖြင့်ပင် စည်ကားသည်။

ထိုအချိန်သည် ရွာရှိဒေသခံများ၏ ငုပ်လျှိုးနေသော အစွမ်းအစများကို ထုတ်ဖော်ပြသရသည့် အချိန်လည်း ဖြစ်သည်။ ကလေးများအတွက်လည်း စင်ပေါ်တက်၍ အစွမ်းအစ ပြသခွင့်ရပြီး စတိတ်စင်၊လူအများကြီးနှင့် မိုက်မကြောက်ရန် လေ့ကျင့်ရာ အခြေအနေကောင်းတစ်ခုဖြစ်သည်ဟု ဒေါ်မာရင်ကထင်သည်။

လူတောတိုးတယ် ဟု ၎င်းက ကောက်ချက်ချသည်။

ထိုအလှုုပွဲတော်များအားလုံးကို ကိုဗစ်အစပိုင်းကတည်းက ကျန်းမာရေးစည်းကမ်းချက်များကြောင့် ရပ်တန့် ထားရာ အာဏာသိမ်းမှုကိုရင်ဆိုင်ရပြီးနောက် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ဆက်လက် ရပ်တန့် ထားကြဆဲဖြစ်သည်။

ဒေါ်အေးနီတို့ ယခုနှစ်တွင်လည်း အသံတိတ်ဆိတ်နေသည့် သီတင်းကျွတ်ကိုဖြတ်သန်းကြရသည်။ လာမည့် တန်ဆောင်တိုင်သည်လည်း ထိုအတိုင်းပင်ဖြစ်မည့်အလားအလာရှိသည်ကို ရွာသူရွာသားများအားလုံး နားလည်ကြသည်။ ငှားစရာ ဇာတ်သဘင်လည်းမရှိ။ စစ်ကောင်စီ၏ စစ်ကြောင်းကြောင့် မည်သည့်အချိန် ပြေးရဦးမလဲဟူသော သတိနှင့် ပြင်ဆင်မှုတော့ရှိကြသည်။

ယခုနှစ်သီတင်းကျွတ်တွင် ပွဲလမ်းသဘင်များမရှိသော်လည်း အခါရက် အလှုုများနှင့်အတူ လူကြီးသူမများကို ကန်တော့ ခြင်းနှင့် ဥပုသ်စောင့်ခြင်းဓလေ့သည်လည်း ဆက်လက်ရှင်သန်ဆဲပင်။

ယခင်က မိတ်ကပ်ဆရာခေါ်ကာ ရှင်လောင်း လှည့်လည်ပြသကျင်းပခဲ့သည့် ရှင်ပြုပွဲသည်လည်း ယခုကာလအတွင်းတွင် ကတုံးတုံး၍ သင်္ကန်း စည်းပေးရုံနှင့်ပင် ပြီးရသည်။ ပွဲလမ်းသဘင်ပါသည့် အလှုုကြီးများ မရှိတော့သော်လည်း ဘုန်းကြီးကျောင်းတွင်ပင် အလှုုငယ်များ လုပ်ကြသည်။

မင်္ဂလာဆောင်ပွဲများကို ကျင်းပသည့်အခါ ယခင်ကဲ့သို့လော်စပီကာဖြင့် သီချင်းအကျယ်ကြီး ဖွင့်ကာ ကျင်းပသည့် ပုံစံ မဟုတ်တော့ဘဲ အိမ်နီးချင်းများကို လက်ဖက်ဝေခြင်းနှင့်ပင် ပွဲပြီးမြောက်ကြသည်။

ယခုနှစ် သီတင်းကျွတ်မှာလည်း လော်စပီကာသံမပြောနှင့် သီချင်းဆိုသံပင် မကြားရ။

သုံးနှစ်လောက်ရှိပြီ။ ပြာသို တပို့တွဲဆိုပွဲတွေချည်းပဲ၊ အခုမှသာ ကိုဗစ်နဲ့ ကိုစစ်နဲ့ ဘာမှမဖြစ်တော့တာ ဟု ပုလဲမြို့နယ် နောက်တစ်ဦးဖြစ်သည့် အသက်ငါးဆယ်ဝန်းကျင် ဒေါ်အေးနီက ပြောသည်။

ထို့အပြင် သီတင်းကျွတ်လပြည့်နေ့ညတွင် ၎င်းတို့ရွာမှ ပေါက်ကွဲသံအကျယ်ကြီးကြားသဖြင့် ပြေးရမည်လား မပြေး ရဘူးလားနှင့် ကြောက်လန့်ရသေးကြောင်းပြောသည်။

ဘာမှမကွာဘူး၊ ဒီနှစ်ကတော့ ကြောက်ရတာပေါ့။ ကြောက်ရတာပဲကွာတယ်ဟု ဒေါ်မာရင်တို့နှင့် တစ်ရွာ တည်းသား ဖြစ်သည့် အသက် ၈၀ အရွယ်ခန့် ဦးဘိုခင်က ဆိုသည်။

၎င်းတို့ရွာသည် အလှုုအတန်းရက်ရောသဖြင့် ရွာအတွင်း အလှုုပေးခြင်းဓလေ့မှာ ဆက်လက်ရှင်သန်ဆဲ ဖြစ်သောကြောင့် ယခင်နှစ်များနှင့် မကွာကြောင်း ၎င်းက ဆက်ပြောသည်။

အလှုုပေးသည့်ဓလေ့ ဆက်လက်ရှင်သန်နေသော်လည်း အလှုုပေးနိုင်သည့်ပမာဏ အများကြီး လျော့သွား သည်ဟု ဒေါ်အေးနီက ပြောပြသည်။

၎င်းတို့ရွာအုပ်စုအတွင်း ဘုန်းကြီးကျောင်း ကျောင်းရှိကာ သီတင်းကျွတ်လပြည့်ဝါကျွတ်ချိန်မှစ၍ ဝါမဝင်ခ င်အထိ မြန်မာပြက္ခဒိန်၏လပြည့်နေ့တိုင်း တစ်လလျှင် တစ်ကျောင်းနှုန်းဖြင့် ဆွမ်းလောင်းပွဲဟူ၍ ကျင်းပလေ့ ရှိကြသည်။

ကိုဗစ်ရောဂါပျံ့နှံ့စတင်ဖြစ်ပွားစဥ်ကတည်းကရပ်ဆိုင်းခဲ့သည့် ထိုပွဲတော်များသည် ထပ်မံပေါ်ပေါက်လာသည့် နိုင်ငံရေး အခြေအနေဆိုးများကြောင့် ယခုတိုင်မကျင်းပနိုင်သေးပေ။

ဆွမ်းလောင်းပွဲဟူသည်မှာ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာများကို အခြောက်အခြမ်းအလှုုခံပစ္စည်းများ သွားရောက် လှုုဒါန်းမှု ပြုကြသည့် ပွဲဖြစ်သည်။ မုန့်၊ သွားတိုက်ဆေး၊ ဆပ်ပြာ စသည့် ဆွမ်းနှင့် ရိက္ခာ အခြောက်များကို လှုုဒါန်း ကြလေ့ရှိသည်ဟု ဒေါ်အေးနီကရှင်းပြသည်။

လစဥ်ဆွမ်းလောင်းပွဲမရှိသော်လည်း နေ့စဥ်ဆွမ်းပို့ (ချက်ဟင်း၊ ချက်ထမင်း ) တော့မပျက်ကြပေ။

ဒေါ်အေးနီတို့သည် မနက်တိုင်း လေးနာရီ ထကာဆွမ်းချက်သည်။ ဘုန်းကြီးကျောင်းသို့ အရုဏ်ဆွမ်းအမီ ပို့သည်။ တစ်ရွာလုံးနီးပါး နေ့စဥ် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း နှစ်ခါ ပို့ကြသည်။ ဤသို့ဆွမ်းပို့ခြင်းနှင့် ကန်တော့ခြင်းသည်ပင် ပွဲတော်ကို ဆင်နွှဲသည့်ပုံစံဖြစ်သည်။

၎င်းတို့ရွာအုပ်စုအတွင်းရှိ ရွာအချို့မှာမီးရှို့ခံထားရသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများမှာလည်း လွတ်လွတ် လပ်လပ်လုပ်ခွင့်မရ။ ထို့ကြောင့် သီးနှံအထွက်နှုန်းလျော့နည်းသည်။ မီးရှို့ခံထားရသည့် ရွာများအချင်းချင်း အကူအညီ ပေးရန်လည်း အဆင်သင့်ပြင်ထားရသည်။

၎င်းတို့ရွာအုပ်စုအတွင်းနေထိုင်လျက်ရှိသည့် ဒေသခံရွာသူ/သားများသည် စစ်ရှောင်ထွက်မပြေးဖူးသည့်သူ မရှိကြ။ အနည်းဆုံး နှစ်ရက်ခန့်တော့ ပြေးဖူးကြသည်ချည်းပင်။ နောင်တွင်လည်း ထွက်ပြေးရနိုင်သေးသည်ကို နားလည် ထားကြသည်။ ထို့ကြောင့် ပွဲလမ်းသဘင်နှင့်အလှုုကြီးများမလုပ်နိုင်ခြင်းသည် အကျိုးအကြောင်းသင့် သည်ဟု ရွာခံတိုင်း နားလည်ကြသည်။

ကိုဗစ်ရောဂါကြောင့် အလှုုပွဲများကိုပိတ်ပင်ထားရာမှ မနှစ်က စစ်ဘေးကြောင့် အလှုုပွဲများရပ်ခဲ့သော်လည်း ယခုနှစ်၌ အလှုုငယ်များပြန်လည်ကျင်းပနိုင်လာသည်။ စစ်ဘေးကြောင့် အလှုုကြီးများနှင့်ပွဲတော်ကို မဆင်နွှဲနိုင် သော်လည်း အလှုုငယ်များ လုပ်ခွင့်ရခြင်းနှင့်ပင်ဖြေသိမ့်ကြသည်။

ဒေါ်အေးနီတို့ရွာသည် ရွာအုပ်စုတစ်ခုဖြစ်ကာအနီးအနားရွာများတွင်အချက်အချာကျပြီး လူမှုရေးပွဲလည်း များပြားလှသည်။ သို့သော်ယခုကာလတွင်တော့ အလှုုငယ်များကလွဲပြီးမရှိပေ။

ပြဇာတ်သဘင်ပွဲတွေလည်းမရှိဘူး၊ ငှားလို့လည်းမရဘူး ဟုဒေါ်အေးနီကဆိုသည်။

သီတင်းကျွတ်အခါ လူငယ်များ ပုဝါလေးခြုံကာ ချိုင့်ဆွဲပြီး အရပ်ထဲရှိလူကြီးများကို လိုက်လံ ကန်တော့သည့် မြင်ကွင်းကိုတော့ မြင်နိုင်သေးသည်။ အလှုုငယ်များတွင် ဝေယျာဝစ္စလုပ်ပေးနေသည့် လူငယ်များကို ဘုန်းကြီးကျောင်း များတွင်တွေ့နိုင်သည်။

အခါရက်တွင် ဈေးသည်များလည်းမလာကြ၊ ဈေးသည်တွေလည်းအခါကျတာဖြစ်နိုင်သည်ဟု ဒေါ်အေးနီက ပြောသည်။ အခါဟူသည်ပွဲတော်ကာလကိုဆိုလိုပြီး အခါကျသည်ဆိုသည်မှာ ပွဲတော်ကာလဖြစ်သဖြင့် ဈေးသည်များလည်း နားရက်ယူသည်ကိုဆိုလိုခြင်းဖြစ်သည်။ လပြည့်ကျော် တစ်ရက်တွင်တော့ ရွာအတွင်း လှည့်လည်ရောင်းချသည့် ဈေးသည် အချို့ကို ပြန်လည်မြင်ရပါသည်။

ဒေါ်အေးနီတို့ရွာသည် ပျူမရှိသောကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြားရွာများထက်ကောင်းစွာ ပြုလုပ်နိုင် သေးသည်ဟုဆိုသည်။

ပျူမရှိလို့၊ တို့မီးရှို့မီးမရှိလို့ ဟု ဒေါ်အေးနီကသုံးသပ်သည်။

ပျူမရှိသော်လည်း ဒေါ်အေးနီတို့ရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်သည်မှာ ငါးကြိမ်ခန့်ရှိပြီဖြစ်သည်။

နောက်ဆုံးအခေါက်သည် လွန်ခဲ့သည့် နှစ်လဝန်းကျင်ခန့်ကဖြစ်သည်။ ဒေါ်အေးနီတို့ကတော့ တခြားရွာများသို့ ထွက်ပြေးရပါက ထိုနေရာတွင် ချက်ပြုတ်စားနိုင်ရန် ယူသွားရမည့် ဆန်ဆီတို့ကို ပြင်ဆင်ထားသည်။

တခြားလူဟာ စားရသည်မှာ အားနာစရာကောင်းသည်ဟု ၎င်းကဆိုသည်။ သို့သော် တကယ်ပြေးရပါက ဆန်ဆီ အစား အစာအထုပ်အပါအဝင် လေးလံသည့် မည်သည့်အရာကိုမှ မယူနိုင်ဘဲ လူချည်း ပြေးရလေ့ရှိကြောင်း ၎င်းအိမ်နီးချင်း များက ထောက်ပြကြသည်။

အညာဒေသတွင် ယမန်နှစ်ဇွန်မှ ယခုနှစ်ဩဂုတ်အထိ စစ်ကောင်စီ မီးရှို့ခံခဲ့ရသည့် အိမ်ပေါင်း ၂၀၁၅၃ ရှိသည်ဟု Data For Myanmarကထုတ်ပြန်ထားသည်။ ထိုစာရင်းအရ ဒေါ်အေးနီ နေထိုင်သည့် ပုလဲမြို့နယ်သည် နေအိမ် ပေါင်း ၂၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် ဖြစ်သည်။

ပျူစောထီများ၏အတို့အထောင်မရှိသောကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်သဖြင့် ယခုနှစ်တွင် အထွက် နည်းသော်လည်း မြေပဲ နှမ်းနှင့် စပါး သင့်သလောက်ထွက်သည်။

ထို့ကြောင့် နှမ်းနှင့်မြေပဲ ဆီကြိတ်ရန်နှင့် အရောင်းအဝယ်လုပ်ရန်လည်း ပြင်ဆင်နေကြသည်။

အသက်ငါးဆယ်ဝန်းကျင်ရှိပြီး နှမ်းစိုက်ခဲ့သည့် ဒေါ်အေးချစ်က ၎င်း၏ နှမ်းခင်းများ မရိတ်သိမ်းမီ စစ်ကောင်စီ စစ်ကြောင်း ဝင်ရင်း မီးရှို့ခံရမည်ကို စိုးရိမ်ခဲ့ရကြောင်း စစ်ဖြစ်နေသည့် ယခုနှစ်အတွင်း ၎င်းလယ်စိုက်ရသည့် အတွေ့အကြုံကို ပြော ပြသည်။

၎င်း၏နှမ်းများကို ရိတ်သိမ်းချိန်တွင် စစ်ကြောင်းဝင်သဖြင့် ထွက်ပြေးရသောကြောင့် ၎င်း၏ ရိတ်သိမ်းပြီး နှမ်းပင်များကို လယ်ကွင်းတွင်ပင် အစည်းလိုက်ထောင်၍ ထားခဲ့ရသည်ဟု ဆိုသည်။

ကံကောင်းထောက်မစွာပင် ၎င်း၏ရိတ်သိမ်းပြီး နှမ်းပင်များ မိုးရေအနည်းငယ်စိုသည်ကလွဲ၍ ဘာမှမဖြစ်ခဲ့။ ထို့ကြောင့် ယခုနှစ်တွင် ဒေါ်အေးချစ် တစ်ယောက် နှမ်းသိမ်းနိုင်ကာ ပြန်လည်း ရောင်းနိုင်သည်။ ၎င်းတို့ရွာတွင် ယခုနှစ်၌ နှမ်း အောင်မြင်စွာ စိုက်ပျိုးရိတ်သိမ်းနိုင်သောကြောင့် နှမ်းဆီပေါသည်။

စစ်ကိုင်းတိုင်းတွင် ယခုကာလ၌ နတ်ပူဇော်သည့် ပွဲများကျင်းပသည့် အချိန်လည်းဖြစ်သော်လည်း နိုင်ငံရေးနှင့် စစ်ရေး ကပ်ဆိုက်နေသည့် ယခုကာလတွင်ထိုပူဇော်ပွဲများလည်း ငြိမ်သက်နေရသည်။

စစ်ဘေးဒဏ်ကို အလူးအလဲခံနေရသောကြောင့် ရိုးရာနတ်ပူဇော်ပွဲများမပြုလုပ်နိုင်သည့်အပြင် ဗုဒ္ဓဘာသာ တရားစခန်းများပင် မဖွင့်နိုင်ကြ။ ဒေါ်အေးနီတို့ရွာတွင် တရားစခန်းများရှိပြီး ၎င်းတို့ကို ရပ်နားထားရသည်မှာ ကိုဗစ်ကာလကတည်းက ယခုတိုင်ဖြစ်ကြောင်း ဒေါ်အေးနီက ဆိုသည်။

စစ်ကိုင်းတိုင်းထဲတွင်ပါဝင်သည်ဖြစ်သောကြောင့် အခြားမြို့နယ်အများစုကဲ့သို့ပင် ဒေါ်မာရင်တို့သည်လည်း အင်တာနက် မရပေ။ မြန်မာအသံ၊ မြဝတီ နှင့် အချို့ပုဂ္ဂလိက သတင်းဌာနသတင်းများကို နားထောင်ရင်း အခြားဒေသများမှ ဖြစ်ပျက်သမျှတို့ကို စူးစမ်းကြရသည်။ ရုပ်သံလိုင်းများမှလွှင့်သည့် ဇာတ်ကားများနှင့်ပင် ကျေနပ်ကြရသည်။

၎င်းတို့ရွာတွင် မြဝတီ၊ မြန်မာ့အသံကြည့်ပါကပီဒီအက်ဗုံးလာခွဲလိမ့်မည်ဟု သတိပေးကြသည်ဟု ဒေါ်မာရင်က ရယ်ပြီးပြောသည်။

စစ်ကောင်စီဝါဒဖြန့်နေသည့် လိုင်းများကို အားမပေးစေချင်သောကြောင့် တစ်ဦးနှင့် တစ်ဦးကြား ခြောက်ပြီး ပြောသော စကားဖြစ်သည်။

ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ မရှိသော်လည်း ဒေါ်မာရင်တို့သည် တော်လှန်ရေးကာလကို တစ်ဦးအိမ် တစ်ဦး လည်ပတ်ရင်း အားပေးရင်း ရယ်မောရင်း ရင်ဆိုင်နေကြသည်။ စစ်ပွဲကိုရင်ဆိုင်နေကြသည်။

Burma Associated Press

 

လူမှုရေး
စစ်ကိုင်း

Share With
bap-logo