International
နှစ်ပေါင်း ငါးဆယ်ကျော်အကြာမှာ တကျော့ပြန် ဆွေးနွေးငြင်းခုံနေရတဲ့ ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ
လွန်ခဲ့သော ၈ ရက် က
BAP၊ မတ် ၂၄။
■ အီစတာပွဲတော် ထိုးစစ်
မတ်လ ၃၀ ရက် ၁၉၇၂ ခုနှစ်။
အီစတာဆန်းဒေးပွဲတော် မတိုင်ခင် ၂ ရက်အလို မှာ မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်ကို အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ အစပိုင်းမှာ အောင်မြင်မှုတွေ ရခဲ့ပေမယ့် အားကောင်းတဲ့ တောင်ပိုင်းရဲ့ ခုခံမှုနဲ့ အမေရိကန် လေကြောင်း အထောက်အပံ့တွေကို ရင်ဆိုင်ခဲ့ရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ Agent Orange နဲ့ Napalm လို ဓာတုလက်နက်တွေ သုံးပြီး စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့တဲ့ ဓာတုပစ္စည်း Agent Orange ဟာ ရေရှည် ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပြီး ထိခိုက်မှုတွေဟာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပါတယ်။ စစ်ပွဲအတွင်း Agent orange ဂါလံ သန်း ၂၀ ကျော်ကို လေယာဉ်တွေပေါ်က ဖြန်းပက်ခဲ့ပါတယ်။ မြောက်ဗီယက်နမ်စစ်တပ် ခိုအောင်းနေတဲ့ ထူထဲတဲ့ တောအုပ်တွေ၊ ရိက္ခာအတွက် သီးနှံတွေ ပျက်စီးစေဖို့ ရည်ရွယ်ပါတယ်။
Napalm ဆိုတာကတော့ ဗုံးတွေ၊ မီးတောက်ပစ်လွှတ်နိုင်တဲ့ flame-throwers လက်နက်တွေမှာ အသုံးပြုတဲ့ ဂျယ်လီလို လောင်စာပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို မီးစွဲသွားရင် အပူချိန် အလွန်မြင့်မားစွာ လောင်ကျွမ်းပြီး လူ့အသားမှာ ကပ်သွားပါတယ်။
အမေရိကန်စစ်တပ်ဟာ Napalm Bomb တွေကို ဗီယက်နမ်စစ်ပွဲအတွင်း နေရာအများအပြားမှာ သုံးစွဲခဲ့ပါတယ်။ ဒီဗုံးတွေဟာ မီးတံတိုင်းကြီးတွေ ဖြစ်ပေါ်စေပြီး ရန်သူ တပ်ဖွဲ့တွေ၊ စခန်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပါတယ်။
■ ဂျွန်လ ၈ ရက် ၁၉၇၂
အီစတာ ထိုးစစ်ကို တုန့်ပြန်တဲ့ အနေနဲ့ ဆိုင်ဂုံမြို့ရဲ့ အနောက်မြောက်ဘက် ၂၅ မိုင် အကွာမှာ ရှိတဲ့ Trang Bang ရွာအနီးမှာ မီးလောင်ဗုံးအတိုက်အခိုက်ခံရတဲ့အတွက် အသက် ကိုးနှစ်အရွယ် Phan Thị Kim Phúc နဲ့ အခြားကလေးတွေ ထွက်ပြေးလာတဲ့ ပုံကို AP ဓာတ်ပုံသမား Nick Ut က ရိုက်ကူးခဲ့ပါတယ်။ သူဟာ အဲဒီအချိန်က အသက် ၂၁ နှစ်ဖြစ်ပြီး အခုတော့ ၇၃ နှစ် ရှိပြီဖြစ်ပါတယ်။
Nick Ut နဲ့ The Wire သတင်းဌာနရဲ့ အင်တာဗျူးမှာတော့ ဒီလို ပြောပါတယ်။
“ဆိုင်ဂုံက AP ရုံးမှာ ကင်မရာတွေ တံဆိပ် အမျိုးအစား အစုံအလင်ရှိပါတယ်။ ကြိုက်တဲ့တစ်လုံးကောက်ကိုင်ပြီး အလုပ်ထွက်လုပ်ရုံပဲ။ အစပိုင်းမှာ ကျွန်တော့်ကို ပဋိပက္ခနယ်မြေတွေကို သွားဖို့ ခွင့်မပြုဘူး။ မြို့နေလူမှုဘဝတွေကိုပဲ အာရုံစိုက်ရပါတယ်။ နေ့စဉ်လူမှုဘဝဓာတ်ပုံတွေကို အနောက်တိုင်း စာဖတ်သူတွေက စိတ်ဝင်စားတယ်။ ကျွန်တော့်အလုပ်က မော်တော်ဆိုင်ကယ်နဲ့ မြို့ကို ပတ်ပြီး ဈေးတွေ လူတွေကို ဓာတ်ပုံရိုက်ဖို့ပဲ။”
ဒီလိုနဲ့ ဆိုင်ဂုံမြို့မှာ ဗီယက်နမ်စစ်ပွဲကို သတင်းရယူဖို့ စီမံကြီးကြပ်ရတဲ့ Faas က Nick Ut ကို မြို့ထဲက ထွက်ပြီး ဆိုင်ဂုံအနီးအနားက ရွာတွေရဲ့ နေ့စဉ်ဘဝတွေကို ဓာတ်ပုံရိုက်ခွင့် ပေးလာပါတယ်။
“ကျွန်တော့်ရဲ့ ဗင်ကားရယ် ကင်မရာ သုံးလုံးရယ် ဖလင်တွေအများကြီးသယ်ပြီး သတင်းဖြစ်စဉ်တွေ ဖြစ်နေတဲ့ ပဋိပက္ခသားရဲတွင်းကို စွန့်စားဝင်ရောက်ခဲ့ပါတယ်။”
NBC ရဲ့ အင်တာဗျူးမှာ Nick Ut က ဒီလို ပြောပါတယ်။
“ဒီဓာတ်ပုံက ကျွန်တော်ရဲ့ ဘဝ၊ မိန်းကလေးရဲ့ ဘဝနဲ့ စစ်ပွဲကို ပြောင်းလဲပစ်လိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။”
“စေတီတစ်ဆူပေါ် တည့်တည့် ဗုံးလေးလုံး ကျလာတာ ကျွန်တော် မြင်လိုက်တယ်။ ပေါက်ကွဲမှုဖြစ်တယ်။ နှစ်မိနစ်အကြာမှာ နောက်ထပ် လေယာဉ်တစ်စီး ဖြစ်တဲ့ A1 skyraider နိမ့်နိမ့်လေး ပျံလာပြီး ဗုံးလေးလုံးကို ဖြည်းဖြည်းချင်း ချသွားတယ်။ 'Napalm ငါ သိတယ်။’ လို့ ပြောလိုက်တယ်။ ဓာတ်ပုံတစ်ပုံ ရိုက်တယ်။ လူနှစ်ယောက်က ကလေးငယ်လေး နှစ်ယောက်ရဲ့ ရုပ်အလောင်းကို သယ်ပြီး ပြေးလာတယ်။ နောက်ထပ် လူတွေလည်း သူတို့ရဲ့ သေဆုံးသွားတဲ့ ကလေးတွေကို သယ်လာကြတယ်။ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ယောက်၊ သူက Kim Phúc ရဲ့ အဘွားဖြစ်သူပါ။ သူက 'ကယ်ကြပါဦး၊ ကယ်ကြပါ’ လို့ အော်ခေါ်နေတယ်။ သူက ယောက်ျားလေးတစ်ယောက်ကို ချီထားတယ်။ အဲဒီကောင်လေးက ကျွန်တော် ဓာတ်ပုံရိုက်ပြီးတာနဲ့ ဆုံးသွားတယ်။
ကျွန်တော် ကင်မရာ ချောင်းကြည့်ပေါက်ထဲမှာ မိန်းကလေးတစ်ယောက် မီးခိုးမဲတွေထဲကနေ ပြေးထွက်လာတာ တွေ့ရတယ်။
‘သူဘာလို့ အဝတ်အစားတွေ မပါတာလဲ’ လို့ ကျွန်တော် ပြောမိတယ်။
ကျွန်တော် ပြေးပြီး သူ့ကို ဓာတ်ပုံတွေ အများကြီး ရိုက်လိုက်တယ်။ သူ့လက်တွေ ကျောတွေ ကိုယ်ခန္ဓာတွေမှာ ဆိုးဆိုးရွားရွား မီးလောင်ထားတယ်။ မိနစ်ပိုင်းအတွင်း သူသေမှာပဲလို့ ကျွန်တော် သိတယ်။
ကျွန်တော် 'ဒီမှာ ဘာလို့ တစ်ယောက်မှ မရှိတာလဲ’ လို့ ပြောရင်း 'နည်းနည်းတော့ ငိုမိတယ်။
သူသေတော့မယ်ဆိုတာ သိတယ်။ ဒါနဲ့ ဆေးရုံကို ခေါ်သွားလိုက်တယ်။
ကျွန်တော် Napalm ဗုံးကျတာတွေ အများကြီး သတင်းယူဖူးတယ်။ ဒါပေမယ့် ဒီလို ပုံမျိုး တစ်ခါမှ မတွေ့ဖူးဘူး။”
အမေရိကန်နိုင်ငံမှာတော့ သမ္မတ ရစ်ချတ် နစ်ဆန်က AP ဓာတ်ပုံကို အတုလို့ ဆိုခဲ့ပါတယ်။ NBC သတင်းဌာနရဲ့ ဗီဒီယိုအပြည့်အစုံကြောင့်သာ အစစ်အမှန်ဖြစ်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
■ကျင့်ဝတ်နဲ့ အကျိုးသက်ရောက်မှု အားပြိုင်ခြင်း
“Napalm Girl” လို့ လူသိများတဲ့ ဓာတ်ပုံကို တကယ်တော့ တရားဝင်အမည်ပေးထားတာက “The Terror of War” ဖြစ်ပါတယ်။
ဒီဓာတ်ပုံကို AP က တဆင့် နိုင်ငံတကာ မီဒီယာတွေ အများအပြားမှာ အချိန်တိုအတွင်း တင်ပြဖြန့်ချိခဲ့ကြပါတယ်။ ဒီဓာတ်ပုံက အရပ်သားတွေပေါ် စစ်ရဲ့ ထိခိုက်သက်ရောက်မှုကို ကွက်ကွက်ကွင်းကွင်း အတိုင်းသား ဖော်ပြပေးနိုင်တဲ့အတွက် ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သတ်လို့ လူထုရဲ့ ထင်မြင်ယူဆမှုကို အများကြီး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကမ္ဘာအနှံ့ စစ်ဆန့်ကျင့်ရေး ရပ်တည်ချက်တွေကိုလည်း မြင့်လာစေခဲ့တယ်။
ကလေးသူငယ်တစ်ယောက်ရဲ့ ဝတ်လစ်စလစ် အရှေ့ပိုင်းပုံကိုဖော်ပြတာဟာ ကျင့်ဝတ်နဲ့ မညီတဲ့အတွက် ဒီဓာတ်ပုံကို ဖြန့်ချိခြင်း မပြုခင်မှာ သတင်းခန်းထဲမှာ စိုးရိမ်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပုံက စစ်ပွဲနဲ့ ဆက်စပ်ပြီး သတင်းဇာတ်လမ်းကို အားကောင်းကောင်းနဲ့ ပြောပြနိုင်တဲ့အတွက် အယ်ဒီတာတွေက ကျင့်ဝတ်နဲ့ သူတို့ရဲ့ မူဝါဒတွေကို ကျော်လွန်ပြီး ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ AP ရဲ့ အမှုဆောင် သတင်းဓာတ်ပုံ အယ်ဒီတာ Hsl Buell က ဒီပုံက စစ်ပွဲရဲ့ ကြမ်းကြုတ်ရက်စက်မှုကို လေးလေးနက်နက် ဖော်ပြနိုင်တဲ့အတွက် ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြန်ပြောင်း ပြောပြပါတယ်။
Terror of war သို့မဟုတ် Napalm Girl ဓာတ်ပုံနဲ့ ရိုက်ကူးသူ Nick Ut ဟာ ၁၉၇၃ ခုနှစ် ပူလစ်ဇာသတင်းဓာတ်ပုံဆု၊ ၁၉၇၂ ခုနှစ်အတွက် World Press Photo of the Year၊ National Press Photographers Association (NPPA) ဆု၊ ၁၉၇၂ ခုနှစ် George Polk Memorial ဆု၊ ၂၀၂၂ ခုနှစ် Leica ဂုဏ်ထူးဆောင်ဆုတွေအပြင် ပြတိုက်အများအပြားနဲ့ NESCO တို့ရဲ့ ပြပွဲတွေ၊ အသိအမှတ်ပြုမှုတွေ ရရှိခဲ့ပါတယ်။

▪︎ပုံ ၂ – Sundance ရုပ်ရှင်ပွဲတော်မှNguyen Thành Nghe (Maya Dehlin Spach/Getty Images)
■တကျော့ပြန် အငြင်းပွားမှု
▪︎စွပ်စွဲချက်ရဲ့ အစ
ဇန်နဝါရီလ ၂၅ ရက် ၂၀၂၅ ခုနှစ်ရဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ The Stringer မှတ်တမ်းရုပ်ရှင်ရဲ့ ဖော်ပြချက်အရ အဲဒီအချိန်က NBC သတင်းဌာနရဲ့ ယာဉ်မောင်း ဗီယက်နမ်လူမျိုး Nguyen Thành Nghe က AP ကို အလွတ်တန်း ဒါမှမဟုတ် အချိန်ပိုင်း အငှားဓာတ်ပုံသမားအနေနဲ့ ဒီဓာတ်ပုံကိုရောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစွပ်စွဲချက်ကို AP ဓာတ်ပုံအယ်ဒီတာဟောင်း Carl Robinson က အစပြုခဲ့တာပါ။ ဆိုင်ဂုံမှာရှိတဲ့ AP ရုံးခွဲအကြီးအကဲ Horst Faas က ဒီဓာတ်ပုံရိုက်ကူးသူအမည်ကို “Nick Ut လို့ ပြောင်းလိုက်" လို့ ခိုင်းစေခဲ့တယ်လို့ Carl Robinson က ပြောတဲ့အကြောင်း The Guardian မှာ ဖော်ပြထားပါတယ်။
နာမည်လွဲမှား ဖော်ပြခြင်းအပေါ် အပြစ်ရှိတဲ့ ခံစားချက်က နှစ်ပေါင်းမျာစွာ ခြောက်လှန့်နေခဲ့တယ်လို့ မှတ်တမ်းရုပ်ရှင်ထဲမှာ Carl Robinson က ပြောပါတယ်။ အသက် ၈၀ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အသိအမှတ်ပြု မခံခဲ့ရတဲ့ "အချိန်ပိုင်း အငှားဝန်ထမ်း” ကို မဖြစ်မနေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ဒီဖြစ်စဉ် ပေါ်ထွက်မလာမချင်း ကျွန်တော် မသေချင်ဘူး။ ကျွန်တော် သူ့ကို ရှာပြီး ဝမ်းနည်းကြောင်း ပြောချင်တယ်။” လို့ ရုပ်ရှင်အပြီး အမေးအဖြေအစီအစဉ်မှာ သူက ပြောပါတယ်။ ထင်ရှားတဲ့ သတင်းဓာတ်ပုံသမား Gary Knight ကို ၂၀၁၀ ခုနှစ်မှာ သူက ပထမဆုံး ဆက်သွယ်ပြီး ဒီအကြောင်း ပြောပြခဲ့ပါတယ်။ VII ဓာတ်ပုံအေဂျင်စီကို ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ Gary Knight ဟာ ဆယ်စုနှစ်တစ်ခုအကြာမှာ ဒီအရေးဆိုချက်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
နောက်ဆုံးတော့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ Nguyen Thành Nghe ကို တွေ့ရှိခဲ့ပါတယ်။ Nguyen Thành Nghe က ရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ဒီလို ပြောပါတယ်။
“ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားလုပ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီလူက အကုန်ယူသွားတယ်။”
ရုပ်ရှင်ထဲမှာ Nguyen Thành Nghe က ဓာတ်ပုံရိုက်ကူးသူဖြစ်တယ်၊ Faas ကို ဒေါ်လာ ၂၀ နဲ့ ရောင်းခဲ့တယ်ဆိုတာကို သက်သေခံပေးတဲ့ မျက်မြင်သက်သေတွေကို ဖော်ပြခဲ့ပါတယ်။ Nguyen Thành Nghe ရဲ့ ညီအကို တော်စပ်သူက သူကိုယ်တိုင် AP ကို ဖလင်တွေ ပို့ပေးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ Nguyen Thành Nghe ရဲ့ သမီးဖြစ်သူ Jannie၊ Robinson ရဲ့ လုပ်ဖော်ကိုင်ဖက် ဓာတ်ပုံသတင်းထောက်ဟောင်းတွေ အတော်များများက သက်သေခံပေးကြပါတယ်။
ဝန်ထမ်းဓာတ်ပုံသတင်းထောက်တွေကတော့ ဓာတ်ပုံမှာ နာမည်ဖော်ပြခံရလေ့ရှိပေမယ့် အချိန်ပိုင်း ဓာတ်ပုံသမားတွေကတော့ နာမည်တပ်ဖော်ပြခံရလေ့ မရှိပါဘူး။ ဒါကြောင့် ဝန်ထမ်းတစ်ယောက်ရဲ့ နာမည်ကို နေရာပေး ဖော်ပြပြီး အချိန်ပိုင်းလုပ်ကိုင်သူတွေကို နာမည်ပေးဖော်ပြခြင်း မပြုဘဲ ခွဲခြားတာလားဆိုတာ မေးစရာ ဖြစ်လာရပါတယ်။
၂၀၁၂ ခုနှစ် အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ Hort Faas က နာမည်ပြောင်းခိုင်းခဲ့တာဟာ ဓာတ်ပုံရိုက်ကူးခဲ့တဲ့နေ့က မြေပြင်မှာ AP ဓာတ်ပုံသမားအနေနဲ့ Nick Ut တစ်ယောက်တည်းရှိလို့လား။
ဒါမှမဟုတ် ၁၉၆၅ ခုနှစ်မှာ Nick Ut ရဲ့ အကို Huynh Thanh My ကို Hort Faas က တိုက်ပွဲသတင်းသွားခိုင်းယူခဲ့ရာက သေဆုံးသွားခဲ့တဲ့အတွက် အပြစ်ရှိတဲ့ ခံစားချက်ကြောင့်လားဆိုတာကို မှတ်တမ်းရုပ်ရှင်ထဲမှာ မေးခွန်းထုတ်ထားပါတယ်။
ရုပ်ရှင်ရိုက်ကူးသူတွေရဲ့ အဆိုအရ Nick Ut ကို မှတ်ချက်ပေးဖို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့ ဆိုပါတယ်။
The Stringer မှတ်တမ်းရုပ်ရှင်ရဲ့ Executive Producer နဲ့ စစ်ပွဲဓာတ်ပုံသတင်းထောက် Gary Knight နဲ့ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်သူတွေကတော့ ဒီဖြစ်စဉ်မှာ လူမျိုးရေးတွေလည်း ပါနိုင်တယ်လို့ ဆိုပါတယ်။ "[AP] က အနောက်နိုင်ငံသား ဓာတ်ပုံသမားသာဆိုရင် ဒီလို လုပ်မယ် မထင်ဘူး။” လို့ Knight က ရုပ်ရှင်ထဲမှာ ဆိုပါတယ်။
Nick Ut ကို ထောက်ခံသူ ပူလစ်ဇာ စကာတင် အမျိုးသမီး ဓာတ်ပုံသတင်းထောက် Yunghi Kim ကတော့ The Stringer မှတ်တမ်းရုပ်ရှင်ရဲ့ ဒါရိုက်တာ Bao Nguyen ဟာ လူချစ်လူခင်များတဲ့ အာရှဓာတ်ပုံသမားတစ်ယောက်ကို လူဖြူထုတ်လုပ်သူများ (သွေးထိုးလှုံ့ဆော်သူများ)က အသရေပျက်အောင် ကြိုးပမ်းရာမှာ အဓိက ပဲ့ကိုင်တစ်ဦးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
တစ်ဘက်မှာလည်း AP ဓာတ်ပုံအယ်ဒီတာဟောင်း Carl Robinson ဟာ ဒီအကြောင်းတွေကို နှစ်ပေါင်းများစွာ ကြာမှ ဘာကြောင့် ဖော်ထုတ်လာရသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ သူဟာ ၁၉၇၈ ခုနှစ်က AP က အလုပ်ထုတ်ခံရသူတစ်ဦးဖြစ်ပါတယ်။
Robinson ကိုယ်တိုင်လည်း အလုပ်ထုတ်ခံရတာ မှန်ကန်ကြောင်း၊ အပြိုင်အဆိုင် အတိုက်အခိုက်များတဲ့ လုပ်ငန်းသဘာဝအရဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
Robinson အလုပ်ထုတ်ခံရတာကို မှတ်တမ်းရုပ်ရှင်ထဲမှာ ဖော်ပြထားခြင်း မရှိတာ ဘာကြောင့်လဲလို့ Vanity Fair မဂ္ဂဇင်း က မေးခွန်းထုတ်ထားပါတယ်။
■World Press Photo
၁၉၇၃ ခုနှစ်အတွက် World Press Photo of the Year ဆုကို ချီးမြှင့်ခဲ့တဲ့ World Press Photo အဖွဲ့အစည်းကလည်း အငြင်းပွားမှုကို သုံးသပ်ဖြေရှင်းခဲ့ပါတယ်။ ဒီအဖွဲ့အစည်းအရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Joumana El Zein Khoury က အခြေအနေ ရှုပ်ထွေးမှုကို အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
တိကျမှုနဲ့ မူလဖန်တီးပိုင်ဆိုင်မှုဟာ အရေးကြီးတယ်လို့လည်း မှတ်ချက်ပြုပါတယ်။ စစ်တွင်းကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က အဖြစ်အပျက်တွေကို စစ်ဆေးအတည်ပြုရတဲ့ စိန်ခေါ်မှုတွေကိုလည်း အဖွဲ့က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဒေသခံဓာတ်ပုံဆရာတွေနဲ့ မီဒီယာအဖွဲ့အစည်းကြီးတွေရဲ့ လုပ်ပိုင်ခွင့် အားပြိုင်မှုတွေ အပါအဝင် ကျယ်ပြန့်တဲ့ နောက်ခံအကြောင်းအရာတွေကို နားလည်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
■ AP
ဒီစွပ်စွဲချက်ကို တုန့်ပြန်တဲ့အနေနဲ့ AP သတင်းဌာနက ခြောက်လကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ AP က သူတို့ရဲ့ သိမ်းဆည်းထားတဲ့ ဖိုင်ဟောင်းတွေ၊ အများကြည့်ရှုနိုင်တဲ့ မှတ်တမ်းတွေကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။
ဓာတ်ပုံရိုက်ကူးတဲ့နေ့က Trang Bang နဲ့ AP ရဲ့ ဆိုင်ဂုံရုံးမှာ ရှိခဲ့တဲ့ မျက်မြင်သက်သေ ခုနှစ်ဦးကိုလည်း မေးမြန်းစုံစမ်းခဲ့ပါတယ်။ "ယုံကြည်လောက်သော သက်သေအထောက်အထားသစ်များ မတွေ့ရသည့်အတွက် Ut သည် ဓာတ်ပုံရိုက်ကူးသူဖြစ်ပြီး အခြားတစ်စုံတစ်ဦး ရိုက်ကူးခြင်းဟု ယုံကြည်ယူဆ၍ မရပါ။” လို့ AP က ထုတ်ပြန်ခဲ့ပါတယ်။
Sundance ပွဲတော်မှာ AP ကိုယ်စားလှယ်တစ်ဦးက မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုခဲ့ပြီးတဲ့အခါ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေက အချက်အလက်၊ အထောက်အထားပစ္စည်းတွေကို မျှဝေကြည့်ရှုခွင့် မပေးခဲ့ဘူးလို့ AP က ထုတ်ပြန်ခဲ့ပါတယ်။
Trảng Bàng ရွာလမ်းနဲ့ ဆိုင်ဂုံဌာနက လူခုနှစ်ယောက်ကို AP က မေးမြန်းရာမှာ အချို့က မှတ်တမ်းရုပ်ရှင်အဖွဲ့က သူတို့ကို လာရောက်ချဉ်းကပ်ခြင်း မရှိဘူးလို့ ပြောကြပြီး အချို့ကတော့ လျှို့ဝှက်ချက်တွေ ပြင်ပကို မပေါက်ကြားရေး စာချုပ်ချုပ်ရမယ်ဆိုတဲ့အတွက် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတစ်ယောက်ကတော့ သူပြောတဲ့ ဖြစ်စဉ်ကို မှတ်တမ်းရုပ်ရှင်အဖွဲ့က အငြင်းအခုန်လုပ်ခဲ့ပြီး ထပ်လည်း မဆက်သွယ်တော့ဘူးလို့ ဆိုပါတယ်။
“၎င်းဓာတ်ပုံနှင့် ပတ်သတ်၍ မည်သည့် သက်သေအထောက်အထားနှင့် အချက်အလက်သစ်များကိုမဆို လေ့လာသုံးသပ်သွားမည်။ ယင်းကဲ့သို့ လေ့လာသုံးသပ်ရန်အတွက် ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများက ကန့်သတ်ထားသော ရုပ်ရှင်တွင် ပါဝင်သူများအတွက် လျှို့ဝှက်ချက် အပြင်သို့ မပေါက်ကြားရေး သဘောတူညီချက်ကို ဖြေလျှော့ပေးရမည်။” လို့ AP က ထုတ်ပြန်ပါတယ်။
NBC သတင်းဌာနအနေနဲ့ ဓာတ်ပုံရိုက်ကူးသူ အငြင်းပွားမှုကို တရားဝင် ထုတ်ပြန်ဖြေရှင်းတာ မတွေ့ရသေးပါဘူး။
စစ်နဲ့ အကြမ်းဖက်မှုခံရသူတွေကို ကူညီပေးခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ Phan Thị Kim Phúc ကို Dresden ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပါတယ်။ ဒီဆုရဲ့ ၂၀၁၂ ခုနှစ် ဆုရှင် ထင်ရှားတဲ့ ဝါရင့် ဓာတ်ပုံသတင်းထောက် James Nachtwey က ဒီလို ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။
“ဒီဓာတ်ပုံသာ မရှိခဲ့ရင် Kim Phúc ရဲ့ ပြင်းထန်တဲ့ ကိုယ်စိတ်ဆင်းရဲမှုတွေဟာ တခြားသော လူမသိသူမသိ ဒုက္ခခံစားခဲ့ရတဲ့ ဗီယက်နမ်လူမျိုးတွေလိုပဲ ရောနှောပျောက်ကွယ်သွားမှာပါ။ ဗီယက်နမ်လူငယ် ဓာတ်ပုံဆရာ Nick Ut ရဲ့ ဓာတ်ပုံရိုက်ကူးလိုက်တဲ့ အခိုက်အတန့်မှာတော့ အရာရာ ခြားနားပြောင်းလဲမှုတွေ ဖြစ်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တရားမျှတမှုမရှိတဲ့ စစ်ပွဲကို တရားသောစစ်ပွဲပုံစံ ဖန်တီးထားတဲ့ နိုင်ငံရေး လှည့်ကွက်အားလုံးထက် ကိုးနှစ်သမီးလေးတစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခခံစားရမှုတွေက ပိုပြီး အင်အားကြီးပါတယ်။ ပိုပြီး အမှန်တရားပါဝင်ပါတယ်။ သူ့ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံနဲ့ ပူပင်သောကကို လျော့နည်းသွားအောင် ဒီဓာတ်ပုံက ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကိုတော့ သိသာထင်ရှားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်။ စစ်အတွင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ အများကြီးထဲကမှ တခြားဓာတ်ပုံတွေထက် ပိုချင်တောင် ပိုနိုင်ပါတယ်။ ဒီဓာတ်ပုံက စစ်ပွဲအဆုံးသတ်စေဖို့ အဓိကကျတဲ့ အများပြည်သူ သိမြင်နိုင်မှုကို အများကြီး အားဖြည့်ပေးခဲ့ပါတယ်။ ဒီဓာတ်ပုံက ဗီယက်နမ်စစ်ပွဲအတွက်သာမက စစ်ပွဲတွေ အားလုံးအပေါ်မှာ ပြစ်တင်ရှုတ်ချချက်တစ်ခုအဖြစ် ဒီနေ့ရပ်တည်နေပါတယ်။”
ကိုးကား - Time၊ The Times၊ AP၊ The Guardian၊ World Press Photo၊ Vanity Fair၊ NBC