Article
အညာမြေက လေယာဉ်သံ စိတ္တဇ
လွန်ခဲ့သော ၂ နှစ် က
ထမင်းစားနေရင်း အသံတစ်ခုကြားလိုက်တာနဲ့ မမျိုးမျိုးတစ်ယောက် အိမ်ပြင်ထွက်ပြီး ကောင်းကင် ကို မော့ကြည့် လိုက်တယ်။ ကောင်းကင်မှာ လေယာဉ်တစ်စင်း။
‘လေယာဉ်လာပြီ’ လို့ အော်ရင်း ထမင်းပန်းကန်ကို ချလို့ မမျိုးမျိုး ပြေးပါတော့တယ်။
မမျိုးမျိုးအော်သံကြောင့် အတူနေအခြား ဆွေမျိုးသား ချင်းတွေပါ ဆောက်တည်ရာမရ ဝရုန်း သုန်းကား အကုန်ထပြေး ကြတယ်။ မမျိုးမျိုးတို့ဟာ လေယာဉ်မြင်ရင်ခုလို ရုတ်ရုတ်သဲသဲ ထပြေးမိသလို ဆိုင်ကယ်သံကျယ်ကျယ်ကြား ရင်တောင် လေယာဉ်သံအမှတ်နဲ့ ပြေးမိ နေပြီဖြစ်တယ်။
‘ပြီးခဲ့တဲ့အပတ်ကဆို လေယာဉ်ကပျံသွားတာ အမြင့်ကြီး။ ကောင်းကင်မှာ အဖြူတန်းကြီး ပေါ်နေတာ။ အဲ့ဒါလည်း သူတို့ ပြေးကြတာပဲ’လို့ ရင်ပေါင်တိုင်သူ မမျိုးမျိုးရဲ့ အကိုဖြစ်သူ ကိုထွန်းကြည်က ရွာကလူတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
မမျိုးမျိုးတို့ရဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ တည်ရှိပြီး အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
ရင်ပေါင်တိုင်ရွာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နဲ့ တစ်နာရီကြာ ပစ်ခတ်မှုကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး လူ ၁၈ ဦးထက်မနည်း သေဆုံး ခဲ့ပါတယ်။
နှစ်လအကြာ အောက်တိုဘာ ၁၉ ရက်မှာလည်း ရဟတ်ယာဉ် ၆ စီးနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပြီး ဒေသခံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့လေကြောင်းက စီးနင်းမှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရတဲ့ ရင်ပေါင်တိုင်ကျေးရွာ ဒေသခံတွေနဲ့ အနီးဝန်းကျင် ရွာများက ဒေသခံတွေဟာ လေယာဉ်ဆို အသံမကြားဝံ့တဲ့အထိ ကြောက်လန့်နေကြတာဖြစ်ပါတယ်။
ဘယ်အချိန် ဘယ်ကနေ ပေါ်လာမယ်မှန်းကြိုမသိနိုင်တဲ့ ရဟတ်ယာဉ်တွေကြောင့် သူတို့ဟာ အဝတ်အစားထုပ်တွေ ကြိုထုပ်ထားကြ၊ သယ်သွားရမယ့် မရှိမဖြစ်ပစ္စည်းတွေ ကြိုတင်ထုပ်ပိုးပြီး ဆိုင်ကယ်ပေါ်တင်ထားကြနဲ့ ရှိနေခဲ့ကြပါတယ်။
‘စိတ်ဒဏ်ရာကတော့ ကလေးကနေ လူကြီးထိ တော်တာ်လေးကိုရကြတယ်။ အသံတစ်ခု ကြားရ ရင်ကို ပြေးကြ၊ လွှားကြတဲ့ ထိတွေရှိတယ်’ လို့ ရင်ပေါင်တိုင်ရွာသား ဦးဝင်းမောင်က ပြောပါတယ်။
စိတ်ပညာအရ လူတွေရဲ့ အပြုအမူကို လေ့လာတဲ့အခါ လူတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ် သင်ယူ သွားတတ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ အဖြစ်အပျက် ကြုံဖူးသူတွေဟာ လေယာဉ်သံ ကြားရုံနဲ့ရှောင်ဖို့၊ ပြေးဖို့ ဦးနှောက်က အသိပေး တာကြောင့် ခုလို ပြေးကြလွှားကြ ဖြစ်နေတာလို့ စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးက ပြောပြ ပါတယ်။
‘လေယာဉ်သံသည် ဆိုးရွားတဲ့အဖြစ်အပျက်ကိုဖြစ်စေတာ(အဖြစ်) ကြုံထားရတဲ့အခါ လေယာဉ်သံ ကြားရင် ခန္ဓာကိုယ်က အန္တရာယ်ကိုတုံ့ပြန်တဲ့ system အလုပ်လုပ်ပြီး တုံ့ပြန်တယ်။ ဒါက အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်၊ လူကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မှတ်ယူသွားတာပေါ့’ လို့ အထက်ပါ စိတ်ကျန်းမာရေးပညာရှင်က ရှင်းပြပါတယ်။
ဒေသခံတွေရဲ့စိတ်ဒဏ်ရာ
===================
အောက်တိုဘာ ၁၉ ရက်က စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ကျေးရွာကို ရဟတ်ယာဉ်နဲ့ စီးနင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရင်ပေါင်တိုင်နဲ့ ကပ်လျက်ရွာဖြစ်တဲ့ လုံးတန်းရွာက မခင်နဲ့ ယောက္ခမဖြစ်သူတို့ဟာ ရဟတ်ယာဉ်ကိုကြောက်လို့ ထွက် ပြေးရင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
‘လေယာဉ်တွေကလည်း အနိမ့်ပျံ၊ လေးစီးလောက်က တပြိုင်တည်းပျံနေတာဆိုတော့ သူတို့လည်း ကြောက်အား လန့်အားနဲ့ ပုန်းနေရာက ထွက်ပြေးရင်းဖြစ်ရတာ’ လို့ ဖြစ်စဉ်ကိုသိထားတဲ့ ရင်ပေါင်တိုင်ရွာသား ဦးဝင်းမောင်က မခင်တို့ သေဆုံး ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၁၈ လအတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀ နီးပါး ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ပြည်သူ့နေအိမ်များ ၊ ဘာသာရေး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်မှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာပြုလုပ်တဲ့ KIO အထိမ်းအမှတ်နေ့ ဂီတဖျော်ဖြေပွဲတစ်ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် အတိအကျကို စာရင်း ပြုစုထုတ်ပြန်ထားတာမျိုး မရှိပေမယ့် စစ်ကောင်စီတပ်ဟာ ယင်းမာပင် ၊ ဒီပဲယင်း ၊ ဝက်လက် ၊ ပုလဲ ၊ ကျွန်းလှ ၊ မြောင် ၊ ကန့်ဘလူ ၊ ဗန်းမောက်၊ ကသာနဲ့ ကောလင်းမြို့နယ်တွေမှာ အရပ်သားပစ်မှတ် တွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
အသက် ၅၄ နှစ် အရွယ်အထိ လေကြောင်းတိုက်ခိုက်မှုကို တစ်ကြိမ်မျှ မကြုံခဲ့ဖူးတဲ့ လက်ယက် ကုန်းရွာသူ ဒေါ်အေးသန်း ဟာ စက်တင်ဘာ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်းမှာ နှလုံးဆေးတွေ သောက်ရတဲ့အထိ ထိတ်လန့် တုန်လှုပ်မှုကိုခံစားခဲ့ရသူပါ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ် လေးစီးနဲ့ ဝင်ရောက်လာပြီး နှစ်စီးက လူချကာ ကျန်နှစ်စီးက ရွာစာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းရှိ မူလတန်းကလေးငယ် ၅ ဦး ၊ ရွာထဲက အရပ်သား ၈ ဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပြီး ကလေး ငယ် ၇ ဦးနဲ့ ဆရာ၊ ဆရာမ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
‘ဝေဟင်ကလည်းပစ်၊ အောက်ကိုလူတွေလည်း ချပစ်ဆိုတော့ ပြေးပေါက်ပြေးလမ်းကို မရှိတော့ ဘူး’လို့ ဒေါ်အေးသန်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကိုပြန်ပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ တစ်နာရီကြာ စီးနင်းပစ်ခတ်မှုအတွင်း ဒေါ်အေးသန်းနဲ့ မိသားစုဝင်တွေ၊ လက်ယက်ကုန်းရွာ သူရွာသား တွေဟာ စပါးကျီတွေအောက် ကုတင်တွေအောက်မှာ သုံးနာရီကြာ ပုန်းဝပ်နေခဲ့ရပါတယ်။
‘ခုထိ ကြောက်လိုက်တာမှ ပြောမနေနဲ့ ဆေးတွေကို သောက်ယူနေရတယ်’လို့ ဒေါ်အေးသန်းက ဆိုပါတယ်။
လူတွေအနေနဲ့ အရမ်းထိတ်လန့်စရာ ကြုံရတဲ့အခါ ကိုယ့်ရဲ့ ရပ်တည်ရှင်သန်မှုကို ထိခိုက် လာနိုင်တယ်ဆိုရင် စိုးရိမ်မှု၊ စိတ်ဖိစီးမှု လွန်ကဲသွားတဲ့အထိ ဖြစ်တတ်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးက ပြောပါတယ်။
အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေက ပိုပြီးထိခိုက် စိတ်ဒဏ်ရာရနိုင်ခြေများသလို၊ စိတ်ပိုင်းဆိုင်ရာဝေဒနာ၊ ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ဝေဒနာ၊ အရက်နဲ့ ဆေးဝါး အလွန်အကျွံသုံးစွဲမှုဝေဒနာ စတဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေ၊ ခံစားရဖူးသူတွေလည်း ပိုပြီး ထိခိုက်နိုင်ခြေ ရှိတတ်တယ်လို့ ထိုစိတ်ကျန်းမာရေးပညာရှင်က ဆိုပါတယ်။
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဖိစီးမှုဒဏ် ခံနိုင်မှုအပေါ် မူတည်ပြီးတော့လည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက် တွေက ကွာခြားတတ်တယ်လို့ ၎င်းက ဆိုပါတယ်။
‘စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတတ်တဲ့ နှလုံးတုန်ရင်ခုန်တာ၊ အသက်ရှူမဝသလိုဖြစ်တာ၊ ကိုယ်လက်ကိုက်ခဲတတ်တာ၊ နေရထိုင်ရအဆင်မပြေ ဖြစ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ အချို့တွေမှာတော့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုဒဏ်သင့်တဲ့ ဝေဒနာမျိုး ခံစားရတဲ့အထိ ဖြစ်လာ တတ်ပါတယ်’ လို့ အဆိုပါပညာရှင်က ပြောပါတယ်။
အဲ့ဒီလို ဖြစ်လာခဲ့ပြီဆိုရင်တော့ အိမ်မက်ဆိုးတွေမက်တာ၊ ကြုံခဲ့ဖူးတဲ့အကြောင်းအရာတွေက အတွေးထဲ အလိုလို ရောက် လာတာ၊ ပြန်စဉ်းစားလိုက်တိုင်း စိုးရိမ်ထိတ်လန့်မှု ၊စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာမျိုးတွေ ခံစားရနိုင်တယ်လို့ဆိုပါတယ်။
အချို့သောသူတွေမှာဆိုရင် ရေရှည်မှာ စိတ်ကျဝေဒနာခံစားရတာ၊ အခြားသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်လာတာ မျိုးလည်း ရှိတတ်ပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်လိုတဲ့သဘောနဲ့ အရက်၊ ဆေးဝါးတွေ သုံးစွဲလာတတ်တာမျိုးလည်း ရှိတတ်တယ်လို့ အထက်ပါ စိတ်ကျန်းမာရေးပညာရှင်က ရှင်းပြပါတယ်။
စိတ်ဒဏ်ရာကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းတွေ
====================================
စစ်ပွဲ ကြုံတွေ့ရတဲ့ နိုင်ငံတွေမှာတော့ စစ်ဘေးရှောင်တွေအတွက် လူမှုရေးဝန်ဆောင်မှု စင်တာတွေ ဖွင့်လှစ်ပြီး နေ့စဉ် စောင့်ရှောက်မှုပေးတာ၊ နှစ်သိမ့်ဆွေးနွေးတာနဲ့ တစ်ကိုယ်ရေပံ့ပိုးမှု လုပ်ဆောင် ပေးခြင်းကတစ်ဆင့် စစ်ပွဲကြောင့်ရတဲ့ စိတ်ဒဏ်ရာကို ကုသပေးပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ခံနေရတဲ့ ယူကရိန်းနိုင်ငံမှာဆိုရင် စိတ်ပညာရှင်အဖွဲ့တွေဟာ နိုင်ငံ အနှံ့အပြားကို သွားရောက်ပြီး စိတ်ဖိစီးမှု ၊ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်တဲ့ နည်းစနစ်တို့အား ကလေးတွေကို သင်ကြားပေးတာမျိုးတွေ ပြုလုပ်တယ်လို့ ဩစတြီးယား အခြေစိုက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ SOS Children's Villagesက ဆိုပါတယ်။
ဒါ့အပြင် အဆိုပါအဖွဲ့ဟာ ကုသရေးစခန်းတွေဖွင့်လှစ်ပြီး ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးတာ၊ စစ်ဘေးရှောင်တွေအတွက် စိတ်ကျန်းမာရေး ဆိုင်ရာ စင်တာကွန်ယက်ကို ထူထောင်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ရောဂါကုသရေး ၊ပြန်လည် ထူထောင်ရေးနဲ့ ကုထုံးမျှဝေတာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ စစ်ပွဲကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး စနစ်ကျတဲ့ ကုသမှုတွေ လုပ်နိုင်ပေမယ့် မြန်မာနိုင်ငံက အညာဒေသခံတွေအတွက်တော့ ဒီလိုကုသမှုမျိုးတွေရဖို့ အလွန် အလှမ်းဝေးနေပါသေးတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်စီးနင်းမှုတွေကြောင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု၊ ချစ်ခင်ရသူတို့ဆုံးရှုံးမှု၊ နေရပ်စွန့်ခွာရမှုတွေရှိနေတဲ့ အညာဒေသခံတို့အတွက် စိတ်ပိုင်းဆိုင်ရာ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပြီး နီးစပ်သူတွေကလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပါတယ်။
ရုပ်ပိုင်းဆိုင်ရာအားဖြင့် ခန္ဓာကိုယ်ကြွက်သားတောင့်တင်းမှုကို ဖြေလျော့တဲ့ လေ့ကျင့်ခန်းတွေ ၊အသက်ရှုလေ့ကျင့်ခန်း တွေကို မကြာမကြာ လုပ်ပေးနေသင့်တယ်လို့ သူက အကြုံပြုပါတယ်။
‘ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်လောက်အထိဆက်ပြီး တိုက်ခိုက်ခံရနိုင်တယ်ဆိုတာ မသိဘူးလေ။ ထိတ်လန့်တဲ့ဟာက များများလာပြီဆိုတဲ့အခါ စုသွားလိမ့်မယ်။ ဒါကို မစုသွားအောင်လို့ တတ်နိုင်သမျှ ဖြေလျော့နိုင်ဖို့လိုတယ်’လို့ ပညာရှင်က ရှင်းပြပါတယ်။
အညာဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပါအဝင် နည်းမျိုးစုံနဲ့ တိုက်ခိုက် ခံနေရမှုတွေကြောင့် ကိုယ်ရော စိတ်ပါ ထိခိုက်နာကျင်မှု၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ထိခိုက် နာကျင်မှု ရှိနိုင်ပြီး ရေရှည်မှာတော့ စိတ် ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေး အထောက်အပံ့ပေးတဲ့ ဝန်ဆောင်မှုတွေ ၊ ကူညီပေးတဲ့လူတွေ အများကြီးလိုလိမ့်မယ်လို့လည်း အဆိုပါ ပညာရှင်က သုံးသပ်ပါတယ်။
‘လက်ရှိမှာ လုံခြုံတဲ့နေရာရောက်ရင် ရောက်သလို စိတ်ကိုပြန်တည်နိုင်အောင်လို့ အကူအညီတွေ ပေးရမယ်။ အကူအညီ ပေးတဲ့အခါ အခြေခံလိုအပ်ချက်တွေပေါ့။ ရာသီဥတုနဲ့ သင့်တော်တဲ့ အဝတ်အစားရှိဖို့၊ စားစရာ၊ နေစရာနေရာ ရှိဖို့၊ အခြေခံလိုအပ်ချက်တွေရှိဖို့ လိုတယ်။ အခြေခံ လိုအပ်ချက်ရထားပြီဆိုရင် ဒီလိုအခြေအနေကနေ ပိုပြီးမဆိုးသွားအောင် ဘာတွေကာကွယ်ထားလဲ ဆိုတာ ပြောပြဖို့လိုလိမ့်မယ်’ လို့သူက ပြောပါတယ်။
ဒါ့အပြင်ရပ်ရွာက လူတွေနဲ့ တူတူရှိနေခြင်းက အားဖြစ်တယ်ဆိုတာမျိုး အချင်းချင်းပြန်ပြီး အားပေးနှစ်သိမ့်ကာ အကူအညီ ယူနိုင်တယ်လို့လည်း သူက ထပ်မံအကြံပြုပါတယ်။
‘စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အားပေးစကားပြောတဲ့ အခါမှာလည်း သာမန်ပြောနေတဲ့ အားပေးစကားမျိုး မဟုတ်ဘဲနဲ့ ထိရောက်တဲ့ နှစ်သိမ့်မှုဖြစ်ဖို့၊ သူတို့ဆုံးရှုံးတာ၊ နာကျင်ရတာကို အသိအမှတ်ပြုပြီး နားထောင်ပေးဖို့ ၊ သူတို့အတွက်က ခွေးကလေးတစ်ကောင်၊ ဝက်ကလေး တစ်ကောင် ထားခဲ့ရတာလည်း ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်နိုင်တယ်၊သူတို့နဲ့ ထပ်တူနားလည်ပေးဖို့ လိုအပ်တယ်’ လို့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိထားရမယ့် အခြေခံသဘောတွေကို ပညာရှင် က ရှင်းပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းမှုခံခဲ့ရတဲ့ ရင်ပေါင်တိုင် ဒေသခံတွေကတော့ လေယာဉ် သာမက စစ်တပ်ကကျန်ခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေ မြင်တာတောင် ထွက်ပြေးကြတဲ့အထိ စိတ်ဒဏ်ရာရနေကြတယ်လို့ ရွာသားတစ်ဦးဖြစ်တဲ့ ဦးဝင်းမောင်က ပြောပါတယ်။
‘တကယ်ကို စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော တော်တော်ကို အထိနာနေ ကြတာပါ’လို့ သူက ဒေသခံတွေရဲ့ အခြေအနေကို ပြောပါတယ်။
မုံရွာမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာနမခ)နဲ့ နီးတဲ့ ရင်ပေါင်တိုင် ရွာဘက်ကို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ အကြိမ်ပေါင်းများစွာ ဖြတ်သန်း သွားလာနေပေမယ့် ရွာသူရွာသားတွေရဲ့ ရဟတ်ယာဉ်ကြောက်စိတ်ကတော့ ခုထိမပြယ်နိုင်သေး ဘူးလို့ မမျိုးမျိုးရဲ့ အကိုဖြစ်သူ ကိုထွန်းကြည်ကလည်း ဆိုပါတယ်။
‘လေယာဉ်တစ်စီးလာတိုင်း ပြေးလွှားနေကြတာခုထိပါပဲ’
စစ်ကိုင်း
နိုင်ငံရေး
တိုက်ပွဲ
Related Articles
Top News
Articles
Share With