bap-logo
International

ဘာ့ခ်မွတ်မြို့မှ ဆုတ်ခွာရပါက ရုရှားရှေ့တန်း ပြိုလဲသွားနိုင်ဟု ကြေးစားတပ်ဖွဲ့ခေါင်းဆောင် သတိပေး

sktU6PWp2fBmYxIKARLx7-image

လွန်ခဲ့သော ၂ နှစ် က

မော်စကို - မတ် ၆


 
တစ်နှစ်ကျော်လာပြီဖြစ်သည့် ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းအရှေ့ပိုင်း ဘာ့ခ်မွတ်မြို့ကို ဝိုင်းရံ၍ သိမ်းပိုက်ရန်ကြိုးပမ်းနေသည့် ဝက်ဂ်နာကြေးစားတပ်ဖွဲ့ဝင်များမှာ ခဲယမ်းမီးကျောက် ပြတ် တောက်နေပြီး ဆုတ်ခွာရပါက ရုရှားရှေ့တန်းတစ်ခုလုံး  ပြိုလဲသွားမည်ဖြစ်ကြောင်း ရုရှားကြေးစား အဖွဲ့တည်ထောင်သူက ပူတင်အစိုးရ ကို သတိပေးလိုက်သည်။


 
"ဝက်ဂ်နာက အခုနေ ဘာ့ခ်မွတ်မြို့က ဆုတ်ခွာလိုက်ရင် ရှေ့တန်းတစ်ခုလုံး ပြိုဆင်းသွားလိမ့်မယ်။ အဲဒီလိုဖြစ်လာ ရင်တော့ ရုရှားအကျိုးစီးပွားကို ကာကွယ်နေတဲ့ တပ်ဖွဲ့တွေအားလုံးအတွက် အခြေအနေဟာ သိပ်ချိုမြိန်မယ် မထင်ဘူး" ဟု ဝက်ဂ်နာခေါင်းဆောင် ယက်ဗ်ဂီနီ ပရီဂိုဇင်က သတင်းပတ်အကုန်ထုတ်ပြန်သည့် ဗွီဒီယိုတစ်ခုတွင် ပြောဆိုခဲ့သည်။


 
အဆိုပါဗွီဒီယိုက ရိုက်ကူးထားသည့် အချိန်နှင့်နေရာကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ကြေးစား Wagner Group အဖွဲ့၊ ပရီဂိုဇင်နှင့်ဆက်စပ်သတင်း လွှင့်တင်သည့် တယ်လီဂရမ်ချန်နယ်တစ်ခုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


 
ပရီဂိုဇင်က ၎င်း၏တပ်ဖွဲ့များအနေဖြင့် ရုရှားတပ်ဖွဲ့များ အဘက်ဘက်မှ ညှပ်တိုက်နေသည့် ဘာ့ခ်မွတ်မြို့ကို ဝိုင်းရံထားသလောက်ဖြစ်ကြောင်း သောကြာနေ့က ပြောဆိုခဲ့သည်။ သို့သော်လည်း မော်စကိုအစိုးရက ဝက်ဂ်နာတပ်ဖွဲ့များအတွက် ပို့ပေးမည်ဟု ဖေဖော်ဝါရီကတည်းက ကတိပေးထား သည့် ခဲယမ်းများ လက်ရှိ အချိန်ထိ ရောက်မလာသေးကြောင်း တနင်္ဂနွေနေ့က ညည်းတွားခဲ့သည်။


 
"ဘာကြောင့် ခဲယမ်းတွေ ဆက်မပို့တာလဲ၊ ဗျူရိုကရေစီလုပ်ငန်းအဆင့်ဆင့်ကြောင့် နှောင့်နှေးနေ တာလား ဒါမှမဟုတ် ကျွန်တော်တို့ပဲ သစ္စာဖောက်ခံရတာလား ဒီအကြောင်းအရင်းကို ကျွန်တော်တို့ စုံစမ်းနေပါတယ်။" ဟု ဝက်ဂ်နာခေါင်းဆောင်က ပုံမှန်တယ်လီဂရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


 
ဝက်ဂ်နာကြေးစားအဖွဲ့ခေါင်းဆောင်သည် ရုရှားကာကွယ်ရေးအကြီးအကဲများနှင့် ထိပ်တန်းဗိုလ်ချုပ် များကို မကြာခဏဆိုသလို ဝေဖန်လေ့ရှိသည်။ ပြီးခဲ့သည့်လကလည်း သူ၏တပ်ဖွဲ့များထံ ခဲယမ်း ထောက်ပံ့ရန် ခွင့်မပြုခဲ့ သည့် ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုအီဂူနှင့် အခြားထိပ်ပိုင်းဗိုလ်ချုပ်များအား သစ္စာဖောက်ဟု စွပ်စွဲခဲ့သေးသည်။


 
ထို့အပြင် ဝက်ဂ်နာတပ်ဖွဲ့ဝင်များမှာ ရုရှားစစ်ရှုံးခဲ့ပါက ခုတုံးလုပ်ခံရမည်ကိုလည်း စိုးရိမ်နေကြ ကြောင်း ပရီဂိုဇင်က Wagner Orchestra တယ်လီဂရမ်ချန်နယ်တွင် ထုတ်ပြန်သည့် ဗွီဒီယိုတွင် ပြောဆိုထားသည်။


 
Source – Reuters /ပုံ - ဝက်ဂ်နာခေါင်းဆောင် ယက်ဗ်ဂီနီ ပရီဂိုဇင်။

Burma Associated Press

ရုရှား
ယူကရိန်း
ကျူးကျော်

Share With
bap-logo