bap-logo
International

နိုင်ငံစုံဝါဒ အလုပ်မဖြစ်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီပြော

r7UdS_xy4sbeMXBhzryxs-image

လွန်ခဲ့သော ၂ နှစ် က

နယူးဒေလီ - မတ် ၂

 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေး ကျရှုံးသွားပြီဖြစ်ပြီ နိုင်ငံစုံဝါဒ အကျပ်ဆိုက် နေကြောင်း ရုရှား-ယူကရိန်းစစ်ပွဲအကြောင်းအရာ လွှမ်းမိုးထားသည့် G20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဝေဖန်ပြောကြားလိုက်သည်။

 

နိုင်ငံစုံအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာ့အရေးကြီးဆုံး စိန်ခေါ်မှုများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက နိုင်ငံခြားရေးဝန်ကြီးပထမအစည်း အဝေးမစတင်မီ ကြိုတင်ရိုက်ကူးထားသည့် ဗွီဒီယိုမိန့် ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။

 

"ဒီနေ့ နိုင်ငံစုံဝါဒ အကျပ်ဆိုက်နေပြီဆိုတဲ့အချက်ကို ကျွန်တော်တို့အားလုံး ဝန်ခံရပါလိမ့်မယ်။ ကုန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း ကျွန်တော်တို့ ကြုံခဲ့ကြရတဲ့ ဘဏ္ဍာရေးအကျပ်အတည်း၊ ရာသီဥတု ပြောင်းလဲမှု၊ ကပ်ရောဂါ၊ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကိုကြည့်ရင် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေး ပျက်ယွင်းနေပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်" ဟု မိုဒီကို ဆို သည်။

 

"နှစ်အတော်ကြာ တိုးတက်နေပြီးခါမှ ဒီနေ့ ကျွန်တော်တို့ရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ နောက်ပြန်ဆုတ်တော့မယ့် အဖြစ်နဲ့ရင်ဆိုင်နေရပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများဟာ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံဖို့ကြိုးစားရင်း အကြွေးနွံနစ်နေကြရတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အများဆုံးထိခိုက်ရတာ လည်း ဒီနိုင်ငံတွေပါပဲ။ ဒါ့ကြောင့် G20 ဥက္ကဌအနေနဲ့ ကမ္ဘာ့တောင်ခြမ်းက နိုင်ငံတွေကို သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့ ကြိုးစားပြီးပါပြီ။"

 

ထို့အပြင် သဘောထားကွဲလွဲနေသည့်ပြဿနာများအတွက် ဘုံသဘောတူညီမှုတစ်ခု ရှာဖွေရန်လည်း အိန္ဒိယ ဝန်ကြီးချုပ်က ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

 

"ကမ္ဘာကြီး စိတ်ဝမ်းကွဲနေချိန်မှာ ကျွန်တော်တို့ အခုလို တွေ့ဆုံနေကြတယ်။ ဒီအစည်းဝေးခန်းမထဲမှာ ရှိမနေသူ တွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ အတူတူမဖြေရှင်းနိုင်တဲ့ ပြဿနာဟာ ကျွန်တော်တို့ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် ခလုတ်ကန်သင်း မဖြစ်စေသင့်ဘူး"ဟု မိုဒီက ဆိုသည်။

 

"ထိခိုက်ခံစားရသူတွေရဲ့ အသံကို နားမထောင်ဘဲ ဘယ်အစုအဖွဲ့ကမှ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးကို လုပ်ဆောင်နေပါတယ်လို့ ပြောလို့မရဘူး။ ကျွန်တော်တို့ကို စည်းလုံးစေတဲ့အရာတွေကို အာရုံထား ရမယ်၊ စိတ်ဝမ်းကွဲစေမယ့်ကိစ္စတွေကို အာရုံစိုက်နေလို့မဖြစ်ဘူး" ဟုလည်း အိန္ဒိယဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ပြော ဆိုခဲ့သည်။

 

အိန္ဒိယနိုင်ငံ Rashtrapati Bhavan ယဉ်ကျေးမှုစင်တာတွင် ကျင်းပလျှက်ရှိသည့် G20 နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးသို့ ကိုယ်စားလှယ်အဖွဲ့ ၄၀ ခန့် တက်ရောက်လျှက်ရှိသည်။

 

G20 အဖွဲ့ဝင်နိုင်ငံများအပြင် ဧည့်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ မောရစ်သျှ၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ အိုမန်၊ စင်ကာပူ၊ စပိန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ နိုင်ငံခြားရေး ဝန်ကြီးများလည်း တက်ရောက်လျှက်ရှိကြောင်း သိရသည်။

 

အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများနှင့်အုပ်စုနှင့် ရုရှား-တရုတ်တို့ကြား ကြီးမားလာနေသည့် သဘောထား ကွဲလွဲမှုနှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေး နွေးရန်မျှော်လင့်ထားသည်။

 

Source – NDTV/Deccan Herald

ပုံစာ ။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ

 

Burma Associated Press

 

ဝန်ကြီးချုပ်
G20
Narendra Modi
အိန္ဒိယ

Share With
bap-logo