Opinion
စတုတ္ထမြန်မာနိုင်ငံတော်
လွန်ခဲ့သော တစ်နှစ် က
မြေပုံတွေပြန်မကြည့်နဲ့၊ စာအုပ်တွေမလှန်နဲ့ ဒီလို နိုင်ငံတော်ကြီးဆိုတာ ခပ်ဝေးဝေးမကြည့်နဲ့၊ အခုမြင်နေရတဲ့ သာဝတို့ ကြီးစိုးနေတဲ့ ရွှေပြည်ပဲ။
ပုဂံ၊ တောင်ငူ၊ ကုန်းဘောင် အရင့်အရင် နိုင်ငံတော်တွေဆိုတာ အာဝါဒါးတွေ။ ရှေးဟောင်းမြေက အင်္ဂတေကို ပေါက်ချွန်းနဲ့ အထုခံရတောင်နည်းသေး။
အခု သာဝ လက်ထက်နိုင်ငံတော်ကမှ တကယ့် နယူးဂျန်နရေးရှင်း စတုတ္ထမျိုးဆက် နိုင်ငံတော်စစ်စစ်။
အခြားတွေဝေဖန်နေကြတာ ဣဿာ မစ္ဆရိယကြောင့်။ မယုံရင် သတင်းစာတွေဖတ်ကြည့်ပါလား။ ဒီတိုင်းပြည်ကြီး စည်ပင်တိုးတက်နေတာမြင်ရမယ်။
ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာတွေ၊ ကိုယ်တိုင်ထုတ် စစ်လက်နက်တွေ ရှိနေတော့ စစ်ရေးဆိုတာနဲ့ အားလုံးက ဖိန့်ဖိန့်တုန်နေရပြီ။
အခြားတိုင်းတပါးတိုင်းပြည်တွေကပါ မော်မကြည့်ဝံ့လို့ သာဝတို့အတွက်ဆို အမြဲတံခါးဖွင့်ထားရတယ် မဟုတ်လား။ ဒါမှလည်း အချိန်မရွေးပြေးလာမဲ့ သာဝရဲ့ လက်ပါးစေတွေအတွက် အဆင်ပြေမှာလေ။
အခု ၃ နှစ် အတွင်းမှာဆိုရင်ပဲ အိမ်နီးချင်းတိုင်းပြည်တွေမှာ သာဝတို့ စစ်သားတွေ ချေခြထွက်မပြေးဖူးတဲ့ တိုင်းပြည်ဆိုတာ ကုန်သလောက်ဖြစ်သွားပြီ။ ချိနတောင် ခြံစည်းရိုးကာထားလို့သာပေါ့၊ မဟုတ်ရင် အခုချိန်လောက်ဆို ပြည်ကြီးရောက်လို့ PLA ကိုတောင် “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” ဆိုပြီး အပြေးသင်တန်းပေးနေလောက်ပြီ။
နိုင်ငံတကာဆက်ဆံရေးဆိုလည်းကြည့် သာဝတို့ လက်ထက်မှာ ပြည်ထောင်စုသမ္မတရှုတ်ချခံရဆုံး နိုင်ငံတော်ကြီးကို မိတ်ဆွေအနည်းငယ်နဲ့ ထူထောင်ထားနိုင်တာပဲလေ။
ဘာသာရေးဆိုလည်း လက်မနှေးဘူး ဒီတိုင်းပြည်က လူများစု ဘာသာကြီး ၄ ခုစလုံး သာဝ တပည့်တွေ မီးမရှို့ဖူးတဲ့၊ ဗုံးမကျဲဖူးတဲ့ ဘာသာရေးအဆောက်အဦဆိုတာ မရှိသလောက်ပဲဆိုတော့ ဒါမှ တန်းတူညီမျှ မဟုတ်ရင် ဘယ်အရာကများ တန်းတူဖြစ်နိုင်မလဲ။
အနုပညာဖျော်ဖြေရေးဘက်ဆိုလည်း လူတင်မက ခွေးတွေတောင် သရုပ်ဆောင်ဖြစ်ခွင့် ရှိနေပြီ မဟုတ်လား။ “ကံကောင်း” လည်း အဆဲခံရတော့ “ကံမကောင်း”ဘူးလို့ပဲ ‘ကံ’ ကို ပုံချရမှာပဲ။
သာဝက အားလုံးကို အကယ်ဒမီရချင်လို့ အာဏာလက်ကိုင်ရှိတဲ့အချိန်လေးမှာ တစ်နှစ်ကို အကယ်ဒမီ နှစ်ကြိမ်တောင်ပေးနေမှပဲ။ ကိုယ့်ဟာကို စစ်ကားမရိုက်လို့ မရတာတော့ အနုပညာမှာ လိုအပ်ချက်ရှိတယ်လို့ပဲ မှတ်လိုက်ပါ။ နောက်ဆို ရှေ့မှာပြောခဲ့တဲ့ ခေတ်သုံးခေတ်က အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဆိုတဲ့ ရုပ်တုတွေတောင် အကယ်ဒမီရတော့မှာ။ သူတို့လောက် စစ်ကားထဲပါတာရှိပါ့မလား။
ပညာရေးကတော့ ပြောနေဖို့တောင်မလို တစ်ဖက်ကမ်းကိုခတ်နေပြီ။
ဘယ်သူမှ စာကောင်းကောင်းသင်စရာမလိုတော့ဘူး။ လူမှုကွန်ရက်ပေါ်မှာ ပေါတောတော လုပ်ပြတတ်ရင် တစ်ည သိန်းသုံးလေးဆယ် ရနေပြီမဟုတ်လား။ အခုဆို ပညာရေးဘက်ကလူတွေပါ အွန်လိုင်း ဆယ်လီငပေါတွေထဲ ပါလာပြီဆိုတော့ နှစ်ထောင်းအားရစရာပဲပေါ့။
လူမှုရေးကလည်း ဘာကောင်းသလဲမမေးနဲ့ ဒီတိုင်းပြည်မှာ လူတော်တော်များများ နိုင်ငံတော်အဆင့် ဘွဲ့တွေရထားကြတယ်။ သေထားနှင့်ပြီးလူတွေတောင် သချိုင်းအထိပေးထားတဲ့ သာဝတို့ရဲ့ သိတတ်မှုတွေပေါ့။
စီးပွားရေး ပိတ်ချင်သလောက်ပိတ်၊ ရွှေ၊ ငွေ၊ ကျောက်သံ၊ ရေနံ၊ သစ်တော သံယံဇာတတွေမှ ပေါလွန်းလို့။ မြေကြီးထဲကကုန်ရင် ရေထဲက ရှာမယ်၊ ရေထဲမှာလည်းမရှိတော့ရင် မိုက်တွင်းနက်တယ်ပြောပြော ငရဲပြည်ထိဆင်းရှာမယ်။ ဘာမှမရှိတော့ရင် ဘုရားတွေတပ်တည်ပြီး လာသမျှလူ အခွန်ကောက်လို့ ခေတ်မီဖွင့်ဖြိုးတိုးတက်သော ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကို တည်ဆောက်မယ်။
ဒါကြောင့်မို့ပြောတာ အခုမြင်နေရတဲ့ သာဝခေတ် တိုင်းပြည်ကမှ စတုတ္ထမြန်မာနိုင်ငံတော်ပဲ။ ယုံချင်ယုံ မယုံချင်နေ၊ သာဝ တစ်ခုခုလုပ်ပြီဆို ဒီလောက်တံခါးပိတ်ထားတဲ့ ကုသမဂ္ဂကတောင် မကြာခဏ စိုးရိမ်ပေးနေရတယ် မဟုတ်လား။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က