bap-logo
Politics

စစ်ကိုင်းတိုင်းကို စစ်အုပ်ချုပ်ရေးသတ်မှတ်လည်း ထူးခြားမည်မဟုတ်ဟု ကာကွယ်ရေးအဖွဲ့ တချို့ဆို

sY5HYiMQR25rXGCChb_IQ-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

စစ်ကောင်စီသည် နေ့စဉ်ရက်ဆက်ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့ကို စစ်အုပ်ရေး သတ်မှတ်လည်း ထူးခြားလာမည်မဟုတ်ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ကိုခန့်က ပြောသည်။

 

စစ်ကောင်စီက လက်အောက်ငယ်သားများဖြစ်သည့်တိုင်းမှူးများကို စစ်အုပ်ချုပ်ရေးပေးလည်း မျောက်အုန်းသီး ရသလို ဖြစ်ကာ လုပ်ကိုင်နိုင်မည်မဟုတ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စိုးရိမ်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကျွန်တော်တို့က တော်လှန်ရေးအဖွဲ့တွေဖြစ်လို့ စစ်အုပ်ချုပ်ရေးမကလို့ ဘယ်လိုပဲ ကြေညာ ကြေညာ ဘာမှ ထူးလာမှာမဟုတ်ဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်မယ်။ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီရ အောင်လျှောက်လမ်းမှာပဲဟု ကိုခန့်က ပြောသည်။

 

ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တွင် ဆိုးကျိုးများအဖြစ် အပြစ်မဲ့အရပ်သားများအား ပိုမို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်သတ်ခြင်းများ ပေါ်‌ပေါက်လာနိုင်ကာ စစ်ကောင်စီတပ်သားများ အတွက် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ပိုများလာနိုင်ကြောင်း ၎င်းက ဆိုသည်။

 

လွန်ခဲ့တဲ့ နှစ်ကတည်းက စစ်အုပ်ချုပ်ရေးစတင်ခဲ့တာပဲ။ စစ်အာဏာရှင်လက်အောက်မှာ ထင်တိုင်းကြဲခံ နေရတာပဲ။ ဒီလိုသတ်မှတ်လိုက်လို့လည်း ဘာမှမထူးခြားပါဘူး။ သူတို့မြို့ကြီးတွေကိုတောင် မထိန်းချုပ်နိုင်ဘဲ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းလို ရွာတွေ၊ မြို့နယ်တွေများတဲ့နေရာကို စစ်အုပ်ချုပ်ရေး သတ်မှတ်လည်း စာရွက် ပေါ်မှာပဲ ရှိမယ်ဟု ဆားလင်းကြီးမြို့နယ်အခြေစိုက် သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

ယင်းအပြင် စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် စစ်ကြောင်းထိုးမှုများလာပါက ပြည်သူများရှောင်တိမ်း နေထိုင် ရမှု ပိုကြုံရမည်ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲများကြုံလာကာ ဒုက္ခပိုများလာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပင်လယ်ဘူး၊ တန့်ဆည်၊ ရေဦး၊ မြောင်၊ ခင်ဦး၊ ယင်းမာပင်၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး သတ်မှတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

Burma Associated Press

စစ်အုပ်ချုပ်ရေး
စစ်ကိုင်း
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo