Politics
မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာ
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
အာဏာသိမ်းစစ်ကောင်စီသည် အခြေခံဥပဒေပါပြဌာန်းချက် ခြောက်လနှစ်ကြိမ်ကိုကျော်လွန် သက်တမ်းတိုး ပြီးနောက် တိုင်းစစ်ဌာနချုပ် ငါးခုတွင်ရှိသော မြို့နယ် ၃၇ မြို့တွင် စစ်အုပ်ချုပ်ရေး( Martial Law) အာဏာကျင့် သုံးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် ၃၇ မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းက မြို့နယ် စုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။
ယင်းတို့ထဲမှ ထူးခြားချက်အနေဖြင့် ရှမ်းပြည်နှင့်ရခိုင် ပြည်နယ်ရှိမြို့များမပါဝင်ပေ။
၂၀၂၃ ခုနှစ်ထဲတွင်ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာများကို တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးများထံအာ ဏာခွဲဝေပေးခြင်းဖြင့် စစ်အုပ်ချုပ်ရေး သက်တမ်းကို ဆွဲဆန့်ထားပြီး ပိုမိုတင်းကျပ်လာခြင်းဖြစ်ကြောင်း လေ့လာသူ အချို့က ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာချုပ်၊ စစ်ကိုင်းတိုင်းရှိတိုက် ပွဲများ၊ ထိတွေ့မှုများနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီး ခံနေရသည့် အင်းတော်၊ ဗန်းမောက်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦးမြို့နယ် တို့အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်နှင့် ချင်းပြည်နယ်ထဲရှိ ခုနစ်မြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ် ပါဝင်သည်။
ထို့အပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ မြို့နယ်ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်သည်။
စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် ရေးမြို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ၊ တိုင်းမှူးက စစ်အုပ်ချုပ်ရေးကျင့်သုံးအုပ်ချုပ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့ နယ်တို့တွင် စစ်အုပ်ချုပ်ရေးကျင့်သုံးမည်ကြောင်း သိရသည်။
ကရင်နီဒေသတွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ် ဌာနချုပ် ( လွိုင်ကော်) မှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား လေ့ရှိသည့် ဒီမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးမည်ဖြစ်သည်။
အဆိုပါစစ်အုပ်ချုပ်ရေးကြေညာထားသည့် တိုင်းစစ် ဌာနချုပ်မှ တိုင်းမှူးက မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊အယူခံခြင်း၊ ပြင်ဆင်လျှောက်ထားခြင်း (ပြစ်ဒဏ်များ) အပါအဝင် လုပ်ပိုင်ခွင့်များနှင့် ပြစ်ဒဏ် များတိုးမြှင့်နိုင်ကြောင်းထုတ်ပြန်သည်။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၉ ရက် က