Politics
ယင်းမာပင်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများမီးရှို့ခံနေရဆဲ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် အကြမ်းဖက် စစ်ကောင်စီများက မီးရှို့သွားကြောင်း ယင်းမြို့နယ်ရှိလူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာရှိ တဲတိုက်များကိုမီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုသည်။
အဆိုပါကျေးရွာမှ အပြစ်မဲ့ပြည်သူ သုံးဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်မရသေးကြောင်း၊ ရွာပေါင်း ၈ ရွာခန့်ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသဖြင့် ပျက်ဆီးသွားသည့် အိမ်ထောင်စုအရေအတွက်ကို မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ထို့အပြင် ဒီပဲယင်းမြို့နယ်ရှိ မရကန်ကျေးရွာနှင့် အုန်းတပင်ရွာကို ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒုတိယ အကြိမ် မီးရှို့သွားခဲ့ခြင်းဖြစ်သည်။
မရကန်ရွာသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်ပြီး ရိတ်သိမ်းထားသောကောက်ပဲသီးနှံများကိုပါ မီးရှို့သွားကာ နေအိမ် ၇၀ ခန့် မီးလောင်ပျက်ဆီးသွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံကဆိုသည်။
ပြီးခဲ့သည့်နှစ်ရက်က ညောင်လှကျေးရွာကို မီးရှို့သွားခဲ့ပြီး အခြားကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် အုန်းတပင်ကျေးရွာတွင် တပ်စွဲထားကြောင်းသိရသည်။
Burma Associated Press