Opinion
ရယ်ရငိုရခက်သော ‘ရွှေကရင်’
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၅။
“ထုံ” ခနဲ အသံကြားလိုက်ပြီး မကြာခင်မှာပဲ “ဝုန်း” ဆိုတဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကိုကြားရပါတယ်။
မြို့စောင့်တပ်လို့သာ အမည်တပ်ရမဲ့ စစ်ကောင်စီက မြို့ထဲကနေ ကျေးရွာတွေဆီ လှမ်းပစ်တဲ့ လက်နက်ကြီး စထွက်တဲ့အသံနဲ့ ကျရောက်ပေါက်ကွဲသံ ဆိုတာကို စစ်ပွဲဧရိယာက ကရင်တွေသိကြပါတယ်။ ဒီအတွက် ဘယ် စစ်သင်တန်းမှ တက်ဖို့မလိုပါဘူး။
တစ်နေ့ကလည်း ‘ထုံ’ ‘အုံး’ ‘ထုံ’ ‘အုံး’ ဆိုပြီး လက်နက်ကြီးသံ တော်တော်လေး ကို ကျယ်ကျယ်လောင်လောင် လေးချက်တိုက် ဆက်ကြား လိုက်ပါတယ်။
အနီးအနားမှာ နေထိုင်တဲ့ ကျောင်းသူတပည့်တစ်ယောက်ကို စိတ်ပူပြီး လှမ်းမေးတဲ့အခါ-
“ရွာမှာ ဓမ္မစင်္ကြာရွတ်နေလို့ သေချာမကြားလိုက်ဘူး” ဆရာ ဆိုပြီး ဖြေပါတယ်။
သတင်းမေးတဲ့လူ နေတဲ့နေရာဟာ အသံကြားရာနဲ့ ၁၀ မိုင်လောက်ဝေးပြီး သူတို့ ဓမ္မစင်္ကြာရွတ်နေတဲ့နေရာက လက်နက်ကြီး မကြာခဏ ကျလေ့ရှိတဲ့ ကျေးရွာတစ်ခုပါ။
သီတင်းကျွတ်ကာလဖြစ်တဲ့ အခုရက်ပိုင်းမှာလည်း လက်နက်ကြီးက အချိန်မှန် ဆက်တိုက်ကို ကျနေတာပါ။ ဒါတောင် လက်နက်ကြီးသံကို ဖုံးလောက်တဲ့အထိ ဓမ္မစင်္ကြာရွတ်နိုင်တယ်ဆိုတော့ “ရွှေကရင်”တွေ အတွက် သာဓုပဲ ခေါ်ရတော့မ လိုပါပဲ။
ဘယ်ကဘယ်လို စခဲ့မှန်းမသိတဲ့ “ရွှေကရင် နှစ်ခါမမိုက်ဘူး” ဆိုတဲ့ စကားကနေ ‘ရွှေကရင်’ဆိုတဲ့ အသုံးကို ယူသုံးလိုက်တာပါ။
ရွှေကရင်တွေဟာ ကရင်ပြည်နယ်တင်မက ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူး စတဲ့ နေရာအနှံ့အပြားမှာ နေထိုင်ကြပါတယ်။
အခု ကြုံနေတဲ့ ရွှေကရင်တွေကတော့ လက်နက်ကြီးသံ တအုံးအုံး၊ လေယာဉ် ဗုံးသံ တဝုန်းဝုန်းဖြစ်တဲ့ နေရာကပါ။ တိုက်ပွဲဖြစ်နေလည်း စပါးစိုက်မပျက် နွားကျောင်းမပျက် ဒုံးကမပျက်တဲ့ ရွှေကရင်တွေအကြောင်းပေါ့။
ဒီဘက်က ရွှေကရင်တွေထဲမှာ စစ်တပ်က နှိပ်စက်တာကို မခံဘူးတဲ့ လူ၊ ရွာဆို တာ မရှိသလောက်ပါပဲ။ အနည်းဆုံး တော့ “ပရော်ဟဲလီး” (ဗမာစစ်တပ် လာပြီ) ဆိုရင် ရှိတဲ့အလုပ် အကုန်ပစ်ချပြီး ပြေးဖူးကြတဲ့ လူတွေချည်းပါပဲ။ ဒီထက် ဆိုးတာတွေလည်း ကြုံဖူးကြသူ ‘ဒုနဲ့ဒေး’ ပါပဲ။
ဒီလောက် အလူးအလဲ ခံထားရလို့ ရွှေကရင်တွေရဲ့ အသည်းဟာ မာသွားပြီလို့ မတွေးကြပါနဲ့ဦး။
ပူပူနွေးနွေးဆိုရရင် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်မတိုင်မီတရက်က ဘုန်းကြီး ကျောင်းတစ်ခုမှာ ကထိန်ပွဲ အတွက် ညအချိန် ပြင်ဆင်ကြသတဲ့။
ရွာနီးချုပ်စပ်အကုန်လာတဲ့ ပွဲကြီးတစ်ခုပေါ့။ စစ်ဘေးကြောင့် ကိုဗစ်ကြောင့် ပွဲငတ်နေတဲ့ ‘ရွှေကရင်’ တွေ အတွက်တော့ ရေငတ်တုန်း ရေတွင်းကျတာဆို ပိုမှန်ပါလိမ့်မယ်။
လူ ငါးရာ တစ်ထောင်နီးပါး စုနေအချိန် ကောင်းကင်မှာ မီးရောင် တလက်လက်နဲ့ မြင််လိုက်တော့ “ဒုန်း” “ဒုန်း” ဆိုပြီး ပြေးလိုက်ကြ ပုန်းလိုက်ကြတာ ဘယ်ပြောကောင်းမလဲပေါ့။ ဒီ “ဒုန်း” ကတော့ Drone ကို ဒီဘက်က လူအချို့ခေါ်တဲ့ လေသံအတိုင်း သုံးထားတာပါ။
အဲဒီလို ဝရုန်းသုန်းကား ဖြစ်ပြီး လူစုကွဲတဲ့အချိန်
ဒီနေရာမှာ ဒီည အပီက မယ်ဆိုပြီး မောင်းတင်လာတဲ့ ရွှေကရင်တစ်ဖွဲ့ကတော့ “ဒုန်း-Drone” ကြောင့် ကွဲသွားတဲ့ လူထု ပရိတ်သတ်ကို ပြန်မစုတော့ဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ် ‘ဒုံး’ ကို အားရအောင်ကပြီးမှ ရွာပြန်သတဲ့။
တော်သေးတယ်လို့ ပြောရမှာက ကောင်းကင်က မီးရောင်တလက်လက်ဟာ ‘ဒုန်း’ မဟုတ်ဘဲ သီတင်းကျွတ်မှာ လွှတ်တဲ့ မီးပုံးတစ်လုံးဖြစ်နေတာပါ။
သူ့ဟာသူ ဘာဖြစ်ဖြစ် ရွှေကရင်ဟာ ကမယ်ဆိုရင် ကရမှာကို ကျေနပ်သကိုး။
မကြာသေးခင်ကလည်း ကြာအင်းဆိပ်ကြီးက (-) ရွာကို ကရင်နယ်ခြားစောင့်နဲ့ စစ်ကောင်စီက ဝင်မွှေခဲ့ပါတယ်။ အိမ်ပြန် ဝက်စာကျွေးတဲ့ ရွာသား တစ်ယောက်ဆိုရင် လက်ပြန်ကြိုးတုပ်ပြီး သတိလစ်အောင်ကို အရိုက်ခံခဲ့ ရပါသေးတယ်။
အဲဒီမှာ အိမ်တစ်အိမ်က ရွှေငါးကျပ်သားနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ ပါသွားခဲ့ပါသေးတယ်။
အခုတော့ အဲဒီ ပစ္စည်းပါသွားတဲ့ အိမ်က ‘ရွှေကရင်’ တစ်ယောက် ကရင် နယ်ခြားစောင့်က ကမကထ လုပ်တဲ့ ပြည်နယ် ဒုံး အကပြိုင်ပွဲမှာ ပျော်ပျော်ကြီး ဝင်ကနေပါသတဲ့။
“ဘယ်အစိုးရတက်တက် ‘ဒုံး’ ကရင်ရင် ပြီးရောဆိုတဲ့ ကရင်တွေ” ဆိုပြီး မိတ်ဆွေတစ်ယောက်က မှတ်ချက် ပြုပါတယ်။
၁၂၀ မမ၊ ၈၁ မမ၊ ၄၀ မမ စတဲ့ မမ တွေ ဝိုင်းနေတဲ့ ပဋိပက္ခနယ်မြေမှာတော့ သူ့ကို ‘ဒုံး မမ’ လို့သာ နာမည်ပေးရပါလိမ့်မယ်။
‘ဒုံး’ မမ ထက် ပိုသဘောကောင်းတဲ့ ရွှေကရင်လည်းရှိပါသေးတယ်။
ကရင့်တော်လှန်ရေးအဖွဲ့က စစ်ကောင်စီစခန်းကို ရေနဲ့ ရိက္ခာပြတ်အောင် ဝိုင်းပိတ်ထားချိန်မှာ ရွာထဲက ကရင် သမီးပျို တစ်ယောက်က စစ်စခန်းက သူ့ရည်းစားဆီ ထမင်းခိုးပို့နေသတဲ့။
အချစ်မှာ မျက်စိမရှိဘူးဆိုတာ ရွှေကရင်တွေကိုများ ကြည့်ပြီး ပြောခဲ့လေသလား။
ဒုက္ခတွေများလွန်းလို့ ဒုက္ခနဲ့နေသားကျလာတဲ့ ရွှေကရင်တွေထဲက ကြုံရသမျှကို ဖောက်သည်ချလိုက်တာမို့ လွန်တာရှိလည်း ဝံန္ဒာမိပါလို့။
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က