Opinion
တိုက်လေယာဉ်မှူးအတွက် မပါတဲ့ ထမင်းထုပ်
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၀။
“ပျံလေသည့်ငှက်ခါး နားခါမှ သိစိမ့်” ဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။
စကားပုံရဲ့ ဆိုလိုရင်းက ပျံနေချိန်မှာ ပစ်ရန်ခက်ခဲတဲ့ ငှက်ခါးကို နားခါမှ သိစိမ့်မည် ဆိုသလို အခွင့်မသာချိန် လက်လျော့လိုက်ရပေမဲ့ အခွင့်သာတာနဲ့ တစ်ပြိုင်နက် အကြောင်းသိသွားစိမ့်မယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာဆိုရင် ကရင်နီဒေသရဲ့ ကောင်းကင်ဟာ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေ ထက်ကို လေယာဉ်သံ ကြားရတဲ့ ဒေသပါ။
အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ ကရင်နီမှာ လေကြောင်းတိုက်ခိုက်မှု ၆၃၇ ကြိမ် ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ဆိုပါတယ်။
ဒါက လေကြောင်းတိုက်ခိုက်မှုတွေကိုပဲ ရေတွက်ထားတာဖြစ်ပြီး ကင်းထောက်လေယာဉ်ပျံသန်းတာ အခြား တိုက်လေယာဉ်တွေ ဝဲပျံတာ မပါသေးပါဘူး။
ကရင်နီက ဥမမယ်စာမမြောက်ကလေးငယ်တွေဟာ လေယာဉ်သံမဆိုထားနဲ့ Drone မြင်တာနဲ့တင် ဆောက် တည် ရာမရဖြစ်ပြီး ငိုကြွေးပြေးလွှား တတ်ကြတာကို မြေပြင်ကိုရောက်ခဲ့ဖူးတဲ့အတွေ့အကြုံအရ သိရပါတယ်။
ဒီနေ့ စစ်ကောင်စီလေယာဉ်မှူးတစ်ယောက် ရပ်ရွာမှာ အဖမ်းခံခဲ့ရတဲ့ ဖြစ်အင်က ကရင်နီဒေသခံတွေရဲ့ စိတ် ဒဏ်ရာနဲ့ စစ်တပ်ကို ပေးလိုက်တဲ့ အဖြေပါပဲ။
လွိုင်ကော်ဒေသရဲ့ စစ်ရှောင်တွေကို လမ်းမှာ ထမင်းထုပ်တွေ အစားအသောက်တွေ ကမ်းနေကြတဲ့ ပုံတွေကို ဒီရက်ပိုင်း လူမှုကွန်ရက်မှာ တွေ့ကြမှာပါ။
ရေဘေး၊ လေဘေး၊ သဘာဝဘေးတွေတင်မက လူလုပ်ဘေးဖြစ်တဲ့ စစ်ဘေးတွေလို ဘယ်လို ဘေးဒုက္ခမှာမဆို မြန်မာတွေဟာ သူတစ်ပါးကို ကူညီဖို့ ဝန်လေးကြသူတွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီလောက် ဆင်းရဲမွဲတေ နုံချာတဲ့ နိုင်ငံဟာ ကမ္ဘာမှာ အရက်ရောဆုံးဆိုတဲ့ တိုင်းပြည်ထဲမှာပါနေပါတယ်။
“ထမင်းတလုတ်တော့ ဘယ်နားစားစားရပါတယ်” ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။
တကူးတကလုပ်ယူထားတာမဟုတ်တဲ့ ဒီလို သဒ္ဒါတရားကို ပြည်သူဟာ ကျောသားရင်သား လူမျိုးဘာသာမခွဲပဲ ပြည်သူချင်း စောင့်ရှောက်ခဲ့ကြပါတယ်။ အာဏာသိမ်းဆန္ဒပြနေချိန်မှာတောင် ကိုယ့်ကိုအချိန်မရွေးရန်ရှာနိုင်တဲ့ ရဲဝန်ထမ်းတွေကို ရေနဲ့ အစားအသောက်ပေးပြီး ဒီသဒ္ဒါတရားကို ပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း ဒါကို ကောင်းကောင်းသိပါတယ်။
ဒါကြောင့်မို့လဲ ဒီအချိန်မှာ ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ စစ်သားတွေ (စစ်ကောင်စီ) ကို ပြည်သူတွေက ငွေအားဖြင့် ဘယ်လို ကူညီကြောင်း၊ အစားအသောက်တွေ ဘယ်လိုပို့ကြောင်း၊ စာတွေရေးသားပြီး ဘယ်လို ဂရုစိုက်ကြောင်းဆိုပြီး စစ်တပ်က ကောင်းကောင်းကြီး ဝါဒဖြန့်နေတာပါ။
ပြည်သူဟာ စစ်တပ်ဘက်မှာ ရှိနေသယောင်ယောင် တမင်ဖန်တီးထားတဲ့ ဖန်တရာတေ လုပ်ဇာတ်တစ်ခုပါ။'
အမှန်တရားဟာ ဝါဒဖြနု့်မှုတွေနဲ့ မလုံလောက်ပါဘူး။
အခုပဲကြည့်
ဘယ်နားရှာစား ရှာစားရနေတဲ့ ထမင်းတစ်လုတ်ကြောင့် စစ်ကောင်စီ လေယာဉ်မှူးတစ်ယောက် ဒုက္ခများ သွားခဲ့ပါပြီ။
တကယ်ဆို ကရင်နီဒေသဟာ စစ်ဘေးရှောင် ပြေးလွားရင်း ဘာမှချက်ပြုတ် မကျွေးနိုင်ရင်တောင် ဆန်ပြုတ်လေး ပြုတ်ပြီး ဧည့်ဝတ်ကျေတတ်ကြတဲ့ ချစ်စရာ တိုင်းရင်းသားတွေရဲ့ ဌာနေပါ။
တက်လာတဲ့သတင်းတွေအရ စစ်ကောင်စီလေယာဉ်မှူးဟာ ရပ်ထဲရွာထဲ ထမင်းတောင်းစားရင်း သတင်းပေး ခံရပြီးနောက် အဖမ်းခံရတယ်လို့ ဆိုပါတယ်။
ဒါက ပြည်သူတွေရဲ့ သဘောထားပါပဲ။ တနည်းအားဖြင့် လေယာဉ်သံကြား တိုင်း ပြေးပုန်းနေရုံသာ တတ်နိုင်တဲ့ ကရင်နီပြည်သူတွေရဲ့ လှပတဲ့ လက်စားချေမှုပါပဲ။
တစ်ချိန်လုံးပျံနေမှာမဟုတ်တဲ့ ငှက်ခါးတွေရဲ့ နားချိန်မှာ ပြည်သူဟာ ဘယ်လို တုန့်ပြန်သလဲဆိုတာကြည့်ရင် စစ်ဗိုလ်ချုပ်တွေရဲ့ မဟုတ်တမ်းတရမ်း ဝါဒဖြန့်မှုမှာ လိုက်ပါနေသင့်ရဲ့လားဆိုတာ စစ်ယန္တရားထဲကလူတွေ စဉ်းစားဖို့ အချိန်ကောင်းတစ်ခုပါပဲ။
ပုံစာ - ကရင်နီဒေသတစ်နေရာကို လေကြောင်းတိုက်ခိုက်နေသည့် စစ်လေယာဉ်တစ်စင်း
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က