Editorial
မြန်မာ့အရေး ထိုင်း၏ဗျူဟာ ပြောင်းလဲချိန်တန်ပြီ
လွန်ခဲ့သော ၃ နှစ် က
အယ်ဒီတာ့အာဘော် (ဘန်ကောက်ပို့စ်) - ဇန်နဝါရီ ၃
၂၀၂၃ သည် မြန်မာ့အရေးနှင့်ပတ်သက်၍ တွက်ဆရမည့်နှစ်ဖြစ်သည်။ လာမည့်နှစ် သြဂုတ်လတွင် မြန်မာ နိုင်ငံသည် မြင်းတစ်ကောင်တည်းပြိုင်ပွဲဟု လူအများယုံကြည်ထားသည့် ရွေးကောက်ပွဲတစ်ခု ကျင်းပမည်။ ယင်းရွေး ကောက်ပွဲရလဒ်သည် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံစုံအဖွဲ့ အစည်းများအတွက် ခေါင်းခဲစရာဖြစ်မည်မှာ သေချာသည်။
ရွေးကောက်ပွဲတွင် စစ်အစိုးရအနိုင်ရပါက၊ အထူးသဖြင့် အနောက်နိုင်ငံများက စကစနှင့် ၎င်း၏ မဟာမိတ်များ ကို ပိုမိုပြင်းထန်စွာ တုံ့ပြန်ကြမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၃ ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှုပ်ထွေးသောနှစ်တစ်နှစ်ဟု ရှုမြင်ပါသည်။
အကွာအဝေးအားဖြင့် ခြားနားထားသည့် အခြားသော မြန်မာနိုင်ငံအပေါ် ဝေဖန်သူအများစုနှင့် မတူသည့်အ ချက်မှာ မြန်မာ့အရေးနှင့်ပတ်သက်လာလျှင် ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း နားလည်မှုရှိ သောအိမ်နီးချင်းပမာ ကျင့်ကြံနေခဲ့သည်။
နှစ်နိုင်ငံကြား ကီလိုမီတာ ၂၄၀၀နယ်နိမိတ်ကို မျှဝေထားရာ ထိုင်းနိုင်ငံသည် နေပြည်တော်စစ်အစိုးရအား ရာဇသံများဖြင့် ဖိအားပေးနိုင်လောက်သည်ထိ အရာမရောက်သကဲ့သို့ အစိုးရဆန့်ကျင်ရေး သူပုန် အဖွဲ့များကို ထောက်ပံ့ရန်လည်း မတတ်နိုင်ပေ။
သို့သော် ထိုင်းနှင့် မြန်မာတို့သည် "အစိုးရ"ကို ကျော်လွန် ၍ ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ထိုင်းအစိုးရနှင့် ထိုင်းစစ်တပ်တို့သည် မြန်မာစစ်အစိုးရအဆက်ဆက်နှင့် လွတ်လပ်ရေးရပြီးကတည်းက တက်ကြွလှုပ်ရှားလာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။
နှစ်နိုင်ငံနယ်စပ်သည် သန်းနှင့်ချီသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူမျိုးစုတော်လှန်ရေးအုပ်စုများအ ပြင် ၎င်းတို့၏ဘဝရှင်သန်ရပ်တည်ရေးအတွက် ဆက်လက်လှုပ်ရှားလိုသော အရပ်သားများအတွက် ခိုလုံရာ နေရာတစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် နေပြည်တော်အစိုးရအနေဖြင့် မိမိလူမျိုးကို အရှိန်အဟုန်ပြင်းစွာ ဖြိုခွင်းမည်ဆိုပါက ထိုင်းနိုင်ငံက အနည်းဆုံး ကန့်ကွက်ရမည့် ကျင့်ဝတ်တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂,၂၇၃ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး အရပ်သား ၁၅,၄၀၀ ခန့်ကို စကစမှ ဖေဖော်ဝါရီ ၂၀၂၁ခုနှစ် အာ ဏာသိမ်းမှုမှ စတင်ကာ ဖမ်းဆီးခဲ့သည်။
အာဏာသိမ်းပြီးကတည်းက ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ် ဒွန်ပရာမုဒ်ဝိုင်နိုင်း (Don Pramudwinai ) နှင့် အထူးသံတမန်အဖွဲ့တစ်ဖွဲ့သည် နေ ပြည်တော်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြသည်။ ပြီးခဲ့သည့်လက ထိုင်းအစိုးရသည် ဘန်ကောက်တွင် "တံခါးဖွင့်ဆွေးနွေးညှိနှိုင်းရေး အစည်းအဝေး' တစ်ရပ် ကျင်းပခဲ့ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားအစိုးရ ကိုယ်စား လှယ်များ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးရလဒ်ကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်မည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် နားလည်မှုရှိသည့်အိမ်နီးနားချင်းသဖွယ် နှစ်နှစ်ကြာကျင့်ကြံပြီးနောက် ထိုင်း၏ချဉ်းကပ်မှုမှာ အောင်မြင်မှုတစ်စုံတစ်ရာမရရှိခဲ့ပေ။ ထို့ကြောင့် အစိုးရအနေဖြင့် အိမ်နီးချင်း၏အကျပ်အတည်းကို စနစ်တကျ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချဉ်းကပ်မှုတစ် ရပ်ကို ဖော်ထုတ်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။
ထိုင်းအစိုးရသည် နယ်စပ်ရှိ ဒုက္ခသည်များကို အတိုင်း အတာတစ်ခုအထိ အကူအညီများ ပေးခဲ့သော်လည်း ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများ၏ ပူးပေါင်းပါ ဝင်မှုဖြင့် ယခုနှစ်အတွင်း အကူအညီများ ဖြန့်ဝေမှုကို အရှိန်မြှင့် လုပ်ဆောင်ရမည်ဖြစ်သည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နေရပ်ပြန်မပို့ရေးမူဝါဒကို အစိုးရက တရားဝင်ကြေညာပြီး တခြားအာဆီယံ နိုင်ငံတွေကိုလည်း ဒီမူဝါဒကို ကျင့်သုံးဖို့ တိုက်တွန်းရမည်။ မြန်မာစစ်အစိုးရသည် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ကွပ်မျက်ခဲ့သည်။ တက်ကြွလှုပ်ရှားသူများကို နေရပ်ပြန်ပို့ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပင်ဖြစ် သည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အကျပ် အတည်းအဆုံးသတ်ရန် လူကုန်ကူးမှုကဲ့သို့သော ဆက်စပ်ပြဿနာများကို ကူညီဖြေရှင်းရန် အစည်းအဝေးများကျင်းပခြင်း၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များကို ပံ့ပိုးပေးခြင်းကဲ့သို့သော ဦးဆောင်လှုပ်ရှားမှု များ ဆောင်ရွက်၍ ကမ္ဘာသိချပြန်ချိန်တန်ပြီဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်အတွက် စေ့စပ်ညှိနှိုင်းရန် ကူညီပေးနိုင်သည်။
အထူးသဖြင့် ထိုင်းနိုင်ငံသည် အနီးကပ်နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်၊ မြန်မာနိုင်ငံတွင် အရေးပါသောရင်းနှီးမြုပ်နှံမှုများရှိသည့် PTT Group ကဲ့သို့သော ထိုင်းကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်သာမဟုတ်ဘဲ အများကောင်းကျိုးအတွက် လုပ်ဆောင်နေကြောင်း ထိုင်းပြည်သူများနှင့် ကမ္ဘာကို ပြသရန်လိုအပ်သည်။
Source – Bangkok Post
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၇ ရက် က