bap-logo
Editorial

အယ်ဒီတာ့အာဘော်

ggWz8u-SS_qDkPXGyh4qN-image

လွန်ခဲ့သော ၃ နှစ် က

နိုင်ငံတော်သမ္မတများသာ ဝတ်ဆင်ရလေ့ရှိသည့် အဝတ် အစားဖြင့် ၇၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေး နေ့ အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

 

၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ ဖွဲ့ရန် ကြိုတင် ပြင်ဆင်ကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတ ရာထူးပေးရန် မင်းအောင်လှိုင်က တောင်းဆိုညှိနှိုင်းခဲ့ ကြောင်း သတင်းများထွက်ခဲ့သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရွေးကောက်ခံရသည့် နိုင်ငံအကြီး အကဲသမ္မတများကဲ့သို့ ပြုမှု နေထိုင်ခဲ့မှုများကြောင့် သမ္မတဖြစ်ချင်သူ သမ္မတရူးအဖြစ် အများပြည်သူက မှတ်ချက်ပြု သတ်မှတ် ခဲ့သည်။ ယင်းတို့သည် မင်းအောင်လှိုင်၏ သမ္မတရူး ရူးခြင်းသတင်းများကို ပိုမိုသေချာ စေခဲ့သည်။

 

နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်သည် အတော်အား ကောင်းလာသည်။ မန္တလေးအ‌ခြေစိုက် ပြည်သူ့ ကာကွယ် ရေးတပ်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံခြင်း အပါအဝင် ပြည်သူ့ကာ ကွယ်ရေးတပ်သားများ လက်နက်အင်အားနှင့် လူ အင်အား ကောင်းမွန်လာခြင်း၊ ခိုင်မာကြံ့ခိုင်သော စိတ်ဓာတ်ရှိခြင်း၊ တော်လှန်ရေး၏ ဘေးထွက်ဆိုးကျိုးများကို ဝိုင်းဝန်း ထိန်းကြောင်းနိုင်ခြင်းနှင့် လူထု၏ တော်လှန်ရေးအပေါ် အာရုံစိုက်မှု သိသိသာသာ လျော့ကျ မသွားခြင်း တို့ သည် အားသာချက်များ ဖြစ်သည်။

 

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ပါးကွက်သား စစ်တပ်သည် မီးကုန်ယမ်းကုန် မိုက်မဲလျက် ရှိသည်။ နေအိမ်အဆောက်အအုံများကို မီးရှို့၊ လူအများအပြားကို သတ်ဖြတ်၊ လူငယ် လူရွယ် များကို နှစ်ရှည်ထောင်ချ စသည်တို့ကို ပြုမူနေသည်။

 

နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်အကိုင်ရှာဖွေနေသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာ နေရသူများကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ကြိုးစားပြန်သည်။ ယင်းကြောင့် ၎င်းအား ပြည်တွင်းပြည်ပ အဖက်ဖက်တွင် ထောက်ခံသူနည်းပါလာသည်။ ၎င်း၏ အာဏာတပ်မက်မှုကို ကျားကန်ပေးနိုင်မည့် စစ်သည်အင်အား စုဆောင်းနိုင်ခြေနည်းလာသည်။

 

နွေဦးတော်လှန်ရေးအဟုန်သည် ‌တရွေ့ရွေ့မြင့်တက်လာသည်နှင့်အမျှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ အာဏာရူးသွပ်တပ်မက်မှုသည်လည်း မြင့်တက်လာလေဖြစ်သည်။ တော်လှန်ရေး အရှိန်မြင့်လေ အာဏာ အရူးရင့်လေဆိုရမည်ဖြစ်၏။ ယင်းကြောင့် အာဏာရူးသော စစ်ခေါင်းဆောင်သည် သူနိုင်ရာများကို အစွမ်းကုန်ဖိနှိပ်၍ နိုင်ထက်စီးနင်း ပြုမည်ဖြစ်သာဖြစ်သည်။ ချောင်ပိတ်မိထားသည့် ခွေးတစ်ကောင်ပမာ မြင်မြင်ရာကို ရန်လိုကိုက် ခဲရန်ကြိုးစားမည်သာဖြစ်သည်။

 

ထို့ကြောင့် အာဏာရှင်၏ အစွမ်းကုန်ရက်စက်မည့် အခြေအနေဆိုးများကို ပြည်သူလူထုနှင့် တော်လှန်ရေးအင် အားစုများသည် ရင်ဆိုင်ကြရဦးမည်။ ယင်းအတွက် နွေဦးတော်လှန်ရေး ဘက်တော် သားများသည် မျှော်လင့်ယုံကြည်ရာ အဆုံးသတ်တိုက်ပွဲအတွက် ကျစ်ကျည်ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် ရင့်ကျတ်မတ်မတ်ရှိရန် တည်ဆောက်ကြရမည်။

 

တော်လှန်ရေး၏ နိုင်ရာဝန်ကို ဦးဆွေးဆံမြည့်ထမ်းရွက်နိုင်ရန် အဖက်ဖက်က အသင့်ဖြစ်နေရမည်။ ဦးဆောင်သူလည်း ဦးဆောင်သူပီသ၍ နောက်လိုက်သူများကလည်း နောက်လိုက်ကောင်းပီသစွာ ပြိုင်တူ ရုန်းမည်ဆိုပါက အောင်ပွဲမှာ လက်တစ်ကမ်းသာ ဖြစ်ပေသည်။

 

Burma Associated Press

 

အယ်ဒီတာ

Share With
bap-logo