Editorial
ရောက်ရမည်မလွဲသော ကြောင်းကျိုးတရား
လွန်ခဲ့သော ၃ နှစ် က
၂၀၂၃ ခုနှစ်သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရားဝင် ထုတ်ပြောထားသည်။ စစ်ကောင်စီကလည်း ရွေးကောက်ပွဲဆိုသည့် နိုင်ငံရေး ထွက်ပေါက်ကို အသုံးပြု၍ လွတ်ရာလမ်းရှာထားသည်။ စစ်အစိုးရမှ အရပ်သားအစိုးရအမည်ခံ အာဏာရှင် အရိပ်မိုးသည့် စစ်ကျွန်စနစ် သက်ဆိုးရှည်ရန် စစ်တပ်အသိုင်းအဝန်းက အားထုတ်နေသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အစစ်အမြတ်ပြတ်ရန် တနည်း အမြစ်ဖြုတ်ရန် နိုင်ငံရေးနည်းလမ်းဖြင့် တော်လှန် အံ့တုရန် မဖြစ်နိုင်တော့၍ လက်နက်ကိုင်တော်လှန်ရေးနည်းနာကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ မြွေဆိပ်ကို မြွေအဆိပ်ဖြင့် ဖြေသကဲ့သို့ သပ်ကိုသပ်ဖြင့် ထွင်ထုတ်သကဲ့သို့ လက်နက်အားကိုး ရမ်းကားနေသူများကို လက်နက်ကိုင်၍ တော်လှန်တိုက်ထုတ်လာကြခြင်း ဖြစ်သည်။
မြန်မာ့နွေဦးတော်လှန်ရေး လက်နက်ကိုင် တော်လှန်ရေးသမားတို့၏ အကြီးမားဆုံး လိုအပ်ချက်၊ တောင်းတချက် သည် လက်နက်ခဲယမ်း ဖြစ်သည်။ ယူကရိန်း-ရုရှား စစ်ရေးကိစ္စနှင့် မြန်မာ့ပြည်တွင်း စစ်ရေးကိစ္စတို့တွင် အာဏာရှင်တိုက်ထုတ်သည်ခြင်း တူညီသော်လည်း စစ်ရေးအခင်းအကျင်းတွင် ကွာဟချက်များရှိသည်။
ယင်းကြောင့် ယူကရိန်းကို နိုင်ငံတကာက စစ်ရေးအကူအညီပေးသကဲ့သို့ မြန်မာနွေဦးတော်လှန်ရေးသည် ရနိုင်မည် မဟုတ်ပါ။ ယင်းသည် နိုင်ငံတကာဆက်ဆံရေးမူဝါဒနှင့် ကမ္ဘာ့နိုင်ငံရေးအရ ကျင့်ကြံလိုက်နာရသော မူဘောင်များသာ ဖြစ်သည်။
သို့သော်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာသည် နှုတ်ဆိတ်၍ မနေကြသည်ကို ထင်သာမြင်သာ သိနိုင်ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့အရေးတွင် အများပြည်သူ့ ဆန္ဒဘက်တွင် ရပ်တည်၍ စစ်ကောင်စီကို ယနေ့တိုင်အောင် အသိအမှတ်မပြုသေးပါ။ အာဆီယံ၏ လုပ်ဆောင်မှုများအပေါ် အားမရခြင်းနှင့် နှောင့်နှေးနေခြင်းများအတွက် ဤနေရာတွင် သီးခြား စဉ်းစားရပါမည်။
ထို့အတူ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအတွက် ကိုယ်စားလှယ်ထားရှိခြင်းတွင် ဦးကျော်မိုးထွန်းကသာ ဆက်လက်ရရှိခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား ကန့်ကွက်သူမရှိ လက်ခံခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ အမေရိကန်အစိုးရကလည်း မြန်မာဒီမိုကရေစီအရေး တနည်း နွေဦးတော်လှန်ရေး အောင်နိုင်ခြင်း အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ(NADD)ကို အတည်ပြု ပေးခဲ့သည်။
ယင်းဥပဒေပါ မြန်မာနိုင်ငံဆိုင်ရာပြဌာန်းချက်က ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များကို စစ်လက်နက်ခဲယမ်း မဟုတ်သည့် အကူအညီများကို ပေးနိုင်ရန် ခွင့်ပြုထားသည်။
စစ်လက်နက်ခဲယမ်း အထောက်အပံ့ မဟုတ်သော်လည်း မြန်မာ့နွေဦး လက်နက်ကိုင် တော်လှန်ရေးအတွက် ကောင်းမွန်သော နည်းပညာဆိုင်ရာ အထောက်အပံ့များ ဖြစ်လာနိုင်မည့် အတည်ပြုချက်ဟု ဆိုရမည်ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင် နိုင်ရန် အသက်ကိုပါစွန့်၍ စိတ်ဓာတ်ခိုင်ကြည်စွာ တိုက်ပွဲဝင်နေကြသည်။
ထို့ကြောင့် တက်မထောင် အလံမလှဲဘဲ ရှေ့ဆက်ကြရန်သည် ယုံကြည်ရာဖြစ်သော နွေဦးတော်လှန်ရေး အောင်ကြောင်းဖြာစေခြင်းအတွက် အပံ့အပိုးဖြစ်စေမည့် အကြောင်းတရားပင်ဖြစ်သည်။
အကြောင်းတရားတိုင်း၌ အကျိုးတရားတို့သည် ရှိနှင့်ခဲ့ပြီး ဖြစ်ပေသည်။ ကံ၊ ဉာဏ်၊ ဝီရိယ၊ လုံ့လတို့ ဆတိုးပြုရင်း ရှေ့ဆက်မှုတွင် အောင်နိုင်ခြင်းသည် မလွဲစောင့်ကြိုနေမည်က အမှန်ပင်ဖြစ်၏။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၇ ရက် က