Politics
သံဃာတော် ၅၀၀ ကျော်သတင်းသုံးနေထိုင်တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ဗုံးကျဲခံရ
လွန်ခဲ့သော တစ်နှစ် က
သံဃာတော် ၅၀၀ ကျော်သတင်းသုံးနေထိုင်တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ဗုံးကျဲခံရ
ဆီဆိုင်၊ ဖေဖော်ဝါရီ ၄။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အပြင် လေယာဉ်နဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၅၀၀ ကျော် သတင်းသုံးနေထိုင်တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်က လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အကြီးမားဆုံး စာသင်တိုက်ဖြစ်တဲ့ ပအိုဝ်းတမျိူးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်တဲ့ ဇဝနာရာမ ပရိယတ္တိစာသင်တိုက်ညပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က အသိပေးပါတယ်။
လက်ရှိအချိန်ဆီဆိုင်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်ခံထားရပြီး မြို့တွင်းကျန်ခဲ့သူ မရှိသလောက် ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
"နေ့တိုင်း ပစ်ခတ်တယ်၊ လေယာဥ်နဲ့ဗုံးကြဲလို့မီးတွေလောင်လို့မနေရဲကြတော့ဘူး။ မြို့က သတင်းအဆက် ပြတ်နေသလိုဖြစ်သွားပြီ၊ စာသင်တိုက်ပျက်စီးသွားတာက တမြို့လုံး အသည်းခွဲလိုက်သလိုပဲ ကြောက်လို့ မနေရဲကြတော့ဘူး" လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး တောင်ကြီးမြို့နဲ့အနီးအနားမြို့တွေကိုရှောင်ပြေးနေရတာဖြစ်ပါတယ်။
လက်ရှိဆီဆိုင်မြို့ကို PNLA မဟာ မိတ်တပ်များက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက မြို့ပြန်လည်ရရှိဖို့ လေကြောင်းရော မြေပြင်ကပါ အပြင်းအထန်တိုက်ခိုက်နေတာကြောင့် မြို့တွင်းပျက်စီးဆုံးရူံးခဲ့ကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။
"စစ်တပ်ကတမြို့လုံးကိုရစရာမရှိအောင်ဖျက်ထားပြီ၊ အိမ်စောင့်သဘောမျိုးနေခဲ့သူအချို့မနေ့က မြို့တွင်းက ထွက်ခွာသွားကြပြီ၊ တမြို့လုံးအပျက်အစီးတွေနဲ့ မီးလောင်ပြင်ကြီးလိုဖြစ်နေပြီ၊ ဖုန်းလိုင်းအင်တာနက်လိုင်း မရတော့ သတင်းတွေပါမသိရတော့ဘူး၊"လို့ မြို့တွင်းကနေထွက်ခွာခဲ့တဲ့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲဖျက်စီးခဲ့တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာလည်း မဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များရှိတဲ့ နေရာလည်း မဟုတ်ဘူးလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပအိုဝ်းဒေသမှာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ပြည်သူတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပုံစာ -ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက် (ဓာတ်ပုံ - PNLA )
Burma Associated Press
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က