Crime
ဆိုက်ခေါင်မြို့မဈေးအတွင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄၀ ကျပ်သားကျော်ပါသွား
လွန်ခဲ့သော ၃ နှစ် က
ရှမ်း၊ ဇန်န၀ါရီ ၄။
ရှမ်းပြည်တောင်ပိုင်း၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ဆိုက်ခေါင်မြို့စျေးအတွင်းမှာ ရောင်းချနေတဲ့ ရွှေဆိုင်တစ်ဆိုင် ဒီနေ့မနက် ၉ နာရီကျော်အချိန်က ဓါးပြတိုက်ခံရပြီး ရွှေ ၄၀ ကျပ်သားကျော် ပါသွားတယ်လို့ စျေးအတွင်း ရောင်းချနေတဲ့စျေးသည်တွေဆီက သိရပါတယ်။
ရွှေဆိုင်ဟာ စျေးထောင့်အပေါက်အနီးမှာရှိပြီး ဓားပြတိုက်သူဟာ တစ်ယောက်ထဲသေနတ်ကိုင်ပြီး ရွှေထည်တွေကို လုယူသွားတာလို့ ကိုယ်တိုင်ကြုံသူတစ်ဦးကပြောပါတယ်။
" ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ မက်စ်တပ်ထားတဲ့လူငယ်တစ်ယောက်၊ ရှူးဖိနပ်အဖြူ စီးထားတာ မြင်လိုက်ရတယ်။ လူတွေချက်ချင်းလိုက်ပေမယ့်မမှီတော့ဘူး။ ဒီနေ့က ဆိုက်ခေါင်စျေးနေ့ ဆိုတော့ ရွှေဆိုင်အကုန်နီးပါးလာရောင်းကြတယ်။ ခုဆိုင်တွေ ပိတ်လိုက်ကြပြီ"လို့ ဖြစ်စဥ်နဲ့ ပတ်သက်တဲ့ အခြေနေကိုပြောပြပါတယ်။
ဓားပြတိုက်တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရဲတပ်ဖွဲ့၀င်တွေနဲ့ ပအို၀်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ရောက်လာကြပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
"အရင်ကလမ်းပေါ်သွားနေတဲ့ ကုန်ကားတွေကို အရှေ့လမ်းအလယ်လမ်း၊ နောက်လမ်း၊ အနောက်ဆုံးလမ်း၊ ကြားလမ်း၊ ဓားမြ သူခိုး ဆက်ကြေး တောင်းတာတွေအများကြီးဖြစ်ခဲ့တယ်။ ခုရွှေဆိုင်တွေပါဓါးပြတိုက်နေပြီ ဆိုတော့ မလုံခြုံတော့ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေတဲ့ဒီနေရာ pdf မရှိသလောက်ရှားတယ်။ ဘယ်သူတွေလုပ်နေတယ်ဆိုတာ သိသာနေပြီ"လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဆီဆိုင်မြို့နယ်မှာ ကားတစ်စီး ဓါးပြတိုက်ခံရပြီး ဖုန်းနဲ့ငွေကြေးတွေ ယူဆောင်သွားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းစီးရမိခြင်းမရှ်ိသေးပါဘူး။
ဓာတ်ပုံ - ဆိုက်ခေါင် စံပြကျေးရွာ ဒေသန္တရ ကိုယ်ပိုင်ကျေးလက်ဈေး(ပုံဟောင်း)
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၄ ရက် က