War
အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့ မြောက်ကိုးရီးယားကို စစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေဟု ရုရှားစွပ်စွဲ
လွန်ခဲ့သော တစ်နှစ် က
အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုးရီးယားကို စစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စွပ်စွဲလိုက်သည်။
အမေရိကန်က စုစည်းထားသည့် ၎င်းစစ်ဘက်ဆိုင်ရာအစုအဖွဲ့အသစ်သည် စစ်ရေးလှုပ်ရှားမှုများ၊ အကြီးစား စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်ဟု ၎င်းက စွပ်စွဲသည်။ အမေရိကန်၊ တောင်ကိုးရီးယား၊ ဂျပန်တို့က ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများမှာ ခုခံကာကွယ်ရေးအတွက်ဖြစ်ကြောင်းနှင့် ကြီးထွားလာသော မြောက်ကိုး ရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုကို ကျော်လွှားရန် လိုအပ်ကြောင်း ရှင်းလင်းဖော်ပြကြသည်။
တောင်ကိုးရီးယား၏ အပြောအဆိုတို့သည် ရုတ်တရက် “ပြုံရမ်းအပေါ် ပိုမိုရန်လိုလာသည်” ဟု Lavrov က ပြောသည်။ “ဂျပန်မှာလည်းရန်လိုတဲ့ အပြောအဆိုတွေ ကျွန်တော်တို့ ကြားရပါတယ်။” ဟုလည်း ပြောခဲ့ပြီး အမေရိကန်၏ အကူအညီဖြင့် နေတိုး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အလေးအနက် ပြောနေသည်ဟု ဆိုသည်။
စစ်ရေးဆိုင်ရာ အစုအဖွဲ့၏ ရည်မှန်းချက်သည် “DPRK နှင့် စစ်ပွဲဆင်နွှဲရန်ပြင်ဆင်နေခြင်း” ကို ရှင်းလင်းစွာ ဖော်ပြနေသည် Lavrov က ပြောသည်။ DPRK (Democratic People’s Republic of Korea) ဆိုသည်မှာ မြောက်ကိုးရီးယား၏ တရားဝင်အမည်ဖြစ်သည်။
အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရန် ပြောဆိုနေကြောင်းလည်း ရုရှားဝန်ကြီး ပြောသည်။ “သူတို့ရဲ့ အသုံးအနှုန်းက မရေမရာဖြစ်ပေမယ့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုလို တစုံတခုကို ပြောနေကြတာပါ။” ဟု ၎င်းက ပြောသည်။
အမေရိကန်လေယာဉ်တင် သင်္ဘောများပါဝင်သည့် သုံးနိုင်ငံ ရေတပ်လေ့ကျင့်မှုကို နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် မြောက်ကိုးရီးယားနှင့် ဘက်ပြိုင်ရန် ၎င်းတို့၏ အင်အား ပြသမှုအဖြစ် ပြီးခဲ့သည့်အပတ်တွင် ပြုလုပ်ခဲ့သည်။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရန်စသည့်အနေဖြင့် လက်နက်စမ်းသပ်ခြင်း၊ ဒေသတွင်း တင်းမာမှု မြင့်တက်စေရန် ခြိမ်းခြောက်မှုများ နှစ်များစွာအတွင်း အပြင်းထန်ဆုံး ပြုလုပ်နေသည်။ မဟာမိတ် သုံးနိုင်ငံမှ အကြီးတန်းသံတမန်များက ဆိုးလ်မြို့တွင် တွေ့ဆုံ၍ ပြုံယမ်းနှင့် မတိုးသာ မဆုတ်သာဖြစ်နေမှု ပိုမိုဆိုးရွားလာခြင်းကို ဆွေးနွေးရန် ရှိသည်။
DPRK က တစုံတယောက်ရဲ့ ကြိုးဆွဲရာ ကဖို့ မဟုတ်ဘဲ လွတ်လပ်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်
အခြားတစ်ဘက်တွင်မူ ရုရှား၏ မြောက်ကိုးရီးယားနှင့် ဆက်ဆံရေးသည် “ကောင်းမွန်စွာ ဆက်လက် တည်ရှိနေပြီး အသက်ဝင်တက်ကြွ ဖွံ့ဖြိုးတိုးတက်နေပါတယ်။” ဟု Lavrov က ပြောသည်။
“DPRK က တစုံတယောက်ရဲ့ ကြိုးဆွဲရာ ကဖို့ မဟုတ်ဘဲ လွတ်လပ်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။” ဟု ၎င်းက ပြောသည်။
ကင်မ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရုရှားစစ်ပွဲကို ပွင့်ပွင့်လင်းလင်း ထောက်ခံသော ကမ္ဘာ့ခေါင်းဆောင် အနည်းငယ်အနက် တစ်ဦးဖြစ်သည်။ ကင်မ်သည် အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့နှင့် နျူကလီးယား အရေး မတိုးသာမဆုတ်သာ အခြေအနေပိုမို နက်ရှိုင်းစေရန် လမ်းရှာနေပြီး သံတမန်ရေးအရ ဖယ်ကျဉ်ခြင်းကို ချိုးဖျက်ရန်နှင့် ၎င်း၏ ခြေကုပ်မြဲစေရန် ကြိုးပမ်းသည့်အနေဖြင့် ၎င်း၏ ရုရှားနှင့် ပူးပေါင်းမှုကို မြင်သာစေရန် တက်ကြွစွာ မြှင့်တင်နေခဲ့သည်။
မြောက်ကိုးရီးယား၏ “နျူကီးယားလက်နက်များနှင့် ဒုံးကျည်များကို ၎င်း၏ ကိုယ်ပိုင်အစီစဉ်ဖြင့် ဖော်ဆောင်နေစဉ် ပြင်ပကမ္ဘာကို အပြစ်ပုံချရန်အတွက် အမြဲတစေ မှားယွင်း၊ လွဲချော်သည့် ပြောဆိုချက်များ” အပေါ် ၎င်းတို့ အမြဲ အလေးအနက် ဂရုပြုစဉ်းစားခဲ့သည်ဟု Lavrov ၏ မှတ်ချက်နှင့် ပတ်သတ်၍ မေးမြန်းမှုကို တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lim Soosuk က ပြောသည်။
၎င်းက မြောက်ကိုးရီးယားသည် ဒုံးကျည်စမ်းသပ်မှုများ၊ တောင်ကိုးရီးယားနှင့် အငြင်းပွားနေသော ပင်လယ် နယ်နိမိတ်အနီး အမြောက်စမ်းသပ်ပစ်ခတ်ခြင်းများ အပါအဝင် ယခုလအတွင်း ၎င်းတို့၏ လက်နက်သရုပ်ပြမှု ပြုလုပ်၍ တင်းမာမှု ပိုမိုမြင့်တက်စေခဲ့သည်ဟု စွပ်စွဲခဲ့သည်။
“ကျွန်တော်တို့ရဲ့ အစိုးရက ကြိုတင်သတ်မှတ်ချက်မပါဘဲ မြောက်ကိုးရီးယားနဲ့ ဆွေးနွေးရေး ဆန္ဒရှိကြောင်း အမြဲလို ဖော်ပြခဲ့ပါတယ်။” ဟု Lim က ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
ရုရှားအစိုးရနှင့် မြောက်ကိုးရီးယားအစိုးရအကြား ပူးပေါင်းမှုကြောင့် လက်နက်ကိုင် ပူးပေါင်းဆောင်ရွက်မည့် အရေး နိုင်ငံတကာစိုးရိမ်မှုများ မြင့်တက်လာစေသည်။ စီးပွားရေးအထောက်အပံ့များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ ပြန်လည်ရယူနိုင်ဖွယ်ရှိသည့် မြောက်ကိုးရီးယားကို ယူကရိန်းနှင့် ကာလရှည်ကြာစွာ ဖြစ်ပွားနေသော စစ်ပွဲအတွက် ရုရှားသို့ လက်နက်များ ထောက်ပံ့နေသည်ဟု စွပ်စွဲကြသည်။
မကြာသေးမီလများအတွင်း မြောက်ကိုးရီးမှ အမြောက်ကျည်များ၊ ဒုံးကျည်များနှင့် အခြားသော စစ်ဘက်ဆိုင်ရာ ကိရိယာများ ရုရှားသို့ တင်ပို့နေသည်ဟု အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ စွပ်စွဲချက်များကို နှစ်နိုင်ငံလုံးက ငြင်းပယ်ထားသည်။
စက်တင်ဘာလအတွင်း ကင်မ်၏ ရုရှား အရှေ့ဖျားသို့ သွားရောက်စဉ် တွေ့ဆုံမှုအတွင်း ပူတင်က မြောက်ကိုးရီးယားမြို့တော် ပြုံယမ်းသို့ သင့်လျော်သည့်အချိန်တွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိကြောင်း အတည်ပြုထားသည်။ Lavrov က သွားရောက်မည့်အချိန်ကို ရုရှားအစိုးရက ဆုံးဖြတ်မည်ဟု ပြောသည်။
ပူးပေါင်းရမယ့်အစား ကွဲပြားစေတဲ့ အလားအလာတွေ ရှိနေတာ ဆိုးရွားပါတယ်။ ပြီးတော့ ဒါက ဒေသ အများကြီးကို စနစ်တကျ ဖြတ်သန်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။
ကင်မ်၏ မြောက်ကိုးရီးယားသည် တောင်ကိုးရီးယားနှင့် ငြိမ်းချမ်းစွာ ပေါင်းစည်းရေးလိုက်နာဆောင်ရွက်မည် မဟုတ်ဟူသော လတ်တလော ကြေငြာချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ရာဟု၏ ဖြစ်ပွားဆဲ အစ္စရေး-ဟားမက်စ်စစ်ပွဲနောက်ပိုင်း ပါလက်စတိုင်းနိုင်ငံ ဖြစ်လာမည်မဟုတ်ဟူသော ကြေညာချက်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။
“ပူးပေါင်းရမယ့်အစား ကွဲပြားစေတဲ့ အလားအလာတွေ ရှိနေတာ ဆိုးရွားပါတယ်။ ပြီးတော့ ဒါက ဒေသ အများကြီးကို စနစ်တကျ ဖြတ်သန်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ ဒီ အလားအလာတွေကို ဖြစ်ပေါ်စေသူတွေကတော့ သူတို့ကို သူတို့ စကြဝဠာရဲ့ အရှင်သခင်များလို့ ယုံကြည်နေသူတွေပဲ ဖြစ်ပါတယ်။” ရုရှားဝန်ကြီးက ပြောသည်။
အခြားနိုင်ငံများကို မည်သို့ နေထိုင်ရမည်ဟု ထောင်စုနှစ်တစ်ဝက်ခန့် ပြောဆိုခဲ့ပြီး “စကြာဝဠာ၏ အရှင် သခင်များ” ဟု ယုံကြည်ကြသည့် ၎င်းနိုင်ငံများသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လာပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာရေးအမှတ်အသားတို့ကို အားဖြည့်ကာကွယ်လိုသည့် နိုင်ငံအများစုကြီး၏ လွှမ်းမိုးနိုင် စွမ်းကို လျစ်လျူရှုနေကြသည်ဟု အမေရိကန်နှင့် ယခင် အနောက်ကိုလိုနီအင်အားကြီးနိုင်ငံများကို အမည် မတပ်ဘဲ ရုရှားဝန်ကြီးက ပြောသည်။
နယ်ချဲ့လက်အောက်မှ လွတ်လာသည့် နိုင်ငံများသည် “အနောက်နိုင်ငံများကို ချန်ထားခဲ့ပြီ” ဟု ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများပါဝင်သည့် BRICS စီးပွားရေးဆိုင်ရာအသင်းအဖွဲ့ကို ရည်ညွှန်းပြောဆိုခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများက အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီဂျစ်နှင့် အီသီယိုးပီးယားတို့ကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
“နယ်ချဲ့လက်အောက်က လွတ်မြောက်လာတဲ့ အင်အားစုများဟာ လက်ရှိ ကမ္ဘာရဲ့ အမှန်တကယ်ဖြစ်ပေါ်နေမှုကို ရင်ဆိုင်ရဖို့ ရှိပါတယ်။” ဟု Lavrov က ပြောသည်။
“ခင်ဗျားမှာ ဒေါ်လာရှိတာနဲ့ပဲ ခင်ဗျားကို ခင်ဗျား သိပ်သန်မာလှပြီလို့ မထင်လိုက်ပါနဲ့။” ဟု ၎င်းက ပြောသည်။
ကိုးကား - AP
ပုံစာ - ဇန်နဝါရီလ ၂၄ ရက် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂရုံးချုပ် မီဒီယာရှင်းလင်းပွဲတစ်ခုတွင် ရှင်းလင်းပြောဆိုနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Dergey Lavrov။ (Photo:AP Photo/Peter K. Afriyie)
Related Articles
Top News
လွန်ခဲ့သော ၁၈ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၅ ရက် က