bap-logo
Weather

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ပြန်လည် မြင့်တက်လာမှုက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် သတိပေးချက် ဖြစ်လာ

nQPLEHs0oRxboB6Pa9gYT-image

လွန်ခဲ့သော ၅ ရက် က

ပုံစာ - မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ထိုင်းနိုင်ငံတို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာခြင်းသည် ပိုမိုကျယ်ပြန့်သော မဲခေါင်ဒေသအတွင်း ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုများတွင် ရရှိထားသော အဓိက တိုးတက်မှုများကို အန္တရာယ်ဖြစ်စေရန် ခြိမ်းခြောက်နေသည်။ © Ye Aung Thu/AFP/Getty Images

BAP၊ ဘာသာပြန်။

 

နိုင်ငံတကာရန်ပုံငွေလျှော့ချမှုများကြောင့် ရောဂါပပျောက်ရေးလုပ်ငန်းစဉ်များ ထိခိုက်လာသဖြင့် သေစေနိုင်သောရောဂါသည် ပြန်လည်ဖြစ်ပွားလာရန် ခြိမ်းခြောက်နေသည်။

 

မြန်မာနိုင်ငံ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန် ဆိုင်ပိုင်ရှင်ဘဝမှ တော်လှန်သူအဖြစ်သို့ ကူးပြောင်းလာသူ (ဦး)မိုးကြီးသည် ဒရုန်းနှင့် တိုက်ခိုက်မှုခံရသဖြင့် နောက်ကျောတွင်ဒဏ်ရာရခြင်း အပါအဝင် အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

 

၎င်းသည် မြင်သာထင်သာမရှိသော်လည်း အသက်အန္တရာယ်ရှိသည့် နောက်ထပ် ဘေးအန္တရာယ်တစ်ခုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ၎င်းမှာ ပဋိပက္ခဒဏ်ခံနေရသည့် နိုင်ငံ၏ ခြင်ပေါက်ပွားရာ သစ်တောများအတွင်း ငှက်ဖျားရောဂါ ပြန်လည်ခေါင်းထောင်လာခြင်းဖြစ်သည်။

 

စစ်ပွဲကြောင့် ကျွန်တော်တို့ တောထဲမှာ နေရတော့ ငှက်ဖျားရောဂါ စဖြစ်လာတယ်။” ဟု ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်သို့ ကုသမှုခံယူရန် ထွက်ပြေးလာသူ (ဦး)မိုးကြီးက ပြောသည်။ “ကျွန်တော့်ကို တစ်နှစ်အတွင်း ဒုတိယအကြိမ် ထပ်ဖြစ်တာပါ။” ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ထိုင်းနိုင်ငံတို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာခြင်းသည် မဲခေါင်ဒေသ ကျယ်ပြန့်သည့် နယ်မြေများတွင် ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ၏ ကျောထောက်နောက်ခံပြု ကြိုးပမ်းမှုများ၏ ထင်ရှားသော တိုးတက်မှုကို ထိခိုက်စေရန် ခြိမ်းခြောက်နေသည်။

 

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးရန်ပုံငွေများ သိသိသာသာ ဖြတ်တောက်ခံရခြင်းနှင့် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကြောင့် ခြင်များ ပိုမိုပျံ့နှံ့လာခြင်းတို့ကြောင့် ထိုဒေသတွင်သာမက အာဖရိကဒေသ အချို့တွင်ပါ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

 

ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့ ၏ အမှုဆောင်ဒါရိုက်တာ Peter Sands က “ခိုင်မာတည်မြဲတဲ့ အားထုတ်မှုတွေရှိရင် ကျွန်တော်တို့မှာရှိတဲ့ ကိရိယာတွေဟာ ငှက်ဖျားရောဂါကို တိုက်ဖျက်အောင်မြင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုး အများဆုံးနိုင်ငံတွေမှာတော့ ဒီလိုမဟုတ်တာကို မြင်နေရပါတယ်” ဟု ပြောကြားခဲ့သည်။

 

ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု၊ လူဦးရေတိုးတက်မှုနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေ ပေါင်းစပ်လာတာကို မြင်နေရတော့ လိုအပ်တဲ့ တိုးတက်မှုမျိုး မရနိုင်တဲ့ အခြေအနေကို ဦးတည်နေပါတယ်။” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

Caption

ပုံစာ - မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသ သည် မဲခေါင်ဒေသအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော ငှက်ဖျားရောဂါ ကူးစက်မှုများ မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း သိရသည်။

 

ငှက်ဖျားရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ရောဂါတိုက်ဖျက်ရေးတွင် ထိပ်တန်းအာရုံစိုက်မှု ဖြစ်နေရခြင်းမှာ အသက်ငါးနှစ်အောက် ကလေးသူငယ်များ၏ အဓိကသေဆုံးရသည့် အကြောင်းရင်း တစ်ခု ဖြစ်သောကြောင့်ဖြစ်ပြီး ၎င်းတို့အားလုံးနီးပါးမှာ အာဖရိကတိုက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၆၀၀,၀၀၀ နီးပါး ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့ပြီး လူပေါင်း ၂၆၃ သန်း ကူးစက်ခံခဲ့ရသည်။

 

ရောဂါဖြစ်ပွားမှု အရေအတွက်သည် ၂၀၀၀ ပြည့်နှစ်ကထက် အနည်းငယ် မြင့်တက်နေသော်လည်း အသက်အန္တရာယ်ရှိသော အခြေအနေများမှ သေဆုံးမှု အရေအတွက်မှာ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့သည်။ ၎င်းသည် Gates Foundation နှင့် ၂၀၀၅ ခုနှစ်တွင် George W Bush မှ စတင်တည်ထောင်ခဲ့သော US President’s Malaria Initiative ကဲ့သို့သော အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးသက်ရောက်မှုကို ထင်ဟပ်ပြသနေသည်။

 

အလားအလာရှိသော သက်ရောက်မှုများက ရောဂါဒဏ် အဆိုးရွားဆုံး ခံစားရသော နိုင်ငံများကို ကျော်လွန်၍ ချမ်းသာသော ကမ္ဘာ့ဒေသများအထိပါ ကျယ်ပြန့်လာသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ငှက်ဖျားရောဂါဖြစ်စေသော Plasmodium ပိုး သယ်ဆောင်သည့် အနိုဖလီးစ် (Anopheles) ခြင်မျိုးစိတ်များ အပါအဝင် ခြင်များ၏ နယ်ပယ်ကို ကျယ်ပြန့်စေလျက်ရှိသည်။

 

၂၀၁၄ ခုနှစ်တွင် Global Fund သည် ဆေးယဉ်ပါးမှု ဖြစ်ပွားလာခြင်းကို စိုးရိမ်သောကြောင့် အရှေ့တောင်အာရှဒေသတွင် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်သည့် ဆေးဝါးများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခဲ့သည်။

 

တရုတ်ရိုးရာဆေးပညာတွင် ကြာရှည်စွာ အသုံးပြုခဲ့သော သစ်နံကိုင်း ခေါ် မဲတီဒုတ် (wormwood) တွင် တွေ့ရှိသည့် ဓာတုဒြပ်ပေါင်းဖြစ်သော artemisinin ကို အခြေခံသည့် ထိပ်တန်းကုသမှုကို မြန်မာနှင့် ကမ္ဘောဒီးယားရှိ လူနာများက တုံ့ပြန်မှု မရှိတော့သည်ကို တွေ့ရှိခဲ့သည်။

 

ထိုရလဒ်ကြောင့် အရှေ့တောင်အာရှရှိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ဒေသဆိုင်ရာ Artemisinin-resistance Initiative (RAI) အတွက် ဒေါ်လာ သန်း ၇၀၀ ကျော် သုံးစွဲခဲ့ပြီး မဲခေါင်ဒေသရှိ နိုင်ငံငါးနိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

 

ယင်း RAI အစီအစဉ်က ခြင်ထောင်များကို ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၃၅,၀၀၀ ကို ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းများအတွက် လေ့ကျင့်ပေးကာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် အထူးသဖြင့် တောထဲတွင် အလုပ်လုပ်ကိုင်သူများ (forest workers)၊ တိုင်းရင်းသား လူနည်းစုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ (migrants) ကဲ့သို့သော အန္တရာယ်မြင့်မားသည့် အုပ်စုများကို အဓိကထား ဆောင်ရွက်ခဲ့သည်။

 

Caption

ပုံစာ - ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုသည် စစ်အုပ်စုနှင့် နိုင်ငံ၏ နေရာအများအပြားရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြား ရှည်ကြာသော ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည်။ © STR/AFP/Getty Images

 

 

Wellcome Open Research မှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ရပ်အရ ပိုမိုကျယ်ပြန့်သော အာရှ-ပစိဖိတ်ဒေသတွင် ငှက်ဖျားရောဂါ ပပျောက်စေခြင်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၃၀ ပြည့်နှစ်ကြား ကာလအတွင်း လူပေါင်း ၄၀၀,၀၀၀ ကျော် ကို အသက်ကယ်နိုင်မည် ဖြစ်သည်။

 

Global Fund ၏ အဆိုအရ မဲခေါင်ဒေသ ငါးနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားကြောင်း အစီရင်ခံတင်ပြသည့် အရေအတွက်သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကြားတွင် တစ်ဝက်ကျော် လျော့ကျသွားခဲ့သည်။

 

မြန်မာနိုင်ငံမှလွဲ၍ မဲခေါင်ဒေသတွင် အသက်အန္တရာယ်ရှိနိုင်သော Plasmodium falciparum မျိုးစိတ် ကူးစက်မှု မှာ ၂၀၁၄ ခုနှစ်တွင် ၅၅,၆၀၀ ကျော် ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၇၃၅ မှု သာ ရှိတော့သည့်အထိ သိသိသာသာ လျော့ကျသွားခဲ့သည်။

 

သို့သော် မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနယ်စပ်ဒေသတို့မှ အခြေအနေသည် ဆန့်ကျင်ဘက် အခြေအနေသို့ တိုးတက်နေသည်။


၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုသည် စစ်အုပ်စုနှင့် နိုင်ငံ၏ နေရာအများအပြားရှိ ကာလကြာမြင့်စွာ ရပ်တည်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ရှည်ကြာသော ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည်။ မဲဆောက်မြို့မှ Global Fund ရန်ပုံငွေဖြင့် လုပ်ဆောင်သော စီမံကိန်းများကို ကူညီစီမံခန့်ခွဲနေသည့် Fran
çois Nosten က အဆိုပါ ပဋိပက္ခသည် ငှက်ဖျားရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်စီးစေသည် ဟု ပြောသည်။



၎င်းသည် အချက်အလက် စုဆောင်းမှုများ ပြတ်တောက်ခြင်း၊ ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ခက်ခဲလာခြင်းနှင့် တိုက်ခိုက်ရေးသမားများ၊ နေရာရွှေ့ပြောင်းခံရသည့် အရပ်သားများ၏ လှုပ်ရှားမှုများကြောင့် ကူးစက်နိုင်ခြေများ တိုးလာခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

 

Captionပုံစာ - ငှက်ဖျားရောဂါ ဖြစ်ပွားသူ စုစုပေါင်း အရေအတွက် မြင့်တက်နေသော်လည်း၊ ယင်းရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ လျော့ကျသွားခဲ့သည်။

 

ခန့်မှန်းခြေ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ။ (အရောင်ခြယ်ထားသော နေရာများသည် ၉၅% ယုံကြည်စိတ်ချရနိုင်သည့် အတိုင်းအတာ ခန့်မှန်းချက် (confidence intervals) ကို ကိုယ်စားပြုသည်။)

 

Mae Sot ဆေးခန်းတွင် လုပ်ကိုင်နေသူ ဆေးဘက်ဆိုင်ရာ လက်ထောက် Paw k’paw Shee က "စစ်သည်တွေက တောထဲမှာ ရှိသလို ခြင်တွေကလည်း တောထဲမှာ ရှိနေတော့ ဒါဟာ ပျော်စရာကောင်းတဲ့ အိမ်မဟုတ်ပါဘူး။ ဒါက ငှက်ဖျားရောဂါရဲ့ သံသရာပါပဲ" ဟု ပြောကြားခဲ့သည်။

 

ယုံကြည်စိတ်ချရပြီး အချိန်နှင့်တစ်ပြေးညီ စာရင်းအင်းများ ရရှိရန် ပိုမိုခက်ခဲလာသော်လည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် သိသိသာသာ မြင့်တက်လာသည်ဟု ယူဆရသည်။



The Lancet Infectious Diseases မှ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနပြုချက်အရ မြန်မာနိုင်ငံတွင် အစီရင်ခံတင်ပြခဲ့သည့် ရောဂါဖြစ်ပွားမှုမှာ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်ကြားတွင် အနည်းဆုံး သုံးဆ တိုးလာခဲ့ပြီး ထိုင်းနိုင်ငံတွင်လည်း အဆိုပါ ကာလအတွင်း ၄,၀၀၀ အောက်မှ ၁၆,၆၀၀ ကျော် အထိ တိုးလာခဲ့သည်။ မြန်မာ့ငှက်ဖျားရောဂါ ဖြစ်ပွားမှု "စိုးရိမ်ဖွယ်ရာ တိုးလာခြင်း" နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ကူးစက်ခြင်းသည် "အရေးပေါ် လုပ်ဆောင်ရန်" လိုအပ်ကြောင်း ၎င်းသုတေသနတွင် ဖော်ပြထားသည်။



နှစ်နိုင်ငံ နယ်နိမိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော သောင်ရင်းမြစ်တစ်လျှောက် ကားမောင်းကြည့်ခြင်းက မြန်မာနိုင်ငံ၏ နောက်ဆုံး စစ်အာဏာရှင်စနစ်နှင့် ၎င်းနှင့် ဆက်စပ်နေသော တရားဥပဒေမဲ့မှုများ၏ အကျိုးဆက်များကို ပေါ်လွင်စေသည်။ မြန်မာဘက်ခြမ်းတွင် နိုင်ငံတကာ အွန်လိုင်း လိမ်လည်မှုများအတွက် အခြေစိုက်စခန်းများ အဖြစ် အသုံးပြုနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ထားသော ခမ်းနားထည်ဝါသည့် အဆောက်အအုံများ ရှိသည့် နေရာဖြစ်သည်။



Mae Sot မှ Global Fund ရန်ပုံငွေဖြင့် လုပ်ဆောင်သော စီမံကိန်းများကို ကူညီစီမံခန့်ခွဲနေသည့် Nosten က “ဆေးဝါးတွေ ဒါမှမဟုတ် ဝန်ထမ်းတွေကို ဟိုဘက်ကို ပို့ချင်ရင် အခြေအနေက အရမ်း ရှုပ်ထွေးလာပါတယ်။” ဟု ပြောကြားခဲ့သည်။ “ရန်ပုံငွေ လုံးဝရပ်သွားရင် ပိုဆိုးလာနိုင်ပါတယ်။” ဟု ၎င်းက သတိပေးသည်။



ဤအခက်အခဲများသည် ချမ်းသာသော နိုင်ငံများက ပြည်ပအကူအညီများကို ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်း ကြောင့် ပိုမို ကြီးမားလာခဲ့ပြီး အမေရိကန် သမ္မတ၏ ရေရှည် ငှက်ဖျားရောဂါ စီမံချက်မှ ရန်ပုံငွေများ ဖြတ်တောက်ခြင်းလည်း ပါဝင်သည်။



ဇွန်လတွင် ထုတ်ပြန်ခဲ့သော သုတေသနပြုချက်အရ သမ္မတ ဒေါ်နယ်လ် ထရမ့်၏ အစိုးရသည် ပြီးခဲ့သည့်နှစ် ဒေါ်လာ သန်း ၈၀၀ ရှိခဲ့သော ရန်ပုံငွေကို တစ်ဝက်နီးပါး လျှော့ချရန် စီမံကိန်းများ ကြေညာခဲ့ရာ ၎င်းသည် ယခုနှစ်တွင် အာဖရိကတွင် ရောဂါဖြစ်ပွားမှု သန်းနှင့်ချီ တိုးလာနိုင်ပြီး လူသောင်းနှင့်ချီ ထပ်မံသေဆုံးနိုင်သည့် အန္တရာယ်ဖြစ်ပေါ်နေသည်။



Acasus အကြံပေးကုမ္ပဏီ၏ အဆိုအရ အလှူရှင် ရန်ပုံငွေများ ဖြတ်တောက်ခံရပြီးနောက် နိုင်ဂျီးရီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင် ငှက်ဖျားရောဂါ စစ်ဆေးမှုနှင့် ကုသမှုများ ပေးပို့ခြင်းမှာ “ပြိုလဲလုနီးပါး အခြေအနေ” နှင့် ရင်ဆိုင်နေရသည်။ WHO ၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါ သေဆုံးမှု၏ ၄၀ ရာခိုင်နှုန်း မှာ ထိုနှစ်နိုင်ငံမှ ဖြစ်သည်။



Global Fund သည် ၂၀၂၇ မှ ၂၀၂၉ ခုနှစ်အတွင်း ၎င်း၏ လုပ်ငန်းများအတွက် ဒေါ်လာ ၁၈ ဘီလီယံ ရန်ပုံငွေ ရရှိရန် ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် ယခုလအတွင်း အရေးကြီးသော ရန်ပုံငွေရှာဖွေရေး ထိပ်သီးအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်။



မဲဆောက်မှ (ဦး)မိုးကြီးသည် အသက်အန္တရာယ်ရှိသော ရောဂါများ ပေါက်ပွားရန် အခြေအနေများ ဖန်တီးပေးနေသည့် မငြိမ်မသက်မှု ကာလတစ်ခုကို ပြန်လည် ပြောပြသည်။



တောထဲမှာ ဆေးတွေက ဒီမှာ (ထိုင်းမှာ) ရတဲ့ ဆေးလောက် မကောင်းဘူး” ဟု ၎င်းက ဆိုသည်။ “ငြိမ်းချမ်းရေးမရှိရင် ငှက်ဖျားရောဂါကို ထိန်းချုပ်ဖို့ အရမ်းခက်ပါလိမ့်မယ်။”

 


ကိုးကား - Financial Times

 

Burma Associated Press 

 

မဲခေါင်ဒေသ
ငှက်ဖျား
စစ်တပ်
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်

Share With
bap-logo