bap-logo
International

တရုတ်ခြိမ်းခြောက်နေသည့်ကြားက ကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

dSQkPo07fhmMpzA-uxCaw-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၃


 
ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံကြည်းတပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယနေ့ တနင်္လာနေ့ စတင်လိုက်ပြီဖြစ်ပြီး ဖိလစ်ပိုင်၏ ‌ပြည်ပခြိမ်းခြောက်မှု ကာကွယ်နိုင်စွမ်းမြှင့်တင်ရေးကို အဓိကလုပ်‌‌ဆောင် သွားမည်ဟု သိရသည်။


ယခုစစ်ရေးလေ့ကျင့်မှုသည် ဖိလစ်ပိုင်အနေဖြင့် အမေရိကန်စစ်တပ်ကို ယခင်ထက်ပို ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ၏ ပထဝီနိုင်ငံရေးအားပြိုင်မှုကြား အခရာကျသည့် ဖိလစ်ပိုင်၏ ဆုံးဖြတ်ချက်သည် ပေကျင်းအစိုးရကို ဒေါသထွက်စေခဲ့သည်။


Salaknib ဟု အမည်ပေးထားသည့် သုံးပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်၊ အမေရိကန် တပ်ဖွဲ့ဝင် ၃,၀၀၀ ကျော် ပါဝင်လေ့ကျင့်မည်ဖြစ်ပြီး လက်နက်ငယ်အများအပြား ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း၊ အမြောက် ပစ်ခတ်ခြင်းနှင့် ဆောက်လုပ်ရေးပရောဂျက်များ ပါဝင်မည်ဖြစ်သည်။


 
"လေ့ကျင့်မယ့်ပုံစံကတော့ ဖိလစ်ပိုင်ကျွန်းစုတွေကို ပြည်ပကျူးကျော်သူရန်က ကာကွယ်မယ့်ပုံစံ လေ့ကျင့် ကြမှာပါ" ဟု ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Romeo Brawner က ဖွင့်ပွဲ အခမ်းအနားအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


 
"နှစ်နိုင်ငံ ကြည်းတပ်အချင်းချင်း လေ့ကျင့်တာဆိုတော့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ကမ်းရိုးတန်း ကာကွယ်ရေး စတာတွေ လေ့ကျင့်သွားဖို့ရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


စစ်ရေးလေ့ကျင့်မှုအများစုကို ဖိလစ်ပိုင်၏ အကြီးဆုံးစစ်စခန်း Fort Magsaysay ခံတပ်စခန်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါခံတပ်စခန်းသည် အမေရိကန်က ဖိလစ်ပိုင်နှင့် ချုပ်ဆိုထားသည့် တိုးမြှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) အရ အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်ခွင့် ရှိသည့် နေရာငါးနေရာမှ တစ်ခုအပါအဝင်ဖြစ်သည်။

 
စာချုပ်အရ အမေရိကန်သည် အဆိုပါစစ်စခန်းများကို ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်များ ကြိုတင် နေရာချထားခြင်း၊ လေယာဉ်ပြေးလမ်းများ၊ လောင်စာသိုလှောင်ရုံများ၊ စစ်တပ်အိမ်ရာများ တည်ဆောက်ရန် အသုံးပြုနိုင်သည်။ သို့သော် အမြဲတမ်းနေထိုင်ခွင့် မရှိပေ။


အဆိုပါ စာချုပ်အား "ဖိလစ်ပိုင်နှင့် စစ်မဟာမိတ်ဖွဲ့၍ တရုတ်ကို ဝိုင်းရံထိန်းချုပ်လိုသော အမေရိကန်၏ ကြိုးပမ်းမှု တစိတ်တပိုင်း" ဖြစ်ကြောင်း တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။


Source/ပုံ – CNA

Burma Associated Press

ဖိလစ်ပိုင်
အမေရိကန်
စစ်ရေးလေ့ကျင့်မှု
တရုတ်

Share With
bap-logo